Sunday, January 15, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ငါတို့အဓိဌာန်


Print PDF

အောင်ဆန်းစုကြည်
ဗမာပြည်မှာ၊ အာဇာနည်မျိုး
ဒို့အားကိုးသူ၊ ဒို့ယုံသူ
ပြည်သူချစ်တဲ့ ဒို့ခေါင်းဆောင်။




ဒို့ခေါင်းဆောင်ကို
ဗြောင်လဲတမျိုး
ခိုးကြောင်ခိုးဝှက်တဖုံ
ဖျက်နည်းစုံနဲ့ ဂဠုန်စောလမ်းစဉ်
သန်း၊ အေး၊ ခင်တို့ နေ့စဉ်လုပ်ကြံနေပါပြီ။

"မှောင်ကျသောကြာ" တဲ့
ကမ္ဘာရိုင်းအောင်၊ ဗမာသမိုင်းကို
အရိုင်းဆုံးမင်၊ မယဉ်ဆုံးကလောင်နဲ့
အမှောင်စာမျက်နာ၊ ဖွင့်လိုက်ပါသကော။

လုပ်ကြံသူက၊ စစ်အစိုးရ
ဒုက္ခရောက်သူ ဒို့စုကြည်
ဒီအထဲက" အာဃာတမထားပါ "
လုပ်ကြံသူကကြေညာသတဲ့။

မဟာအံ့ဖွယ်
ငဖယ်လန်က ပြောင်းပြန်
လုပ်ကြံသူက သည်းခံသတဲ့
သည်းမခံရင် ဘာကြံအုံးမယ်မသိတော့။

မလုံခြုံအောင်၊ လုပ်ဆောင်သူက
လုံခြုံရေးကို အကြောင်းပြပြီး
" ခေတ္တယာယီ ထိန်းသိမ်းသည် " တဲ့
ယာယီ ရီစရာ
ပလီအညာတွေ ကမ္ဘာသိပြီ။

ယာယီမှာ နာရီမရှိ
တနာရီ၊ နှစ်နာရီ ၊သုံးနာရီလား
တရက် နှစ်ရက်၊ သုံးလေးရက်လား
ပြက္ခဒိန် မလှန်
တသက်လိမ်တဲ့ မနက်ဖန်။

ယာယီ ယာယီနဲ့
တာရှည်ဖမ်းပြီး၊ တာရှည်မလွှတ်တာ
ဝဋ်ကြမ္မာကို၊ ဗမာပြည်သား
ခံစားနစ်နာ၊ နှစ် လ ကြာပြီ
စစ်အာဏာရှင် သမိုင်းအစဉ်
သူ့ကြွေးတင် ပြန်ဆပ်ဖို့သာပြင်။

ညမှာ လူသတ်ထွက်၊ မနက်မှာအာပတ်ဖြေ
အလှူရေစက် " လက်နက် " မကွာ
ကမ်းခြေမှာ အပန်းဖြေဖို့
သန်းရွှေသွားပြီ
အသားဆူဆူ၊ ခါးပူပူ အနားယူရာမှာ
အာဃာတ မထား၊ ဆာသမျှစား
ဘာက မအားလို့၊ ဘာကနားတယ် မကြေညာ။
" ရွှေ " ဟာ " စိန် " နောက်လမ်းဖောက်ပြီ။

"မကောင်းမှုဆောင်၊ ကောင်းမှုရှောင်
ညစ်အောင်စိတ်ကိုထား "
တရားတော်ပြောင်းပြန်ကျင့်
နေမြင့်လေလေ၊ အရူးရင့်လေ။

အမှားအယူ၊ မတရားသူဟာ
အမှားမူကို၊ လူမသိအောင်
ဟန်မဆောင်နိုင်
ဟန်ဆောင်နိုင်မလား၊ ဇွတ်ကြိုးစားပြီး
မင်းသားခေါင်းကို ဆောင်းမည်ကြံတုန်း
အကုသိုလ်တုံး၊ ခေါင်းလေးလုံးဟာ
တလုံးတောင်မှ ဖုံးမရ
မဖုံးမီကလွတ်လို့ကျ။

ငြိမ်းချမ်းရေးနဲ့  ဖွံ့ဖြိုးရေးကောင်စီ
အက်စ်ပီဒီစီတဲ့
အမည်ခံပြီးနောက်
ငြိမ်းချမ်းရေးလဲ ပျောက်ဆုံး
ဖွံ့ဖြိုးရေးလဲ နောက်ဆုံး
ဆွေးနွေးဖို့လဲ အကြောက်ဆုံးမို့
သဘောက်ထုံးစံ
အကောက်ဆုံးအကြံနဲ့၊ ရန်လိုရမ်းကား
လူသတ်သမားကို၊ ဟန့်တားတွန်းလှန်
ဇွဲမာန်မချ အံတုကြစို့။

နိုဘယ်ဆုရှင်ကို ထောင်သွင်း
တောတွင်း ဆင်ကိုပလ္လင်ပေါ်တင်
အမြင်မတော် ဆင်တော်နဲ့ ယတြာချေတော့
ဗမာတွေကံဆိုး၊ ကြံရိုးကိုဆင်ဝါးသလို
ပြားပြီးသား ဘမ်းဟာ ပြားစရာမကျန်လဲ
ဆင်နင်းတာ မခံလိုပြီ။

ဓားလှံ လေးမြှား၊ စွဲကိုင်မထား
မိန်းမသား။
သပြေပန်းနဲ့ ရေချမ်းအိုးသာ
အားကိုးရှာတဲ့ မိန်းမသား။
ပြည်သူ့မေတ္တာ၊ သစ္စာကိုသာ
အားကိုးရှာတဲ့ မိန်းမသား။
ဒီမိန်းမသားကို
ဘာများကြောက်လန့်နေပါသလဲ။

အို...ဗိုလ်ချုပ်အပေါင်း၊ " သရဲခေါင်း " တို့
မကြောက်တတ်ရင်၊ နောက်ထပ်မဖမ်းဘဲ
ဆွေးနွေးပွဲခွင် ဝင်ရဲပါ။
မျက်နှာချင်းဆိုင် ထိုင်ရဲပါ။
သေနတ်မကိုင် ပြိုင်ရဲပါ။

ဒေါ်စုလက်မှာ ဘာမှမရှိ
ငါတို့လက်မှာ ဘာမှမရှိ
ဒို့မှာရှိတာသတ္တိပါပဲ
ဒို့မှာရှိတာ သီလပါပဲ
ပြည်သူ့သီလ ဒို့သီလဟာ
တပါးသာ
" မကောင်းတာကို၊ မကောင်းဘူးလို့
ကောင်းသယောင်ယောင်၊ ဟန်မဆောင်ပဲ
ပြောရဲပါစေ၊ အံတုလေ "  တဲ့
ဒို့မေစုကြည် မှားထားပြီ။

မကောင်းတာကို၊ မကောင်းဘူးလို့
' ဘူး ' တလုံးဆောင်၊ သတ္တိပြောင်သူ။
မကောင်းတာကို၊ ကောင်းသယောင်နဲ့
သေနတ်ကိုထောင်၊ သတ္တိကြောင်သူ။
ဘယ်သူနိုင်ရိုးရှိသလဲ
' သမိုင်း ' ကိုပဲ မေးရဲ မေးလော့
ပေးတဲ့အဖြေ ကြားရဲစေ။

" တော်လှန်ရေးအစ ဘူးတလုံးက " လို့
သီလတခု လက်စွဲပြုစို့။
ဒေါ်စုနောက်က လိုက်ပါကြစို့။
ဒေါ်စုဘေးက ဝန်းရံကြစို့။
ဒေါ်စုရှေ့က ရပ်တည်ကြစို့။
ဗိုလ်ချုပ်တစု၊ မကောင်းမှုတွေ
ကုဋာ ကုဋေကို
ဗမာတပြေလုံး ဟန့်တားစို့။
ကမ္ဘာတမြေလုံး ပြန်ကြားစို့။

ဦးလည်မသုန်၊ ရင်မခုန်ဘဲ
မဖည်မဖောက်၊ နောက်မလှည့်ဘဲ
မြဲမြဲ မြံမြံ အဓိဌာန်နဲ့
' စု ' ညွှန်တဲလမ်း၊ ' ဆန်း ' မျှော်တဲ့ဆီ
ဒို့လှမ်းချီစို့ - အောင်ဆန်းစုကြည် အောင်ရမည်။

ဒီနေ့ ဒေါ်စုမွေးနေ့
မွေးနေ့တရာ၊ ဆုတောင်းပါစို့
အောင်ပွဲတရာ၊ ဆင်နွဲပါစို့
မေတ္တာပို့အံ့ -
ဒို့ရဲ့စုကြည်၊ အသက်ရှည်လျက်
ဗမာပြည်ကို၊ ဇာနည်ထုံးနဲ့
ဆုံးခန်းတိုင်အောင်
ရှေ့ဆောင် ကယ်တင်နိုင်စေသော်။

မကောင်းမမှန်၊ ဖောက်ပြန်သူတွေ
မမှန်မတရား၊ ရမ်းကားသူတွေ
လူသတ်အကြမ်းဖက်၊ ရက်စက်သူတွေ
ဒင်းတို့တတွေ
နေဝင်ချိန်မှာ၊ သိပ်မကြာတော့
' သစ္စာ ' ငါထာ ရွတ်ကြပါအံ့
အာဏာ သရဲတွေ
မလွဲမသွေ၊ ပြေးကြစေ။

No comments:

Post a Comment