Sunday, January 29, 2012

*** မဟာဂရုဏာရှင်ဗုဒ္ဓ…

…ပဌမသော် သံဃာငါးပါးမျှသာဖြစ်၏။ ရှင်တထောင်တို့ကို သိမ်းသွင်းမိ၍ ကျွတ်တန်းဝင်လာကြသော အခါတွင်မူ ငါ့သာသနာသည် အခြေခိုင်လာပေပြီ။
…ဂိုဏ်းစွဲ ၀ါဒစွဲ ပြင်းထန်လှသော ရှင်တထောင်တို့ကို အောင်နိုင်လိုက်ခြင်းမှာ  ငါ့သာသနာအတွက် ကြီးစွာသော အောင်မြင်မှု၊ ကြီးစွာ သော အလားအလာတရပ် ဖြစ်ခဲ့သည် မှန်၏။ သို့ရာတွင်


သာသနာ့ရှေ့ရေး အတွက် ဤမျှဖြင့် တင်းတိမ်နေ၍ကား မဖြစ်သေးပေ။
…ဤလောကသည် မှောက်မှားမှု၊ ဖောက်ပြန်မှု မျိုးစုံတို့ဖြင့် အမိုက်တိုက်အတိမျှ ဖြစ်သည် မှန်သော်လည်း လရောင်ကင်းသည့် မှိုင်းမှုန်သော ကောင်းကင်ပြင်၌ အချို့ကြယ်ကလေးများ တလက်လက် ထွက်နေကြ သကဲ့သို့ လမ်းမှန်သို့ ရောက်နိုင်သော သတ္တ၀ါများစွာ ရှိကြပေသေးသည်။
…ထိုသတ္တ၀ါတို့အား လမ်းမှန်သို့ ဦးတည်ပေးရန်မှာ ငါ့တာဝန် ဖြစ်ချေသည်။ သူတို့အား ငါမကယ်လျှင် အဘယ်သူ ကယ်နိုင်စွမ်းပါအံ့နည်း။ ထို့ကြောင့် ထိုကြယ်ကလေးများကို ရှာဖွေ ကယ်ချွတ်ရန် ငါကိုယ်တိုင်၎င်း၊ တပည့်သံဃာတော်တို့ကို၎င်း ကြိုးပမ်းစေခဲ့ရသည်။ သို့ဖြင့် ငါ့သာသနာသည် တစ်နေ့တစ်ခြား စည်ပင် တိုးတက်၍ လာခဲ့ချေသည်။
…သို့ရာတွင် တစ်ဖက်၌ စည်ပင်တိုးတက်လာသည်နှင့်အမျှ စည်ပင်တိုးတက်လာသော သံဃာ့ပရိသတ်ကို စည်းကမ်းတကျ သေသေ ၀ပ်ဝပ် ရှိစေရန် ထိန်းကွပ်ရသော တာဝန်မှာ ငါ့တွင် ပို၍ ကြီးမားလာခဲ့သည်။ ထို့ကြောင့်လည်း အကြောင်းကြုံတိုင်း ၀ိနည်း သိက္ခာပုဒ်များကို ချမှတ် မျဉ်းသားပေးခဲ့ရသည်။
…လူနေမှုစည်းကမ်းစနစ်သည် လွယ်မယောင်နှင့် ခက်ခဲ၏။ ထို့ထက် သံဃာတော်တို့၏ စည်းကမ်းစနစ်မှာ ပို၍ ခက်ခဲသင့်သည်။ ပို၍ သေ၀ပ်သင့်သည်။ ပို၍ တင်းကြပ်သင့်သည်။ ပို၍ သတိရှိသင့်သည်။ အကြောင်းကား ငါ့သာသနာသည် ဒါယကာတို့၏ သဒ္ဓါတရား အပေါ်တွင် အမှီပြု၍ အရှည်ကို ရည်မှန်းရမည်ဖြစ်ရာ ဒါယကာတို့ ကြည်ညိုဖွယ် နှစ်လိုဖွယ်ကို ပို၍ ဆောင်စေရ မည်ဖြစ်သောကြောင့် တည်း။
…ငါ့တပည့် သံဃာတို့သည် နှလုံးကိုယ်နှုတ် ထိန်းချုပ် အပြီးသတ်ပြီးကြသည် မှန်၏။ သို့ရာတွင် ကုသိုလ်မှု၊ အကုသိုလ်မှုဟုပင် မဆိုနိုင်စေကာမူ လူနေမှုစနစ်တွင် အချိုးမကျနိုင်သော အချက်ကလေး များကား  ငါ့တပည့်အချို့တွင် ရှိနေကြသေးသည်။
…မကြာမီကပင် တရားအားထုတ်မှုတည်းဟူသော တဖက်စွန်းသို့ လွန်ကဲနေသောကြောင့် တဖက်တွင် အနေအထိုင် မသန့်ရှင်းလှသော သာရိပုတ္တရာအား သန့်သန့်ရှင်းရှင်း နေထိုင်ရန် သတိပေးစကား ပြောကြားခဲ့ရ သေးသည်။ သာရိပုတ္တရာကဲ့သို့သော ပုဂ္ဂိုလ်အားပင် ဆုံးမဘွယ်ရှိနေသေးလျှင် အခြားသံဃာတို့အဖို့ အဘယ်ဆိုဘွယ် ရှိတော့အံ့နည်း။ ကိုယ်နှုတ်နှလုံး အကင်းမသေကြသေးသော ပုထုဇဉ် ရဟန်းတို့လည်း အများအပြား ရှိချေသေးသည်။
…ထို့ကြောင့် ငါသည် နေ့စဉ်ပြုလုပ်နေကျ ဗုဒ္ဓကိစ္စများတွင် တရားဟောချိန်၌ တပည့်သံဃာတို့အား ဆိုဆုံးမသည့်အပြင် တပည့်သံဃာ တို့ ကျောင်းများသို့ လှည့်လည်ကြည့်ရှုရသည့် တာဝန်တရပ်ကိုလည်း  ထည့်သွင်းခဲ့ရသည်။ ယင်းသို့ လှည့်လည်ကြည့်ရှုရင်း  ယမန်နေ့က ပင် မလျော်သည့် အခြင်းအရာ တရပ်ကို တွေ့ရ၍ ဆုံးမကံမြစ်ခဲ့ရသေးသည်။ သြ၀ါဒ ပေးခဲ့ရသေးသည်။
…ယမန်နေ့ ညနေပိုင်းက လှည့်လည်ကြည့်ရှုရင်း ကျောင်းတကျောင်းရှေ့သို့ရောက်သောအခါ ထိုကျောင်းတွင်းမှ ညည်းတွားသံတခုကို  ကြားရ၏။ ထိုအသံသည် စာပေရွတ်ဖတ်သံမဟုတ်။ ဝေဒနာ တခုကို ခံစားရသူ၏ ညည်းတွားသံမျိုးဖြစ်သည်။
…ငါသည် အကြောင်းကို သိလို၍ ထိုကျောင်းပေါ်သို့ တက်သည်။ ကျောင်းပေါ်တွင် သံဃာတို့နေရာသည်  ဖရိုဖရဲဖြစ်လျက်ရှိ၏။ ထိုကျောင်းနေ သံဃာတို့လည်း  အပြည့်အစုံ မရှိကြ။ အခြားသို့ ရှောင်တိမ်းနေကြဟန် တူသည်။ ရှိနေသော သံဃာများသည် လည်း ညောင်စောင်းတခုမှ ဝေးအောင် ကျောင်းနံရံများသို့ ကပ်နေကြသည်။ ထိုညောင်စောင်းတွင်ကား ရဟန်းတပါးသည် ဝေဒနာ ကပ်ရောက်၍ ထိုဝေဒနာ၏ဒဏ်ကို  အပြင်းအထန် ခံစားနေရရှာဟန်တူသည်။
…ရဟန်းသည် ဝေဒနာကြောင့် ညည်းညူရင်း ညောင်စောင်းတွင် လူးလှိမ့်လျက်ရှိရှာ၏။ ၀မ်းသွန်ထား သောကြောင့် ကျင်ကြီးကျင်ငယ် တို့သည် ထိုရဟန်းကိုယ်နှင့် သင်္ကန်းတို့တွင် အလိမ်းလိမ်းကပ်ငြိ ပေရေလျက် ရှိကြသည်။ ထိုဝေဒနာရှင်အနီးတွင် ပြုစုမည့်သူဟူ၍ တဦးမျှမရှိ။ သီတင်းသုံးဖော်တို့သည် ရှောင်ရှား နေကြသည်။ နေရက်ကြပါဘိ…။
…ငါသည် ဝေဒနာရှင် ရဟန်းအနီးတွင် ရပ်လိုက်သည်။ ရဟန်းသည် ဝေဒနာပြင်းပြလှ၍ ငါလာသည်ကို သိဟန်မတူ။ လူးလှိမ့်ညည်းညူ လျက်သာ ရှိရှာသည်။
…ငါသည် ဝေဒနာရှင် ရဟန်း၏ နဖူးကို လက်ဖြင့်အသာဖိ၍ စမ်းသပ်ကြည့်လိုက်၏။ ငါ့လက်နှင့် ထိမိသောအခါ ရဟန်းသည် ငြိမ်သက်သွားသည်။ ငါသည် ရဟန်း၏ ဝေဒနာအတိုင်းအရှည်ကို မှန်းဆနိုင်သည်။ သင့်တင့်အောင် ပြုစုပေးလျှင် ရဟန်းသည် ဤဝေဒနာမှ ထမြောက် ပျောက်ကင်းရမည် မုချ။
…ကောင်းပြီ…..ဤရဟန်းကို အကြောင်းပြု၍ အချင်းချင်းအပေါ်၌ ကြောင့်ကြမဲ့နေနိုင်လွန်းကြသော အခြား ရဟန်းတို့အား ဆုံးမစကား ပြောကြား ရန် အကြောင်းတခု ဆိုက်ရောက်လာချေပြီ။
…ငါသည် အာနန္ဒာကို လျင်စွာဆင်း၍ ရေအယူခိုင်း၍ ကိုယ်တိုင် ရေလောင်းပေးလျက် ထိုရဟန်းတွင် ကပ်ငြိနေသော အညစ်အကြေး များကို အာနန္ဒာအား ဆေးကြောသန့်စင်ပေးစေသည်။ ထို့နောက် အခြား သင်္ကန်းတခုကို ယူ၍ ဝေဒနာရှင်ရဟန်းအား ထွေး ပတ် ကာ နွေးနွေးထွေးထွေး ရှိစေသည်။
…ရဟန်းသည် ငါကိုယ်တိုင်ပြုစုနေမှန်း သိသောအခါ များစွာအားတက်လာဟန်ဖြင့် မျက်နှာလန်းဆန်းလာသည်ကို တွေ့ရ၏။ ငါသည် ဝေဒနာရှင်ရဟန်းအား ပြုစု၍ ငြိမ်သက်စွာ နေစေပြီးသောအခါ နောက်ထပ် ရေတအိုးကို ထမ်းဆောင်စေပြန်၍ ရဟန်း၏ ညစ်နွမ်းသော သင်္ကန်းတို့ကို စင်ကြယ်အောင် ဖွပ်လျှော် စေပြီးလျှင် ကြိုးတန်းတခု၌ လှန်းသည်။
…ကျောင်းပေါ်သို့ ငါတက်လာစဉ်ကပင် အတူနေ ရဟန်းတို့သည် မိမိတို့၏ ချို့ယွင်းမှုကို သိသောကြောင့် မလုံသောမျက်နှာ၊ အောက်သို့ ချအပ်သောမျက်နှာတို့ဖြင့် ငြိမ်ဝပ်စွာ ရှိကြသည်။ ချို့ယွင်းမှုရှိသောသူတို့၌ မျက်နှာမလုံမလဲဖြစ်ရခြင်းမှာ ဓမ္မတာပင် မဟုတ်ပါလော။
…ငါကိုယ်တိုင် ကြပ်မတ် ကြိုးပမ်းပြုစုသည်ကို မြင်ရသောအခါ၌မူ ရဟန်းတို့သည် အားတုံ့အားနာများစွာ ဖြစ်ကြဟန်ဖြင့် အနီးအနားသို့ ချဉ်းကပ် ၀ိုင်းအုံလာကြသည်။ မနေနိုင်သော ရဟန်းအချို့ကမူ ချအပ်သော မျက်နှာဖြင့်ပင် ငါ့အား ၀င်ရောက်ကူညီ၏။
…ဝေဒနာရှင်ရဟန်းသည် ရောဂါမှ ချမ်းသာသည့်အဟန်ဖြင့် ငြိမ်သက်စွာ လဲလျောင်းလျက် ရှိပေပြီ။ ထိုအချိန်တွင်မှ ငါသည်…
“ရဟန်းတို့”  ဟု ပဌမဆုံး အာလုတ်စကားကို ပြောကြားလိုက်သည်။
…ရဟန်းတို့သည် ငါ့ထံပါးသို့ စုဝေး ရောက်လာကြ၏။ ငါ၏ လုပ်ဆောင်မှုကို စောင့်၍ အကဲခပ်နေကြသော အခြားကျောင်းမှ ရဟန်းများ လည်း တဖွဲဖွဲ ရောက်လာကြသည်။
...“ရဟန်းတို့…သင်တို့သည် မိဘဆွေမျိုး သံယောဇဉ်ကြိုးတို့ကို ဖြတ်တောက်၍ သာသနာ့အဖွဲ့အစည်းသို့  ၀င်ရောက်လာကြကုန်သည်။ သာသနာ့ဘောင်အတွင်း၌ သင်တို့အချင်းချင်းမျှ ယိုင်းပင်းအားထားမှုမရှိလျှင် အဘယ်သူကို အားထားကြမည်နည်း။ အကြောင်းကိစ္စရှိ၍ သီတင်းသုံးဖော် သင်တို့အချင်းချင်းမှ မကြည့်ရှုလျှင် အဘယ်သူလာ၍ ကြည့်ရှုမည်နည်း။ သင်တို့အဖို့ အချင်းချင်းသာလျှင် အားထားရာရှိချေသည်။ ထို့ကြောင့် ဘ၀တူ သီတင်းသုံးဖော်ချင်းတို့သည်  နာမကျန်းရှိသည့်အခါ၌ ငါဘုရားကို ပြုစုမည့်အစား မကျန်းမမာသူကိုသာ ပြုစုကြ” ...ဟု သြ၀ါဒ ပေးလိုက်ရ၏။
…ထိုအဖြစ် ထိုသြ၀ါဒ အချက်ကြောင့် သံယာ့ပရိသတ် တခုလုံးသည် ဓမ္မသံဝေဂရကြသည့်အနေဖြင့် များစွာ ငြိမ်ဝပ်တိတ်ဆိတ်လျက် ရှိသွားသည်။
…ထိုအချိန်တွင် ညချမ်းပိုင်းသို့ ရောက်ရှိပြီဖြစ်ရာ မြို့တွင်းမှ ဒါယကာ ဒါယိကာမ ပရိသတ်တို့သည် တရားနာရန် အတွက် ဆီမီးဖယောင်းတိုင် ကိုယ်စီဖြင့် ကျောင်းတွင်းသို့ ၀င်ရောက်လာကြလေပြီ…။       ။

No comments:

Post a Comment