Wednesday, March 21, 2012

မေတ္တာ မရှိခင်၊ သစ္စာသိမြင်နိုင်သလား

စကားဦးနိဒါန်း သစ္စာစကား
ဗုဒ္ဓဘုရားရှင် ထုတ်ဖော် ဟောကြားတော်မူခဲ့သော သစ္စာလေးပါး မြတ်တရားကို လက်တွေ့ ကျင့်သုံးပြီး ကိုယ်တိုင်သိရန်မှာ အရေးအကြီးဆုံး လိုအပ် ချက်ဖြစ်ပါသည်။ သစ္စာ မသိက ဖြစ်တာလည်း မသိနိုင်ပါ။ ဖြစ်တာကို မသိပါက ပျက်တာကိုလည်း သိလိမ့်မည် မဟုတ်ပါ။ ဖြစ်ပျက် မမြင်လျင် အသစ် စက်စက်ဟု အရာရာတိုင်းကို ထင်မြင်တတ်ခြင်း အမှတ်မှား (သညာဝိပလ္လာသ)၀င်လာတတ်ပါသည်။ ဤကဲ့သို့  ဖြစ်ရခြင်းမှာ သစ္စာလေးပါးကို စနစ် တစ်ကျ မကျင့်သုံးနိုင်သောကြောင့်ဟု ဗုဒ္ဓ၀ါဒတွင် ဟောကြားထားပါသည်။ သစ္စာလေးပါးကို ကိုယ်တိုင်မသိလျင်လည်း ဘ၀ပြဿနာအဖြေရှာရာတွင် နှောင့်နှေး ကြံ့ကြာတတ်ပါသည်။


ဘ၀ပြဿနာ ဟူသည် မွေး-အို-နာ-သေ-ဝေး-နီး နှင့် ခုံမင် တမ်းတ စွဲလန်းရသည့် အာရုံ ခံစားချက်များ ဖြစ်ကြပါသည်။
ဝေး-ဟူသောစကားသည် နှစ်သက်မြတ်နိုးဖွယ်ဟု ထင်မြင်ရသော သက်ရှိ-သက်မဲ့  အရာများနှင့် ဝေးကွာ နောကြရခြင်းကို ဆိုလိုပါသည်။ ထို နှစ်သက် မြတ်နိုးဖွယ်ရာများနှင့် မဝေးချင်ဘဲ ဝေးနေကြရသူ၊ မခွဲခြင်ဘဲ ခွဲနေကြရသူ၊ မကွဲချင်ဘဲ ကွဲနေကြရသူ သာမန် သက်ရှိ သတ္တ၀ါတိုင်းတွင် ဒုက္ခ-ဟူသော ကိုယ် ဆင်းရဲခြင်း၊ စိတ် ဆင်းရဲခြင်း ခံစားချက်တို့ စဉ်ဆက်ပြတ် ဖြစ်ပေါ် လာတတ်ပါသည်။ ဤသဘောတရားကို ဘ၀ပြဿနာ သို့ မဟုတ် ဒုက္ခဟု ဗုဒ္ဓ၀ါဒက အတိအလင်း ဖွင့်ဆိုပါသည်။
နီး-ဟူသော စကားမှာ နှစ်သက် မြတ်နိုးဖွယ်ဟု ထင်မြင်ရသော သက်ရှိ-သက်မဲ့  အရာများနှင့် မတွေ့ -မကြုံ-မဆုံချင်ပါဘဲ တွေ-ကြုံ-ဆုံနေကြရခြင်းကို ဆိုလိုပါသည်။ တစ်နည်း အားဖြင့် တစ်မြေတည်းမှာ အနေနီး နေကြရခြင်း၊ မတည့် အတူနေကြရခြင်း၊ မတူ-အတူ နေကြရခြင်းပင် ဖြစ်ပါသည်။ ဤ သဘော တရားများကိုလည်း ဗုဒ္ဓ၀ါဒက ဒုက္ခဟုပင် ရှု မြင်ပါသည်။
နှောင့်နှေးကြံ့ ကြာ ဟူသော စကားရပ်သည် မွေး-အို-နာ-သေ-ဝေး-နီး စသော ဘ၀ပြဿနာများအတွက် အဖြေမှန်ကို မတွေ့နိုင်ဘဲ အချိန် ကြာမြင့် နေခြင်း၊ နောက်ကျနေခြင်း၊ သို့မဟုတ် သံသရာ ရှည်နေရခြင်းကို ဆိုလိုပါသည်။
လျှာက်လှမ်းရမည့် သစ္စာလမ်းမအဖြေရှာ-ဟု ဆိုရာတွင် မွေး-အို-နာ-သေ-ဝေး-နီး-စွဲလန်း တမ်းတ စသော ဘ၀ပြဿနာများကို ဖြေရှင်းရန် နည်းလမ်း သို့ မဟုတ် ကျင့်စဉ်ကို ရှာဖွေ ခြင်းဖြစ် ပါသည်။ အဖြေမှန်ကား အခြားမဟုတ်၊ ရှစ်ပါးမဂ္ဂင် အမြတ်လမ်းစဉ်ပင်ဖြစ်ပါသည်။ ဤကျင့်စဉ်ကို အလယ် အလတ် လမ်းစဥ၊် သို့  မဟုတ်၊ မဇ္ဈိမ ပဋိပဒါဟုလည်း ခေါ်နိုင်ပါသည်။ ဤအလယ် အလတ် လမ်းစဉ်တွင်- ၁။ အယူမှန်၊ ကိုးကွယ်ရာမှန်ခြင်း၊ ၂။ အကြံအစည် မှန်ခြင်း ၃။ အပြောမှန်ခြင်း၊ ၄။ အလုပ်ကိစ္စ မှန်ခြင်း၊ ၅။ ၀မ်း စာ ရှာဖွေမှု မှန်ခြင်း ၆။ ကြိုးစားပုံ မှန်ခြင်း ၇။ သတိထားပုံ မှန်ခြင်း နှင့် ၈။ တည်ငြိမ်ပုံ မှန်ခြင်းဟူသော ထပ်တူထပ်မျှ အရေးကြီးသည့် စံနှုံး ရှစ်မျိုး ပါဝင်နေပါသည်။
ဤ "စံ" ရှစ်မျိုးတွင် တစ်ခုခု လွဲချော်နေပါက သစ္စာတရားနှင့် ဝေးကွာနေပါလိမ့်မည်။ သာဓကကို ပြဆိုရလျင်၊ သာမန်လူသား၊ လောကသားများ၏ သည်းခြေ ကြိုက်ဖြစ်သော စည်းစိမ် အားလုံးကို ၊ စွန့့်ခွာသွားခဲ့သည့် တောကြီးမျက်မည်းထဲမှ၊ သိဒ္ဓတ္ထ ဘုရားလောင်း၏ နောက်ဆုံးဘ၀ ခြောက်နှစ်တာကာလ ကိုယ်တွေ့ ဖြစ်ရပ်များ သည် အကောင်းဆုံး၊ အခိုင်လုံဆုံးသော အထောက် အထားများပင် ဖြစ်ပါသည်။ ဗုဒ္ဓဘုရားအဖြစ်ကို သေချာပေါက် ရောက်ရှိတော့မည့် ပါရမီရှင် သိဒ္ဓတ္ထ ဘုရား လောင်း၏ ဘ၀တွင် "စားကား စား၏၊ မ၀။ သွားကား သွား၏ မရောက်။ ကျင့်ကား ကျင့်၏၊ မပေါက်" ဆိုသကဲ့သို့  အကျင့်သာ စုံသော်လည်း၊ အနစ်နာကြီး နစ်နာနေ ခဲ့ရဖူးသည်။ အချိန်သာ ကုန်သော်လည်း ကုန်ရကျိုး မနပ်သကဲ့သို့ ဖြစ်ခဲ့ရဖူးသည်။ အဘယ့်ကြောင့် ဤကဲ့သို့  ဖြစ်ခဲ့ရပါသနည်း။
 မေတ္တာ အခြေခံ ၊သစ္စာ အဖြေမှန်အထက်ပါ မေးခွန်းကို မေတ္တာတရားတော်အရ မေတ္တာထားပုံ၊ မေတ္တာပွားပုံ ရှုထောင့်မှ ဖြေကြည့်နိုင်လျင် သမထ၊ ၀ိပဿနာ တရားများကို ကျင့်ကြံ၊ ပွားများ၊ ကြိုးစား အားထုတ်နေကြသော ယနေ့ ခေတ် ယောဂီများအတွက် စဉ်းစားစရာများ၊ ပြုပြင်စရာများကိုလည်း တွေ့ မြင်လာနိုင်မည် ဖြစ်သလို၊ ဘ၀ သင်္ခန်းစာ၊ ဓမ္မသံ ဝေဂ ယူစရာများကို ပေးသွားခဲ့သော ဂေါတမ ဗုဒ္ဓဘုရားရှင်အား သိဒ္ဓတ္ထ ဘုရားလောင်း ဘ၀မှာပင်၊ ပါရမီရှင်အဖြစ်နှင့် ကြည်ညိုနှစ်ခြိုက်၊ ဦးခိုက် ပူဇော် ခံယူထိုက်ပုံများကို တွေ့ မြင်နိုင်ကြပါမည်။
ဗုဒ္ဓ၀ါဒအရ မေတ္တာတရားတော်၏ အဓိပ္ပါယ်ကို ဤသို့  စ တင် ဖွင့်ဆိုပါသည်။ 
"အဟံ အ ဝေရော ဟောမိ (ငါသည် ရန်ဘယာဘေး ဝေးရပါလို၏=May I be free from enmity and danger!)၊ 
အဟံ အ ဗျာပဇ္ဇော ဟောမိ(ငါသည် စိတ်ဆင်းရဲခြင်း ကင်းရပါလို၏=May I be free from mental suffering!)၊
အ နီဃော ဟောမိ (ငါသည် ကိုယ်ဆင်းရဲခြင်း ကင်းရပါလို၏=May I be free from physical suffering!)၊
အဟံ သုခီ အတ္တာနံ ပရိဟရာမိ (ငါသည် ငါ၏ ခန္ဓာကိုယ် တာဝန်ကို ချမ်းချမ်းသာသာ ထမ်းဆောင်နိုင်ရပါလို၏=May I take care of myself happily!).
မေတ္တသုတ်တွင်လည်း ဤကဲ့သို့  ဟောကြားထားသည်ကို တွေ့ ရှိပါသည်။
"န ပရော ပရံ နိကုဗ္ဗေထ= Let none deceive another, or လှည့်စားလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ...
နာတိ မညေထ ကတ္ထစိ န ကဉ္စိ=despise any person in any place. အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ...
ဗျာရောသနာ ပဋိဃသည=With insult or ill-will, နှိပ်စက်လိုခြင်း
နာညမညဿ ဒုက္ခ မိစ္ဆေယျ=Let him not wish any harm to another." အချင်းချင်း ကင်းရှင်းကြပါစေ...
သိဒ္ဓတ္ထ ဘုရားလောင်းသည် အစား အသောက်ကို တဖြည်းဖြည်း လျှော့ချ၍ လုံးဝ မစားတော့သည် အထိ ကျင့်ခဲ့၏။ အိပ်စက် နားနေ ခြင်းကိုလည်း လျှော့ချခဲ့၏။ မအိပ်ဘဲ၊ မစားဘဲလည်း နေခဲ့၏။ သူ့ ခေတ်သူ့ အခါအရ လူသိများခဲ့သော အကျင့်ပေါင်းစုံကိုလည်း ကျင့်ခဲ့၏။ ဥပမာအားဖြင့် နေပူပြင်မှာ အိပ်ခြင်း၊ အေးစက်လွန်းသည့် ရေထဲကို ငုတ်ဆင်း၍ ရေချိုးခြင်း၊ ဆူး မွေ့ ရာမှာ နားနေ အိပ်စက်ခြင်း စသည့် အကျင့်များကို စုံလင်အောင် ကျင့်ခဲ့ဖူး၏။ မဇ္ဈိမ ပဋိပဒါ လမ်းစဉ်ကို တွေ့ ရှိပြီးနောက်တွင် ယခင်က ကျင့်သုံးခဲ့သော အကျင့်များသည် မိမိကိုယ်ကို အလိုလိုက်ခြင်း နှင့် မိမိကိုယ်ကို နှိပ်စက်နေခြင်းများသာ ဖြစ်ကြောင်း ရှင်းလင်းဟောကြားခဲ့ပါသည်။ နန်းတော်ထဲတွင် နေခဲ့စဉ်က ဘ၀သည် မိမိကိုယ်ကို အလိုလိုက်ခြင်း (ကာမ သုခလ္လိကာနုယောဂ)လမ်းစဉ်နှင့် ထင်ထင်ရှားရှား ဆက်နွယ်နေခဲ့၏။ တောထွက်၍ ခြောက်နှစ်တာကာလ တရားရှာမှီးနေချိန်တွင်မူ မိမိကိုယ်ကို နှိပ်စက်ခြင်း (အတ္တ ကိလ မထာနုယောဂ)လမ်းစဉ်အောက်တွင် ရောက်နေပြန်၏။ ထို့ ကြောင့် မေတ္တာ တရားတော်လာ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း ကင်းဝေးရန်နှင့်၊ မိမိ ကိုယ်ကို ချမ်းသာစွာ ကျင့်ဆောင် နေထိုင်ရန်ဟူသော ရည်ရွယ်ချက်များသည် တစ်ခုသော အချိန် အတိုင်းအတာအထိ ပျောက်ကွယ်နေခဲ့ဖူး၏။ သိဒ္ဓတ္ထ ဘုရားလောင်းသည် ငြိမ်းချမ်းရေးအတွက် တရားဓမ္မရှာမှီးရာတွင် မည့်သူ့ ကိုမှ အထင် မသေးခဲ့ပါ။ သို့ သော် သူ့ ဆရာသမားများ အပေါ်တွင် ရိုးသားစွာ အထင်ကြီးခဲ့ပါသည်။ ထို့ ကြောင့်လည်း ဆရာသမားများ၏ ညွှန်ကြားသမျှ လိုက်နာ၊ကျင့်သုံးခဲ့ပါသည်။ သိဒ္ဓတ္ထ ဘုရားလောင်း မျှော်မှန်းထားသည့် ဗုဒ္ဓ အဖြစ်ကို ရောက်သည်အထိကား သူ့ ဆရာသများများက မညွှန်ကြား၊ မသင်ကြား နိုင်ခဲ့ကြပါ။ သူတို့ ထံတွင် ဘုရားဖြစ်နည်း မရှိသောကြောင့်ဖြစ်ပါသည်။ ထို့ ကြောင့်လည်း ဗုဒ္ဓဘုရားရှင်က "န မေ အာစရိယော အတ္ထိ"(ငါ့မှာ ဆရာ မရှိဘူး=ငါ ဘုရားဖြစ်လာတာ ဘယ်သူ့  အကူအညီမှ မပါဘဲ ငါကိုယ်တိုင် ရှာဖွေ တွေ့ ရှိခဲ့တဲ့  မဇ္ဈိမ ပဋိပဒါ နည်းနဲ့  ဘုရားဖြစ်လာတာ)ဟု ဥပက ပရဗိုဇ်၏ အမေးကို ဖြေခဲ့ခြင်းဖြစ်ပါသည်။ မိမိကိုယ်ကို မေတ္တာထားရှိခြင်းဟူသော အကျိုးစီးပွားနှင့် ဆက်စပ်မိသည့် အချိန်တွင် သိဒ္ဓတ္ထ ဘုရားလောင်းသည် ယခင်ကနှင့်မတူတော့ပါ။ အစားအသောက်ကို ပုံမှန် ပြန်လည်၍ မှီဝဲခဲ့၏။ အာဟာရ မျှတလာခဲ့၏။ ကျန်းမာ ပြည့်ဖြိုးလာခဲ့၏။ တရားဘာဝနာ အလုပ်ကို အစွန်းလွတ်အောင် ကျင့်သုံး လုပ်ဆောင်လာခဲ့၏။ မိမိကိုယ်ကို မေတ္တာအခြေခံဖြင့် ပြည်လည် တည်ဆောက်ခဲ့သဖြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာဖြင့် သစ္စာလမ်းမပေါ်သို့  လျှောက်လှမ်းနိုင်ခဲ့ပြီး၊ ဗုဒ္ဓ ဘုရားအဖြစ်သို့  ရောက်ရှိခဲ့၏။ သစ္စာလေးပါး မြတ်တရားကိုလည်း လောက ကောင်းကျိုးအတွက် ဟောကြားထားတော်မူခဲ့၏။
ယောဂီ တို့  ပွားများစရာ မေတ္တသုတ် ဒေသနာ 
အထက်တွင် ဆိုခဲ့ပြီးသော အကြောင်းအရာများတွင် သမထ၊ ၀ိပဿနာတရား ပွားများ အားထုတ်နေကြသည့် ယနေ့ ခေတ် ယောဂီသူတော်စင်များ အထူးသတိထားရမည့် အချက်များလည်း ပါဝင်နေပါသည်။ မေတ္တာ ဒေသနာတော်အရ ယောဂီ (ရဟန်းယောဂီ၊ လူ ယောဂီ)များသည် မိမိကိုယ်ကို အထင်ကြီးခြင်း (အဓိမာန) (အတ္တုကံ္ကသန)နှင့် အခြားသော ယောဂီများကို အထင်သေးခြင်း (ပရ၀မ္ဘန) များ မဖြစ်မိစေရန် သတိပြုသင့်ကြပါသည်။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ...ဟူသော မေတ္တာ ဒေသနာတော်အရ တရားရှာမှီးသူ ယောဂီအချင်းချင်း မည်သည့် တရားရိပ်သာက ယောဂီကိုမှ အထင်မသေးကောင်း၊ အထင်မသေးသင့်ပါ။ တစ်ဖက်သားကို အထင်သေးနေသမျှ တရားထူးမရနိုင်ဟု ဆိုက ဆိုနိုင်ကောင်း မည်ထင်ပါသည်။ ဤအချက်ကို ကောင်းစွာ အထူးသတိပြုရန်ပင် ဖြစ်ပါသည်။ ယောဂီ တစ်ယောက်အနေဖြင့် သမာသမတ်ကျသော ဆရာသမားကို အထင်ကြီးခြင်းသည် လေးစားခြင်း အဓိပ္ပါယ်ကို ဆောင်နိုင်သော်လည်း၊ မိမိကိုယ်ကို အထင်ကြီးခြင်းသည် အစွန်းတရားဖက်သို့  ရောက်ရှိသွားတတ်ပါသည်။ ထို့ ကြောင့် မေတ္တာသုတ်လာ အခြေခံ စည်းကမ်းများကို စနစ်တကျ လေ့လာထားသင့်ပါသည်။
မေတ္တာ အခြခံ စည်းကမ်းများမှာ-
၁။ မေတ္တာတရာ ပွားနိုင်စွမ်းသူ ဖြစ်ရမည်
၂။ ဖြောင့်မတ် ရမည်
၃။ အထူး ဖြောင့်မတ်ရမည်
၎။ အဆုံးအမကို နားထောင် လိုက်နာတတ်သူ ဖြစ်ရမည်
၅။ သိမ်မွေ့  ညင်သာသူ ဖြစ်ရမည်
၆။ မာန မကြီးသူ ဖြစ်ရမည် ၇။ ကျေနပ်လွယ်သူ၊ ရောင့်ရဲလွယ်သူ ဖြစ်ရမည်
၈။ ပြုစုရ၊ လွယ်ကူသူ၊ ဇီဇာ မကြောင်သူ ဖြစ်ရမည်
၉။ အခြားကိစ္စ နည်းပါးသူ ဖြစ်ရမည်
၁၀။ ၀န်ထုပ် ၀န်ပိုး မဖြစ်သူ၊ တဖက်သားကို တာဝန်မကြီးစေသူ ဖြစ်ရမည်
၁၁။ ဂုဏ်သိက္ခာကို စောင်းထိန်းသူ ဖြစ်ရမည်
၁၂။ ရင့်ကျက်သူ ဖြစ်ရမည်
၁၃။ အသင်းအပင်း၊ အပေါင်းအသင်း၊ မိသားစု အပေါ် တပ်မက်တွယ်တာခြင်း ကင်းရမည်
၁၄။ ပညာရှင်များကဲ့ရဲ့ မည့် အလုပ်ကို ရှောင်ရမည်
၁၅။ လှည့်စားခြင်း ကင်းရမည်
၁၆။ အထင်းသေးခြင်း အချင်းချင်း ကင်းရှင်းနေရမည်
၁၇။ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းနေရမည်
ဤအချက်များသည် သစ္စာလမ်းမကြီးအတွက် လိုအပ်သော အုတ်မြစ်များဖြစ်ကြပါသည်။ ထို့ ကြောင့် မေတ္တာ အခြေခံ ရှိပြီးမှသာ သစ္စာ အဖြေမှန်ကို ရရှိပါလိမ့်မည်။ မေတ္တာပါသော လမ်းခရီးသည်သာ သစ္စာတရားနှင့် ထို သစ္စာတရားကပေးသော ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ခြင်း အရသာ (၀ိမုတ္တိရသ)ကို ပေးနိုင်ပါသည်။
မေတ္တာစွမ်းအားနှင့် စည်းလုံးညီညွတ်ရေးအနောက်နိုင်ငံများတွင် ရောက်ရှိနေကြသည့် မြန်မာအများစုသည် မိမိတို့ ရောက်လေရာ မြို့ ၊ နယ်ပယ်၊ ဒေသတိုင်းလိုလိုတွင် အမျိုး၊ ဘာသာ၊ သာသနာ အတွက် အားတက်သရော ဆောင်ရွက်ကြပါသည်။ အလှူပွဲတိုင်းတွင်လည်း မြန်မာအများ လာရောက်စုပေါင်း၍ တတ်အားသမျှ အလှူဒါန ပြုကြပါသည်။ ဒါန အရာတွင် လက်မနှေးသော အာဂမြန်မာများပင်ဖြစ်ကြပါသည်။ ကာယကံ မေတ္တာ အားကောင်းသည်ဟု ဆိုရမည်ထင်ပါသည်။ အကောင်းတွေချည်း ဖြစ်နေသည်တော့လည်း မဟုတ်ပါ။ သို့ သော် မြန်မာ အများစု၏ အားနည်းချက်မှာ ၀စီကံ မေတ္တာတရား မထားတတ်ကြခြင်းပင်ဖြစ်ပါသည်။ အထူးအားဖြင့် စကားပြောရာတွင် အလိုက်မသိ၊ စည်းကမ်း မရှိကြပါ။ ဥပမာအားဖြင့် "ကိုယ်ပိုင် အိမ်နဲ့  နေတာလား၊ အခန်းငှါးပြီး နေတာလား၊ ဒီကားကို ဘယ်တုန်းက ၀ယ်လိုက်တာလဲ၊ အလုပ်က ဘာလဲ၊ ဘာ လုပ်တာလဲ၊ ပိုက်ဆံ ဘယ်လောက်ရသလဲ၊ ဒီကို ဘယ်လို  ရောက်လာတာလဲ၊ ဘယ်သူက ခေါ်တာလဲ၊"စသည်ဖြင့် "လဲ" ပေါင်းများစွာနှင့် "လား"ပေါင်းများစွာသော မေးခွန်းများကို အဆက်မပြတ် ဒလစပ် မေးတတ်ကြခြင်းပင် ဖြစ်ပါသည်။ ထို မေးခွန်းများထဲတွင် ထူးဆန်းစွာပင် ပါ မလာတတ်သည့် မေးခွန်းတစ်ခုမှာ " ဘာများ အကူအညီပေးရဦးမလဲ"ဟူသော စိတ်ပါ လက်ပါ မေးသင့်သည့် မေးခွန်းပင်ဖြစ်ပါသည်။ မမေးသင့်သော မေးခွန်းများတွင် ပုံမှန် အသိ တစ်ယောက်အတွက် ပြဿနာ မဖြစ်နိုင်သော်လည်း ထို အလိုက်မသိ မေးလိုက်သည့် မေခွန်းများသည် အမေးခံရသူကို အနေကျဉ်းကြပ်အောင်၊ စိတ် ကသိကအောက် ဖြစ်အောင်လုပ်လိုက်သကဲ့သို့  ဖြစ်နေပါသည်။ မဖြေချင်လျင်ရသော်လည်း မိမိတို့  ရောက်ရှိနေသော လူ့ အသိုင်းအ၀န်း၏ ယဉ်ကျေးမှု "စံ" အရ မေးသင့်သော မေးခွန်းများ မဟုတ်ကြောင်း သိထားသင့်ပါသည်။ စည်းလုံးညီညွတ်ရေးများ ရသင့်သလောက် မရဘဲ ဖြစ်နေရသည့် အကြောင်းများစွာထဲတွင် ဤကဲ့သို့  အပြောအဆို မဆင်ခြင်မှုများလည်း ပါဝင်နေပါသည်။ ဤစကားမျိုး မေးခွန်းမျိုး အပြောခံရ၊ အမေးခံရသည့် နေရာသည် ဘာသာရေး ကျောင်းဖြစ်နေလျင် အလိုက်မသိ မေးလိုက်သည့် မေးမြန်းသူကို အကြောင်းပြု၍ အမေးခံရသူက ထို ဘာသာရေးကျောင်းကို မလာချင်ဘဲ ဖြစ်သွားတတ်ပါသည်။ အမှန်စင်စစ် အမေးအမြန်းထူသူနှင့်သာ သက်ဆိုင်၍ ဘာသာရေးကျောင်းနှင့် လုံးဝ မဆိုင်ပါ။ ဤ နေရာတွင် အမေးခံရသူ အနေဖြင့် ဘာသာရေးကျောင်းနှင့် ပုဂ္ဂိုလ်ရေး ကိစ္စကို ခွဲခြားနားလည်သင့်ပါသည်။ ဘာသာရေးကျောင်းသည် ပုဂ္ဂိုလ်ရေး ကိစ္စများကြောင့် ကျွဲ နှစ်ကောင်ကြားက မြေစာပင် မဖြစ်စကောင်းပါ။ ဤအပြောမျိုး မေးခွန်းမျိုးကို ရှောင်ကြဉ်နိုင်လျင် မေတ္တာ ၀စီကံလည်း အားကောင်းလာနိုင်ပါသည်။ စည်းလုံးညီညွတ်ရေးအတွက် အားဆေးတစ်ခွက်လည်း ဖြစ်လာပါမည်။
မေတ္တာတရာနှင့် အထင်သေးသည့် စိတ်ထားတစ်ဖက်သားကို အထင်သေးတတ်သည့် စိတ်ထားသည် မေတ္တာတရာ၏ ဆန်ု့ ကျင်ဘက်ဖြစ်ပါသည်။ ပူလောင်ခြင်း ဒေါသကို ဖြစ်စေပါသည်။ ဥပမာအားဖြင့် ဘုန်းကြီးကျောင်းတွင် ဝေယျာဝေစ္စကုသိုလ် ယူနေသူကို သန့် ရှင်းရေး အလုပ်သမား (Janitor/Housekeeper) အဖြစ် မြင်၍ အထင်အမြင်သေးတတ်သည့် စိတ်ဓာတ်ရှိသူများကိုလည်း တွေ့ ရတတ်ပါသည်။ ဝေယျာဝေစ္စ ကုသိုလ်ရှင်အနေဖြင့် "ငါလုပ်နေတာဟာ ကံ နှင့် ကံ၏ အကျိုးတရား ရှူထောင့်ကကြည့်လျင် သူ့  အပြောအဆို၊ သူ့  အမူအရာ၊ သူ့ စိတ်နေ စိတ်ထားထက် အဆင့်မြင်တယ်" ဟူသော နားလည်မှုဖြင့် လုပ်မြဲ အလုပ်ကို ဆက်လုပ်ရန်သာဖြစ်ပါသည်။ ဤကဲ့သို့  စိတ်ထားမျိုးဖြင့် တုန့် ပြန်မှလည်း ဒေါသ အပူမီးကို ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။ ဂရင်းကဒ် မရှိလို့  အထင်သေးခံရခြင်း၊ အမေရိကန်နိုင်ငံသား မဟုတ်လို့  အထင်သေးခံရခြင်း၊ အိမ်ပိုင်ရှင် မဟုတ်လို့  အထင်သေးခံရခြင်း၊ အခန်းငှါးနေရသူဖြစ်လို့  အထင်သေးခံရခြင်း၊ တောလမ်းက ဖြတ်လာသူဖြစ်လို့  အထင်သေးခံရခြင်း၊ ကား အသစ် မစီးနိုင်သူဖြစ်လို့  အထင်သေးခံရခြင်း၊ မဲပေါက်ပြီး ရောက်လာသူ မဟုတ်လို့  အထင်သေးခံရခြင်း စသည့် အထင်သေးခြင်းပေါင်းများစွာသည် မေတ္တာ၏ ဆန့် ကျင်ဘက်ဖြစ်၍ အကုသိုလ်များဖြစ်ကြပါသည်။ အပြစ်လည်းဖြစ်၍၊ မကောင်းကျိုးကိုလည်း ပေးပါသည်။ထို့  ကြောင့် အပြစ်ကင်းစင်ပြီး ကောင်းကျိုးပေးသည့် အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ..ဟူသော မေတ္တာ တရားကို ပထမဦးစွာ ပွားများကြရပါမည်။ ဤနည်းအားဖြင့်သာ မြန်မာတို့ ၏ စည်းလုံး ညီညွတ်ရေးကိုလည်း ဖော်ဆောင်နိုင်ကြပါမည်။

အချုပ်အားဖြင့် ဆိုရပါမူ မေတ္တာတရားသည် သစ္စာသမားတို့ အတွက် ရှေ့ ပြေးလိုအပ်ချက် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မေတ္တာ မရှိခင်၊ သစ္စာ မသိမြင်နိုင်ဟု ဆိုရလိမ့်မည်ထင်ပါသည်။ မေတ္တာ မပွားမီ တရားအားထုတ်သော ရဟန်းများ၏ အခက်အခဲ ဖြစ်ရပ်များကိုလည်း မေတ္တသုတ်တော် နိဒါန်းတွင် ကြည်ညို ပူဇော်နိုင်ကြပါသည်။

အပ္ပမာဒေန သမ္ပာဒေထ
အရှင်

No comments:

Post a Comment