Saturday, March 24, 2012

အမရပူရမှ တန်ဖိုးတက်လာသည့်မြေဧက ၈၀ ကျော်သိမ်းဆည်းရန်စီစဉ်နေ 

 မန္တလေး၊ မတ်လ ၂၃ရက်၊ ၂၀၁၂ ခုနှစ် (YPI)

မန္တလေးတိုင်းဒေသကြီး အမရပူရမြိ့နယ်၊ စည်ပင်ကျေးရွာရှိ KNU ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် ကျေးရွာသားများ ပိုင် လယ်ယာမြေဧက ၈၀ ကျော်ကို များကို စစ်အရာရှိကြီးတချို့နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်တို့က သိမ်းယူရန် စီစဉ်လျှက်ရှိသည်ဟု  ငြိမ်းချမ်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူနှင့် လယ်သမားများက ပြောကြားသည်။

ယင်းလယ်မြေများကို  တပ်မတော်အဆင့်မြင့်အရာရှိတချို့နှင့် တရုတ်အမျိုးသားပိုင် ကုမ္ပဏီများဖြစ်ကြသည့် မန်းမြန်မာ၊ ချန်ဟိန်း၊ နယူးစတားလိုက်၊ ရွှေပြည်သာ ကုမ္ပဏီများပူပေါင်းကာ သိမ်းယူရန်စီစဉ်နေကြောင်း ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် လယ်သမားများ၏ ပြောဆိုချက်အရ သိရသည်။



အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက  မြေပိုင်သူ လယ်သမားများအား ၎င်း၏ နေအိမ်သို့ခေါ်ဆောင်၍ ၎င်း၊ အခြားနယ်သို့ရောက်နေသူများကိုလည်း တကူးတကရှာဖွေကာ လယ်မြေအတွက် လျှော်ကြေး သိန်း (၅၀) အတင်းပေးအပ်ကာ လက်မှတ်ထိုးယူခဲ့သည်ဟု လယ်သမားများက ပြောသည်။

လယ်မြေများကို သိမ်းရသည့် အကြောင်းရင်းအား အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူး၊ မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးစီးမှူးတို့အား မေးမြန်းသော်လည်းပြန်လည်ဖြေကြားခြင်း မရှိပဲ နိုင်ငံတော်မှ သိမ်းဆည်းသည့်  နိုင်ငံတော်ပြန်တမ်း ပြသရန် တောင်းဆိုခဲ့သော်လည်း ရှင်းလင်းပြသနိုင်ခြင်းမရှိဟု  ကေအန်ယူ ငြိမ်းချမ်းရေး တပ်ဖွဲ့မှ ဦးသန့်ဇင်က YPI သို့ ပြောကြားသည်။

ယခင်က တဧကလျှင်ကျပ် ၁၀ သိန်းအောက်သာ တန်ဖိုးရှိသည့်ယင်းလယ်မြေများမှာ မန္တလေးမြို့တော်စည်ပင်မှ တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ ပြေးဆွဲမည့် ကုန်တင်ကားဝင်းနှင့်ပွဲရုံစီမံကိန်း ချမှတ်လိုက်သည့်နောက် ရုတ်တရက်ဈေးမြင့်တက်လာခဲ့ ပြီးနောက် ယခုကဲ့သို့ သိမ်းယူရန် စီစဉ်လျှက်ရှိခြင်းဖြစ်သည်။

ယခင်မန္တလေးမြို့တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန်က ကားကြီးဝင်း အနီးတ၀ိုက် မြေများအား ၂၀၁၁ ခုနှစ် ဇူလိုင်လတွင်ဂရန်ထုတ်ပေးခဲ့သည်။ ယင်းသို့ ဂရန်ထုတ်ပေးသည့်နောက် တနှစ်ဝန်းကျင်အကြာတွင် ယခုလို သိမ်းဆည်းရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။

အဆိုပါလယ်မြေအရေးကိစ္စရပ်အတွက် နိုင်ငံတော်သမတ၊ ဒုတိယ သမ္မတနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်နှင့် လွှတ်တော်အသီးသီးရှိ ကော်မတီအရပ်ရပ်ထံ ဖြေရှင်းပေးရန် အသနားခံစားတင်ပြထားကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတော်အတွက်အသုံးမပြုပါက အဆိုပါလယ်မြေများကို KNU ငြိမ်းချမ်းရေးတပ်ဖွဲ့မှ မည်သူ့ထံကိုမျှ မပေးအပ်နိုင်ကြောင်း ဦးသန့်စင်က ပြောသည်။      ။

No comments:

Post a Comment