Wednesday, March 21, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားထားသောစာများ ပုသိမ်တွင်လိုက်လံဝေငှ
ပုသိမ်ကျောင်းသားကျောင်းသူများ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ စောင့်ဆိုင်းနေခဲ့စဉ်တွေ့ ရပုံ (ဓါတ်ပုံ-Google Images)
ပုသိမ်-မတ်လ ၂၁၊ ၂၀၁၂ ခုနှစ်(YPI)

ပုသိမ်မြို့ပေါ်နှင့် ပညာရေးကောလိပ်ကျောင်းများတွင် “ကျော်(ပညာရေး)” အမည်ဖြင့် ရေးသားထားသော “မစု၊ဒေါ်စု၊အမေစုပြန်လာပြီ”  ဟုခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်ရေးသားထားသည့် လက်ကမ်း စာစောင်များ  ဖြန့်ဝေလျှက်ရှိကြောင်း ပုသိမ်မြို့ခံများက ပြောသည်။


ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက်နေ ကိုဝင်းနိုင်က“ကျွန်တော်တို့ဆီ ကြံ့ခိုင်ရေးအဖွဲ့တွေလာတုန်းက ပေးသွားတာ၊ ပထမတော့ဘာမှန်းမသိဘူး၊ အမေစုပြန်လာပြီဆိုလို့ယူထားလိုက်တာ၊ ဖတ်ကြည့် တော့မှ ဒေါ်စုကို စိန်ခေါ်သလိုလို စော်ကားသလိုလို  ရေးထားတာသိရတော့  အရမ်းဒေါသဖြစ်သွားပြီး စာရွက်ကို ချက်ချင်းဆုပ်ဖြဲပစ်လိုက်တယ်“ ဟု YPI သို့ပြောသည်။


ထိုစာထဲတွင် ပညာရေးကောလိပ်ကျောင်းသူများက ဒေါ်အောင်ဆန်းစုကြည်အား ပြောနေဟန်ဖြင့် ပိုင်ဆိုင်သောငွေကြေးများကို နိုင်ငံခြားတွင်ထားကာ လူချည်းသက်သက် ပြည်တွင်းတွင်နေထိုင် ခြင်းမှာ အာဏာကို ငမ်းငမ်းတက်လိုချင်သူတို့၏ လုပ်ရပ်သာဖြစ်ကြောင်း၊ သတ္တိရှိပါက  တစ်ယောက်တည်း လာစေချင်ကြောင်း၊ အာဏာရူး နောက်လိုက်များနှင့် ပေါင်းကာ ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံသစ်တည်ဆောက်နေသည့် အစိုးရကို ကျဉ်းထဲကျပ်ထဲ ရောက်အောင် မလုပ်သင့်ကြောင်း  စသည်ဖြင့် ရေးသားထားသည်။


ပညာရေးကောလိပ်ကျောင်းသူတစ်ဦးက “၁၇ရက်နေ့ မနက်၈နာရီလောက်က သမီးတို့ကျောင်းကနေ အငြိမ်းစား ယူထားတာ ၂လလောက်ပဲရှိသေးတဲ့ အရင်ကျောင်းအုပ်ကြီးက လာဝေတော့ သမီးတို့လည်း ယူထားလိုက်ရတာ” ဟုဆိုသည်။

လွန်ခဲ့သော၂လခန့်က ပညာရေးကောလိပ်ကျောင်းအုပ်ဆရာကြီးတာဝန် မှ  အငြိမ်းစားယူသွားသူ ဦးကျော်လွင်မှာ “ကျော် (ပညာရေး)” ဆိုသည့် အမည်ဖြင့်  အမည်ဖြင့်ဆုံးမစာများကို မကြာခဏရေးသားကာ ကျောင်းသားကျောင်းသူများကို ဝေငှဖူးကြောင်း ပညာရေးကောလိပ် ကျောင်းသားကျောင်းသူတို့၏ ပြောပြချက်အရ သိရှိရသည်။

၎င်းမှာ ကျောင်းအုပ်အဖြစ်မှ အငြိမ်းစားယူပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီ၏ နိုင်ငံရေး အကြံပေးအဖြစ် လုပ်ကိုင်နေသည်ဟု လည်း သိရှိရသည်။


ယခု ကိစ္စနှင့် ပတ်သက်၍ NLDပါတီ၏ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က“ကော်မရှင်ကိုမတိုင်ပါဘူး၊ နောင်ဆက်မလုပ်ဖို့ပဲ  သူတို့ပါတီကို အကြောင်းကြားသွားမယ်၊ ဘာကြောင့်လဲဆိုတော့ ပါတီတစ်ခုနဲ့တစ်ခုကရန်သူလို သဘောထားနေရင်ကျွန်တော်တို့ အားလုံးလျှောက်နေတဲ့ ဒီမိုကရေစီလမ်းကြီး ပျောက်သွားလိမ့်မယ်“ ဟု ပြောဆိုသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုသိမ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်တင်မြင့်ကမူ
ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီး နိုင်ငံရေးအကြံပေးအနေနှင့် လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ယုံကြည်ချက်ကို လွတ်လပ်စွာရေးသားခြင်းသာဖြစ်၍ ပါတီနှင့် မသက်ဆိုင်ကြောင်း ပြောကြားထားသည်။

ပုသိမ်မြို့နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ အနိုင်ရကာ လက်ရှိ သမ၀ါယမ ပြည်ထောင်စု ဒုဝန်ကြီး ဦးသန်းထွန်း၏ လစ်လပ်သွားသော နေရာ အတွက် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်သည်။      ။

No comments:

Post a Comment