Monday, January 30, 2012

ခက်ခဲနေသည့် NLD ရွေးကောက်ပွဲလမ်းကြောင်း

 ရွေးကောက်ပွဲနီးလာတာနဲ့ ဘယ်သူတွေက ဘယ်ကနေ ဝင်ပြိုင်မလဲဆိုတာတွေလဲ
ရုပ်လုံးပေါ်လာပါပြီ။ အန်တီစုတို့ NLD ကတော့ တက်ကြွစွာနဲ့ပဲ
မဲဆွယ်တဲ့နေရာတွေမှာ မဲဆွယ်နေပါပြီ။ သို့သော် အန်တီစု ကတော့
လွှတ်တော်ထဲရောက်မှာ သေချာသော်လည်း ကျန်သည့် NLD အမတ်လောင်းများ


ရွေးကောက်ပွဲ အောင်နိုင်ဖို့ကတော့ ဆူးခင်းသည့်လမ်းဖြစ်နေသည်ဟု ကျွန်တော်
မြင်ပါတယ်။ အရင်ရွေးကောက်ပွဲမှာ မဲလိမ်တာတောင်မှပဲ NDF တို့
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အများအပြားနိုင်ခဲ့ပါ
တယ်။ နောက်
ရှမ်းပြည်နယ်က မဲဆန္ဒနယ်များ ရခိုင်မဲဆန္ဒနယ်များမှာလဲ USDP တို့
မရှုမလှအရေးနိမ့်ခဲ့ရတာလဲ သာဓကပါပဲ။ သို့သော် လက်ရှိမြန်မာပြည် ပြဿနာက
မဲပြန့်ခြင်းဖြစ်တယ်လို့ ရေဘုယျအားဖြင့် သတ်မှတ်လို့ရပါတယ်။
မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်မှာဆိုရင် ဦးသုဝေက ဝင်ပြိုင်မှာပါ။ တခြား USDP
နောက် NNDP စသည့်ဖြင့် ဝင်ပြိုင်ကြတဲ့ အခါမှာ USDP က စည်းလုံးပြီးသား
ဖြစ်တဲ့အတွက် ကျန်တဲ့ မဲများမှာ ပြန့်သွားမည်ဖြစ်သည်။ ထိုအခါ မထင်မှတ်ပဲ
NLD အပါအဝင် ဒီမိုကရေစီဘက်တော်သားများအတွက် ရှုံးနိမ့်သွားနိုင်ပါသည်။
ဒေါ်ဖြူဖြူမှာ နာမည်ရ နိုင်ငံရေးသမားဆိုသော်လည်း ဦးသုဝေသည်လဲ
နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်သည့်အတွက် မဲရှင်များက ဖြန့်ပေးမည်မှာ
သေချာပါသည်။ နောက် မရမ်းကုန်းမဲဆန္ဒနယ်မှာလဲ NLD အတွက်
အခက်အခဲများစွာကြုံရမည်မှာ မလွဲသေချာပဲဖြစ်သည်။ NNDP က ရသက နိုင်ငံရေးမှာ
နာမည်မရပေမယ့် လူသိများသူတစ်ဦးဖြစ်သည်။ အစိုးရ
ရိပ်သာအမြောက်အမြားရှိနေခြင်းက USDP အတွက် အားသာနေပေသည်။ NDF က
အမတ်လောင်းကလဲ ဒုတိယကြိမ်မြောက် အားစမ်းဦးမည်ဟု သိရသည်။
၈၈ကျောင်းသား(မြန်မာ)ကလဲ ဝင်မည်ဆိုထားရာ မရမ်းကုန်းမဲဆန္ဒနယ်မှာလဲ NLD
အတွက်သားရဲတွင်းပမာ ဖြစ်နေပါသည်။  ကျားဖြူပါတီကလဲ ရှမ်းပြည်က နယ်များတွင်
သူတို့သာနိုင်မည်ဟု ကြိုပြောနေပေသည်။ တိုင်းရင်းသားပါတီတွေကို
ယှဉ်ဖို့ကလဲ ခက်ပြန်သည်။ ကချင်မှ ဒေါ်ဘောက်ဂျာမဲဆန္ဒနယ်မှာလဲ
အားသာနေသည့်အတွက် NLD ရင်ပူရဦးပေမည်။ နေပြည်တော် မဲဆန္ဒနယ်များမှာ NLD
အတွက် မျှော်လင့်စရာများများစားစားမရှိ။ အစိုးရဝန်ထမ်းများစွာရဲ့စိတ်မှာ
သံမှိုလို စွဲကပ်နေတာက USDP သာဖြစ်သည်။ မည်မျှပင် တရားမျှတနေစေကာမူ
နေပြည်တော် မဲများမှာ USDP ကို ကျော်၍ ရနိုင်ဖို့လမ်း သိပ်မရှိလှ။
ကျွန်တော် အားမရတာကတော့ အပေါ်မှာပြောသလို မဲပြန့်ခြင်းပါ။ USDP မဲမဟုတ်တာက
၆၀% ကျော်လောက်ရှိပြီး USDPက ၃၅% ရှိတယ်ဆိုရင်တောင်မှ ကျန်၆၀%ကျော် က
တစ်ပါတီထဲ မဲဝင်မှာမဟုတ် ကျန်ပါတီ ၃ခုလောက်ကို မျှဝင်တဲ့အခါကျတော့
မဲပြန့်ပြီး ဒီမိုကရေစီသမားတို့ ရှုံးသွားနိုင်သည်။ အကယ်၍သာဆိုလျှင်
မဲဆန္ဒနယ်များထပ်ခြင်းက ကြီးမားသော အန္တရယ်ကြီးမားလွန်းလှပေသည်။
ကျွန်တော့်အမြင်ရသာဆိုလျှင် NLD မဲဆန္ဒနယ် ထက်ဝက်ကျော်ရုံမျှသာနိုင်
နိုင်ပေသည်။ ကျွန်တော့် အမြင်သာဖြစ်ပါသည်။ နိုင်မနိုင်ဆိုတာကတော့
နောက်နှစ်လခန့်နေရင် သိရမည် မဟုတ်ပါလား။ ကျွန်တော်တို့ မဲတွေစည်းလုံးပါမှ
ဒီမိုကရေစီ ဘက်တော်သားများနေရာရပါမည်ဟု သတိပေးလိုက်ပါရစေ။

No comments:

Post a Comment