Sunday, January 29, 2012

နိုင်ငံရေး အကျဉ်းသား ၃၇၅ ဦးကျန်ရှိနေကြောင်း နိုင်/ကျဉ်းဟောင်းများအဖွဲ့ ထုတ်ပြန်

နိုင်ငံရေး အကျဉ်းသား ၃၇၅ ဦးကျန်ရှိနေကြောင်း နိုင်/ကျဉ်းဟောင်းများအဖွဲ့ ထုတ်ပြန်

ဇန်န၀ါရီ ၂၅၊ ၂၀၁၂ (YPI)
 သမ္မတ ဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့် ၄ ကြိမ်ကြေညာခဲ့သော်လည်း


အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား ၃၇၅ ဦးကျန်ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ထုတ်ပြန်ကြေငြာလိုက်သည်။
၎င်းတို့၏ ထုတ်ပြန်ကြေငြာချက်တွင်  နိုင်/ကျဉ်း ၆ရရ ဦးထဲတွင် ယခုလ ၂၂ ရက်နေ့အထိ လွတ်မြောက်သူ ၃၀၂ ဦး ဖြစ်၍ အကျဉ်းထောင်ထဲတွင် ၃၇၅ ဦးကျန်ရှိနေသသည်ဟုပါရှိသည်။
 နိုင်ငံရေး အကျဉ်းသားစာရင်းပြုစုရေး ကော်မတီမှ အဖွဲ့ဝင် မနှင်းနှင်းမွှေးက "ဒါ က ရထားတဲ့ စားရင်တွေ အရ အနီးစပ်ဆုံးပြုစုထားတာပါပါ၊ ကွဲလွဲတာတွေလည်းရှိချင်ရှိနိုင်တယ်" ဟုဆိုသည်။
 ယခုစာရင်းကို  နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ၊  NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) မှထုတ်ပြန်သည့် စာရင်းများ၊ ဒေသခံများ၊လွတ်မြောက်သည့်နိုင်ငံရေးအကျဉ်းသား များမှစာရင်းများနှင့် AAPP(နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအဖွဲ့) တို့မှ ထုတ်ပြန်သည့်စာရင်းများ ကိုအခြေခံ၍ ပြုစုထားသည်ဟုဆိုသည်။

ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများစာရင်းကိုပြုစုသည့်အခါအကျဉ်း ထောင်သို့သွားရန်မလွယ်သည့် အခက်အခဲကြောင့်လည်းကောင်း နာမည်ပြုစုသည့်အခါ အဖေနာမည်များမသိရှိရသောကြောင့်လည်းကောင်း အခက်အခဲများရှိပြီး ကွဲလွဲချက်များရှိနိုင်သည်ဟုဆိုသည်။
 " ကျွှန်တော်တို့သိသလောက် နိုင်ကျဉ်းတွေအများကြီးကျန်နေသေးတယ်၊ ပြည်ထဲရေးကထုတ်တဲ့စာရင်းအရ ၁၂၈ ဦးကျန်တယ်လို့ထင်ပါတယ်၊ ဦးရွှေထူးကျန်သေးတယ်၊ ကိုမြင့်အေးကျန်သေးတယ်၊ ကိုအေးအောင်ကျန် သေးတယ်၊ ကိုသန်းဇော်ကျန်သေးတယ်" ယခုလ ၂၁ ၇က်နေ့တွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲတွင် ကျောင်းသားခေါင်းဆောင် ကိုမြအေး ကပြောသည်။
 ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သတ်ပြီး မနှင်းနှင်းမွှေးကတော့"အစိုးရကပုဒ်မတွေ အမျိုးမျိုးတပ်ပြီးဘယ်လိုပဲ နိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘူးလို့ပဲပြောပြော ကျွှန်မတို့ကတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ လုပ်ရပ်ကိုကြည့်ပြီးမှနိုင်ငံရေးအကျဉ်းသားလို့ပြောတာပါ။ ကျန်နေတဲ့လူတွေ သူခိုးတွေ၊ ဒမြတွေမဟုတ်ဘူးဆိုတာ သိအောင်ဒီစာရင်းကိုထုတ်ပြန်တာပါ "ဟုဆိုသည်။
 ယခုလ ၁၃ ရက်နေ့တွင် နိုင်ငံတောင်သမ္မတဧ။် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ(၁) အရပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသား ၃၀၂ ဦးကိုလွတ် ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။
 ယင်းသို့လွှတ်ပေးရာတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက NLD မှတင်ပြသည့် နိုင်ကျဉ်းစာရင်း ၆၀၄ ဦးအနက်မှ ၎င်းပြည်ထဲရေး ၀န်ကြီးဋ္ဌာနထံတွင် ရှိသည့် အကျဉ်းသား ၄၃၀ ဦးထဲမှ ၃၀၂ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌  ပြောဆိုသည်။

ဝန်ကြီး၏ ပြောကြားချက်အရ ၄င်းတို့ထံတွင်ရှိသည့်စာရင်း ၄၃၀ မှကျန်ရှိနေသည့် ၁၂၈ ဦးမှာ ရာဇ၀တ် ပြစ်မှုကြီးများကျူးလွန်ထားသူများဖြစ်၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးရသည့် ရည်ရွယ်ချက်နှင့် အကျုံးမ၀င် သေးသော ကြောင့် တရားဥပဒေစိုးမိုးရေးအတွက် ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်သည်ဟုဆိုသည်။

ယခုလ ၁၃ ရက်နေ့ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကဉ်းသားအချို့
 NLD ဘက်မှ တင်ပြသည့်နိုင်ကျဉ်း ၆၀၄ ဦးတွင် ၁၀၇ ဦးသည်လွတ်ရက်စေ့၍ လွတ်မြောက်သူများထဲတွင် ပါဝင်ကြောင်း၊ ၁၃ ဦးသည်အမည်များထပ်နေကာ  ၅၁ ဦးမှာလည်း အချက်အလက်မပြည့်စုံသဖြင့်  စုံစမ်းစစ်ဆေး၍ မရသေးကြောင်း သေဆုံးသူ ၂ဦးနှင့်သာသနာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးသူ ၂ ဦးရှိသည်ဟု ရှင်းလင်းပြောဆိုသွားသည်။
 ယခုနိုင်ကျဉ်းဟောင်းထုတ်ပြန်ထားသည့်စာရင်းများကို သမ္မတကိုတင်ပြရန်အတွက် အမျိုးသားလူ့အခွင့် အရေးကော်မရှင်သို့ ပေးပို့ရန်ရှိပြီး သမ္မတဆီသို့တိုက်ရိုက် ပေးပို့သွားရန်လည်း အစီအစဉ်ရှိကြောင်း နိုင်ကျဉ်းဟောင်းအဖွဲ့က ပြောသည်။
 လက်ရှိထုတ်ပြန်ထားသည့်စာရင်းများကိုနိုင်ကျဉ်းများဧ။်လူမှုကွန်ယက်ဝက်ဆိုက်တွင် ဖော်ပြထားပြီး စာရင်းလွဲနေသည်များရှိပါက ၄င်းတို့ကို  အကြောင်းကြားရန်အတွက် ဖုန်းနံပါတ်များပါထည့်သွင်း ကြေငြာထားသည်။        ။

ငြိမ်းချမ်းရေးရန်ပုံငွေ ထူထောင်ရန် လွှတ်တော်တွင် အတည်ပြု

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများအတွက် ရန်ပုံငွေတရပ် ထူထောင်ရန် ယနေ့ကျင်းပခဲ့သော ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ရာ အတည်ပြုပေးလိုက်ကြောင်း သိရသည်။
ထိုအဆိုအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က တင်သွင်းပြီး ကြံ့ဖွံ့ပါတီဝင် ကိုယ်စားလှယ် နှစ်ဦးက ထောက် ခံဆွေးနွေးကာ ချက်ချင်း အတည်ပြုပေးလိုက်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တချို့က ဧရာဝတီကို ပြောသည်။
ငြိမ်းချမ်းရေးရန်ပုံငွေ ထူထောင်ရန် လွှတ်တော်တွင် အတည်ပြု
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ထောက်ခံဆွေးနွေးရန် တောင်းဆိုခဲ့ရာ
ဆွေးနွေးခွင့် မပြုဟု သိရသည်။
“ဒေါ်နန်းဝါနုက ဆွေးနွေးဖို့ မတ်တပ်ရပ်ပြီး မိုက်ကရိုဖုန်းခလုပ် ဖွင့်ခွင့် တောင်းတော့ ဥက္ကဋ္ဌက မိုက်ဖွင့် မပေးဘူး၊ ကြံ့ဖွံ့ ကိုယ်စားလှယ် တယောက်က ဆွေးနွေးဖို့တောင်းတော့ ခွင့်ပြုတယ်။ ပြီးတာနဲ့ အတည်ပြု လိုက်တယ်။ ကြံ့ဖွံ့ ကိုယ်စားလှယ် တွေ ပြီးရင် ပြီးရမယ်ဆိုတဲ့ သဘော သက်ရောက်သွားတာပေါ့” ဟု ကိုယ်စားလှယ် တဦးက ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စသည် ချက်ချင်းအကောင်အထည်ဖော်ရမည့် အရာဖြစ်ပြီး ရန်ပုံငွေထူထောင်၍ ဆောင်ရွက်သွား မည် ဆိုသည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေးအား အချိန်မည်မျှ ကြာအောင် ဆောင်ရွက်ရမည်နည်းဟု လွှတ်တော် ကိုယ်စား လှယ်များက မေးခွန်းထုတ်နေကြသည်။
သင်္ဃန်းကျွန်းမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဥပဒေကြမ်း အဆို ၃ ခု တင်သွင်းရာ နှစ်ခုကို
ပြန်လည် ရုပ်သိမ်းပေးခဲ့ရပြီး လွှတ်တော်မှတ်တမ်းအဖြစ် သိမ်းထားရန် တင်ပြခဲ့ကြောင်း သိရသည်။
ဦးသိန်းညွန့်၏ အဆိုများမှာ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်း ထိန်းချုပ်သည့် ဥပဒေကို ပြင်ဆင်ရန်၊ ၁၈၆၁ ခုနှစ်က ပြဌာန်းခဲ့သည့် အသရေဖျက်မှု ဆိုင်ရာ ဥပဒေကြမ်းနှင့် တရားရုံးချုပ် ရှေ့နေများနှင့် သက်ဆိုင်သည့် ဥပဒေကြမ်း တို့ကို တင်သွင်းခဲ့ကြောင်း ဦးသိန်းညွန့်က ပြောသည်။
“တရားမ၀င်တဲ့ နည်းလမ်းတွေကရတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေ ထိန်းချုပ်တဲ့ ဥပဒေကြမ်းကို ပြင်ဆင်ဖို့၊ လာဘ်ပေး၊ လာဘ်ယူ ကိစ္စတွေကိုပါ ထည့်သွင်းပေးဖို့ ပြောတော့ ပြည်ထဲရေး ၀န်ကြီးက သူတို့ အခါအားလျှော်စွာ ထုတ်ပြန်တာတွေမှာ ပါမယ်၊ ဒါကြောင့် မလိုအပ်ဘူး ဆိုလို့ ကျနော်က ပြန်လည် ရုပ်သိမ်းပေးခဲ့ရပါတယ်” ဟု ဦးသိန်းညွန့်က ဧရာဝတီကို ရှင်းပြသည်။
ယနေ့ အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေကြမ်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆိုင်သည့် ဥပဒေကြမ်းနှင့် ဝန်ထမ်း အမျိုးသမီးများ မီးဖွားခွင့် ပိုမိုရရှိရေး အဆို တို့ကို ဆွေးနွေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
၂၀၁၂ တွင် ပထဆုံးအကြိမ် အဖြစ် လွှတ်တော်အစည်းအဝေးများကို နေပြည်တော်တွင် ယနေ့ စတင် ကျင်းပသည်။

ပြည်သူ့လွှတ်တော် ပထမနေ့ (ဇန်န၀ါရီ ၂၆ ရက်)တွင် တင်သွင်းဆွေးနွေးခဲ့သော မေးခွန်းများနှင့် အဆိုများ

by Yangon Press International on Thursday, 26 January 2012 at 21:04
First day of parliament reporting
ဇန်န၀ါရီ ၂၆၊ ၂၀၁၂ (YPI)
ယနေ့ကျင်းပသော ပထမအကြိမ် တတိယလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မေးခွန်း ၁၂ ခုနှင့် အဆို ၂ ခုကို လွှတ်တော်မှ ဆွေးနွေးရန် သဘောတူလက်ခံခဲ့ပြီး ဥပဒေရေးရာ အဆိုနှစ်ခုကို တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည် ရုပ်သိမ်းခဲ့၍ အခြားတစ်ခုကိုမူ လွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။
 မေးခွန်းများအနေဖြင့် စာရင်းကိုင်စာရင်းစစ်စာမေးပွဲများ အောင်ချက်ကျဆင်းလာခြင်းနှင့် လမ်းတံတားကိစ္စများ အပါအ၀င် မေးခွန်း ၁၂ ခု မေးမြန်းခဲ့ခြင်းဖြစ်သည်။
 အဆိုအနေဖြင့် မြစ်ကြီးနားမြို့မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ၎င်းပါဝင်ဆောင်ရွက်လျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေးကော်မတီအတွက် ရံပုံငွေချထားပေးရန်နှင့် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်းက ပြည်ပမှ စက်မှုပစ္စည်းများတင်သွင်းရာတွင် ကောက်ခံသည့် အခွန်နှုန်းထားများ ညှိနှိုင်းကောက်ခံရန် အဆိုတင်သွင်းခဲ့သည်။
 ယင်းအဆိုနှင့်ပတ်သတ်ပြီး လသာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က “ဒီအဆိုက ကျွန်တော်တို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှာ ဆွေးနွေးထားတဲ့အဆိုပါ။ တကယ်တင်သင့်ပါတယ်။
လက်ရှိမှ ပြည်ပကနေ စက်မှုပစ္စည်းတွေတင်သွင်းတဲ့အခါမှာ ကုန်ကြမ်းက ကုန်ချောထက် ပိုပြီးအခွန်အခ ပိုပေးနေရတယ်။ဒါက တိုင်းပြည်ရဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးမှုအတွက် မဖြစ်သင့်ပါဘူး” ဟုပြောကြားသည်။
သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်ညွန့် ဆွေးနွေးခဲ့သော အဆိုသုံးခုမှာ တရားမ၀င်နည်းလမ်းဖြင့်ရရှိသော ငွေများထိန်းချုပ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ တရားရုံးချုပ်ရှေ့နေများကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၀ ပါ အသရေဖျက်မှုဥပဒေပုဒ်မကို ပြင်ဆင်သည့် ဥပဒေတို့ဖြစ်ပြီး ယင်းသုံးခုအနက် ပထမနှစ်ခုကို ဦးသိန်းညွန့်က ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း နောက်ဆုံးတစ်ခုမှာမူ အချိန်အတိအကျ မသိရသည့်အတွက် မရုပ်သိမ်းနိုင်ဟု ၎င်းကဆိုသည်။
 ဦးသိန်းညွန့်က “ ပထမနှစ်ခုက လက်ရှိဥပဒေတွေထဲမှာ အကျုံးဝင်တဲ့ ပုဒ်မတွေ ရှိတဲ့အတွက် ပြန်ရုပ်သိမ်းလိုက်တယ်။ ဒါပေမယ့် ပုဒ်မ ၅၀၀ ကတော့ ပြင်နေတယ်ဆိုပြီး ဘယ်အချိန်အတိအကျပြီးမယ်မသိတဲ့အတွက် ကျွန်တော့်ဘက်က မရုတ်သိမ်းနိုင်ဘူး။ အဲဒါကို လွှတ်တော်က မှတ်တမ်းတင်ထားတယ်” ဟု ပြောကြားသည်။     ။

...အိတ်ဖွင့်ပေးစာ

မာဂျေ 
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
ဂျာနယ်များတွင်... အိတ်ဖွင့်ပေးစာ ဟူ၍ သူသူငါငါ ရေးသားနေကြသည့်အတွက် ကျွန်တော်ကလည်း ရောတိရောရာ မာဂျေလည်းပါ ဟူသည့်သဘောဖြင့် ခေတ်မီအောင် ခါတော်မီရေးသားခြင်းမဟုတ်ကြောင်း ဦးစွာ အစီရင်ခံ တင်ပြလိုပါသည်။
နိုင်ငံတော်၏ နိုင်ငံ ရေးစနစ်သည် ယခုအခါ ဒီမိုကရေစီစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနေသည်မှာ မည်သူမှ မငြင်းနိုင်သော အချက် ဖြစ်ပါသည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအား ပြန်လွှတ်ပေးခဲ့သည့် သမ္မတကြီး၏လုပ်ရပ်အပေါ် ပြည်တွင်း ပြည်ပမှ လှိုက်လှဲစွာ ကြိုဆိုကြသလို ကျွန်တော်တို့အနေဖြင့်လည်း များစွာ ကျေနပ်အားရမိပါသည်။
အနာဂတ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် အပြုသဘောဆောင်စွာဖြင့် အကောင်း ဘက်သို့သာ ဦးတည်သွားတော့မည်ဟုလည်း ယုံကြည်ပါသည်။
အချို့ အမြော်အမြင်ကြီးသူများဆိုလျှင် နဂိုရှိရင်းစွဲ အရောင်များကို မျက်နှာပြောင်ပြောင်ဖြင့် အမြန်ချွတ်နေကြသည်ကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရှိရပါသည်။
သို့သော် နိုင်ငံရေးက ဒိုင်းနမစ်အသွင် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော်လည်း အစိုးရ၏ အချို့သောယန္တရားများကတော့ စတက်တစ်အသွင် ယခင် အတိုင်း မတုန်မလှုပ်ရှိနေဆဲပင် ဖြစ်ပါသည်။
ပိုဆိုးလာသည်မှာ ဒေသဆိုင်ရာ အစိုးရများနှင့် ပြည်ထောင်စုအစိုးရအကြား လုပ်ငန်းလုပ်ကိုင်သူများ ဗျာများ လာရခြင်းဖြစ်ပါသည်။
ယခင်က သက်ဆိုင်ရာ ၀န်ကြီးဌာနတစ်ခုဖြင့် ပြီးသည့်ကိစ္စကို ယခုအခါ ဒေသဆိုင်ရာ အစိုးရသို့ တစ်ဆင့်တင်ပြီး ပြည်ထောင်စု အစိုးရသို့ ဆက်လက် တင်ပြနေရသဖြင့် လုပ်ငန်းကြန့်ကြာမှုများ ဖြစ်နေရပါသည်။
ဥပမာ တစ်ခုတင်ပြလိုပါသည်။
ကျွန်တော်သည် ရိုးရာလက်ဝှေ့ပွဲ စီစဉ် သူတစ်ဦးဖြစ်ပါသည်။
လက်ဝှေ့ပွဲတွင် နိုင်ငံခြားသားပါလာသည်နှင့် သက်ဆိုင်ရာ ဒေသအစိုးရ၏ ကက်ဘိနက်အစည်း အဝေးသို့ တင်ပြရပါသည်။
ခွင့်ပြုချက်ရပါက ....အထိ ဆက်လက်တင်ပြခွင့် ပြုချက်ရယူပြီး ထိုမှတစ်ဖန် ပြည်ထောင်စုအစိုးရအဖွဲ့ ကက်ဘိနက်အထိ တင်ပြ ခွင့်ပြုချက်ယူနေရသည်မှာ မဖြစ်သင့်သောကိစ္စဟု ယူဆပါသည်။
ခေတ်စနစ်နှင့် မလျော်ညီသော ဥပဒေများကိုလည်း ဖျက်သိမ်းပေးရန် အကြံပြု လိုပါသေးသည်။
သမ္မတကြီးသိသည့်အတိုင်း ယခုခေတ်အခါသည် အင်တာနက်၊ အီးမေးလ်ကို အသုံးပြု၍ စီးပွားရေး၊ ပညာရေး၊ လူမှုဆက်ဆံရေး လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်နေရသည့် ခေတ် ဖြစ်ပါသည်။
ထို့ပြင် အဆင့်ဆင့်ချည်နှောင်ထားသော ကြိုးနီစနစ်အတွင်း ပြည်သူများသာမက အစိုးရယန္တရားကို မောင်းနှင်နေသည့် ၀န်ထမ်းများပါ ပိတ်မိနေကြပါသည်။
မည်သည့်လုပ်ငန်းတွင်မဆို လိုက်နာရန်ခက်ခဲသော စည်းမျဉ်းဥပဒေများ၊ များပြားလှသည့် လုပ်ငန်းအဆင့်များ ချမှတ်ထားသဖြင့် ရှုပ်ထွေးမှုများ၊ ခွင့်ပြုလိုသည်ကို ခွင့်ပြုနိုင်ပြီး ခွင့်မပြုလိုသည်ကို ခွင့်မပြုနိုင်သည့် အနေအထားများ ဖြစ်ပေါ်နေပါသည်။
အောက်ခြေ ၀န်ထမ်းများဘက်မှလည်း အထက်အဆင့်ဆိုသူများသည် သူတို့ကို မည်သည့်လုပ်ပိုင်ခွင့်မှမပေးဘဲ ဖြစ်ပေါ် လာမည့်ပြဿနာများကိုသာ တာဝန်ခံခိုင်းနေသည်ဟူသောအသံများ ကြားနေရသလို အထက်မူဝါဒချမှတ်သူများထံမှလည်း အောက်ခြေသို့ လုပ်ပိုင်ခွင့် ပိုမို ပေးပြီး တာဝန်ယူလိုစိတ် မွေးစေသော်လည်း အစစအရာရာ အထက်သို့သာ တင်ပြနေသည် ဟူသည့်အသံများ ကြားနေရပါသည်။
အထက်နှင့်အောက် အပြန်အလှန် လက်ညှိုးထိုးနေသည့် အထဲတွင် ပြည်သူများမှာ ကျွဲနှစ်ကောင် ကြားက မြေစာပင်ဘ၀မျိုးဖြင့် လုပ်ငန်းများ ခက်ခဲနှောင့်နှေးနေရပါသည်။
ဤနေရာတွင် အထက်နှင့်အောက် ကြားမှ အလယ်အလတ်အဆင့် တာဝန် ရှိသူများ၏ မှန်ကန်သောမူဝါဒ ချမှတ်မှုသည် အရေးကြီး သည်ဟု ထင်ပါသည်။
သင်္ဘောသားများကို ကားသွင်းခွင့်ပေးမည်ဆိုပြီး မည်သည့်မော်ဒယ်ဖြစ်ရမည်၊ အသစ်ဖြစ်ရမည်၊ ဘယ်မောင်းဖြစ်ရမည်၊ ဈေး မည်မျှဖြစ်ရမည် စသဖြင့် မူချ မှတ်လိုက်သောအခါ ထို မူဘောင် အတွင်းမှ မည်သည့်ကားမှဝယ်မရသည့် အခြေအနေမျိုးမှာ မဖြစ်သင့်သောကိစ္စပင် ဖြစ်ပါသည်။
ပေးကားပေး၏ မရ မဟုတ်ဘဲ မရအောင်ပေးခြင်းမျိုး ဖြစ်နေပါသည်။
ကန့်သတ်ချက်များ များလေလေ လုပ်ဆောင်ရခက်လေလေ၊ မသမာမှု များလာလေလေပင်ဖြစ်ပါသည်။
ပြည်သူများ ဖြစ်စေလိုသည်မှာ လုပ်ငန်းတိုင်းတွင် ရှင်းလင်းသော စည်းကမ်းဥပဒေများဖြင့် နည်းပါးသော ကန့်သတ်ချက်များသာ ထားရှိစေလိုကြပါသည်။
သို့မှသာ ကန့်သတ်ချက်နှင့် စည်းမျဉ်းဥပဒေ ရှုပ်ထွေးမှုကြောင့် ဖြစ်ပေါ်နေသော မသမာမှုများ၊ လာဘ်စားမှုများကို ဖယ်ရှားနိုင် မည်ဖြစ်ပြီး ပြည်သူအားလုံး တစ်ပြေးညီအခွင့်အရေးရမည် ဖြစ်ပါသည်။
ကာယကံရှင်ကိုယ်တိုင်လာရောက် ဆောင်ရွက်ပါလျက် မှတ်ပုံတင် မိတ္တူတောင်းခြင်းမှာ လူထက် စာရွက်က ပိုအရေးကြီးသလို ဖြစ်နေပါသည်။
ထို့ပြင် အထက်တာဝန်ရှိသူအချို့၏နိုင်ငံတော်အတွက် မိမိဌာနက ငွေမည်မျှ ရှာပေးနိုင်သည်ဆိုသော မလိုလားအပ်သည့် ပြိုင်ဆိုင် မှုများ၊ ရှေးရိုးစွဲအယူအဆ များကလည်း ပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုးသဖွယ် ဖြစ်နေရပါသည်။
ထိုပြိုင်ဆိုင်မှုကြောင့်ပင် အစစ ဈေးနှုန်း များမြင့်တက်သည်ကို လက်တွေ့မြင်နေ ရပါသည်။ စီးပွားရေးလုပ်သော အစိုးရ လုပ်ငန်း များကို အားကျပြီး ၀န်ဆောင်မှုပေးသော လုပ်ငန်းဖြစ်သည့် ရန်ကုန် ဆေးရုံကြီးကဲ့သို့သောဌာနကပါ နိုင်ငံတော်အတွက် သိန်း ဘယ်နှထောင် ပြန်ရှာပေးမည်ဟု လုပ်လာသောအခါ ဆေးကုသမှုခံယူသော ပြည်သူများ ဒုက္ခတွေ့ရ ပါတော့သည်။
ရန်ကုန်ဆေးရုံကြီးသည် ကာရာအိုကေ၊ အနှိပ်ခန်းတို့ကဲ့သို့ ပျော်၍လာသော၊ ငွေပေါ၍လာသော နေရာမဟုတ်သည်ကို တာဝန်ရှိ သူများ သိစေလိုပါသည်။
.....ဖြစ်နေသည့် ပုံစံမှာ
မီးကားလာပါ၏၊ ဗို့အားကမပြည့်၊
တယ်လီဖုန်းများကား ပေါလာပါ၏၊ ဆက်၍မရ၊
အင်တာနက်ကား ရှိပါ၏၊ လိုင်းကမတက်။
လမ်းတွေလည်း များလာပါ၏၊ အဖုအထစ်နှင့် ချိုင့်များ မကင်းဆိုသည့်အတိုင်း ဖြစ်နေပါသည်။
နိုင်ငံတော်သည် သဘာဝသယံဇာတ ပေါကြွယ်ဝည်ဟု သိထားကြသော်လည်း ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးသို့ အလုပ်သမား တင်ပို့နေသည့် နိုင်ငံဘ၀သို့ ကျဆင်းသွားသည်မှာ စိတ်မကောင်း စရာထက် တွေးတတ်မည်ဆိုပါက စိုးရိမ် စရာအနေအထားပင် ဖြစ်ပါသည်။
မြန်မာတို့၏ လူမျိုးစရိုက်အရ မိမိအိုးအိမ် မှ ပစ်ခွာသွားလိုသူ နည်းပါးလှသော်လည်း စားရေး၊ ၀တ်ရေး၊ ပညာရေးတို့ အတွက် ဆယ်ကျော်သက်များ နိုင်ငံကို စွန့်ခွာနေကြသည်မှာ အစုလိုက် အပြုံ လိုက်ဖြစ်နေသည်ကို မြင်နေရပါသည်။
ယခုအခါ ကျေးလက်ဒေသမှ လူငယ် အများစုသည်ပင် နိုင်ငံခြားသို့ ရရာ အလုပ် သွားရောက်လုပ်ကိုင်နေကြ သဖြင့် တစ်ချိန်တွင် လယ်ထွန်ပျိုးနှုတ် မည့်သူပင် မလုံလောက်တော့မည့် အရေး စိုးရိမ်နေရပြီဖြစ်ပါသည်။
တဘက်ကို ခေါင်းတွင်ပေါင်းပြီး ပြောင်းဖူးဖက်လိပ်ကြီးများကိုင်ကာ နိုင်ငံ ခြားသို့ ရရာအလုပ်သွားလုပ်မည့် သားသမီးမြေးမြစ်များကို ရွာလုံးကျွတ် လိုက်ပို့နေကြသူများ ရန်ကုန်လေဆိပ် တွင် မြင်နေရသည်မှာ အဆန်းမဟုတ် တော့သည့်၊အခြေအနေဖြစ်နေပါသည်။
ထို့ကြောင့် ခေတ်မီပညာရေးနှင့် မိသားစုအတွက်စားဝတ်နေရေး ဖူလုံစေ မည့် စီးပွားရေးကို နိုင်ငံတော်အတွင်းတွင် ရှာဖွေနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးသင့်ပါသည်။
ထိုသို့ဖြစ်ရန်မှာ လည်း အစိုးရအုပ်ချုပ်ရေး ယန္တရား၏ မလိုလားအပ်သော၊ ခေတ်နှင့်မလျော်ညီတော့သော ဥပဒေများ၊ စည်းမျဉ်း များကို ဖယ်ရှားသင့်သည်ဟု ထင်မြင်ပါသည်။
ဝန်ထမ်းများကို သရုပ်ခွဲကြည့်ပါကလည်း မိမိဘ၀ရပ်တည်ရေးအတွက် ရိုးသားစွာ တာဝန်ထမ်းဆောင်နေသူများ၊ ငွေကြေးကြောင့် မဟုတ်ဘဲ ဂုဏ် သိက္ခာကြောင့် လုပ်ကိုင်နေသူများနှင့် မိမိရာထူးအဆင့်ကို အသုံးပြုပြီး ကိုယ်ကျိုးရှာသူများဟု သုံးမျိုးခွဲကြည့်နိုင်ပါ သည်။
ကျွန်တော်သည် တလောက ကော်ပိုရေးရှင်းကြီးတစ်ခုတွင် စက်ရုံ ထုတ်ပစ္စည်းတစ်မျိုးဝယ်ယူရန် လျှောက်လွှာတင်ခဲ့ပါသည်။
အဆိုပါရုံးမှ ဖုန်း ဆက်ပြီးလာခဲ့ရန် ပြောသဖြင့် သွားသော အခါ စားပွဲလေးငါးလုံးကို ဖြတ်သန်းပြီးမှ သက်ဆိုင်ရာအရာရှိရှေ့ ရောက်ပါသည်။
ထိုအရာရှိက သူရထားသော ရာထူးကို သူ့ယောက္ခမက အမွေပေးထားခဲ့သည့်မျက်နှာဖြင့် ခင်ဗျား ၀ယ်ယူရန် တင်ပြထားခြင်းကို ခွင့်မပြုနိုင်ဟု ပြောပါသည်။
သူပင် ကျွန်တော့ကို ရုံးလာခဲ့ရန် ဖုန်းဆက်ခေါ်ခြင်းဖြစ်ပါသည်။ မရောင်းနိုင်ပါကလည်း ဖုန်းထဲမှပင် ပြော၍ပြီးမည့်ကိစ္စ (သို့တည်း မဟုတ်) ဖုန်းဖြင့်မပြောလိုသည်ထားဦး၊ ကျွန်တော်၏ လျှောက်လွှာတွင် လိပ်စာပါပြီး ဖြစ်သဖြင့် စာဖြင့် ပြန်လည်အကြောင်း ပြန်လည်း ဖြစ်နိုင်ပါလျက် ယခုကဲ့သို့ ခေါ် ယူပြောကြားခြင်းကို လုံးဝနားမလည်နိုင်အောင် ဖြစ်ရပါသည်။
အတူလိုက်ပါခဲ့သည့်မိတ်ဆွေတစ်ဦးကမူ ကျွန်တော်၏လက်ထဲတွင် ပစ္စည်းတစ်စုံတစ်ရာပါက ထိုအရာရှိပြောမည့်အဖြေသည် ပြောင်း သွားနိုင်ကြောင်း သူ့အမြင်ကို ဖွင့်ဟ အကြံပေးပါသည်။
အလားတူပင် ကျွန်တော်သည် လုပ်ငန်းတစ်ခု လုပ်ကိုင် ခွင့်ရရန် နိုင်ငံတော်သို့ ကျပ်သိန်းမည်မျှ ပေးသွင်းမည်ဟု ၀န်ကြီးဌာန တစ်ခုထံ အဆိုပြုလွှာ တင်သွင်းခဲ့ပါလျက် နိုင်ငံတော်သို့ တစ်ပြားတစ်ချပ်မှ မပေးသူ တစ်ဦးအား အခမဲ့ခွင့်ပြုလိုက်ခြင်း အပေါ် လည်းနားမလည်နိုင် ဖြစ်ရပါသည်။
သူငယ်ချင်းတစ်ဦးကလည်း ယခု ကဲ့သို့ ရင်ဖွင့်ပါသည်။
သူ့အနေဖြင့် နိုင်ငံတော်ပိုင် စက်ရုံတစ်ရုံကို နှစ်ပေါင်းများစွာ ငှားရမ်းလုပ်ကိုင်လာသူဖြစ်ပါသည်
ယခုခေတ်သစ်တွင် စက်ရုံကို နှစ်ရှည် အငှားရောင်းစနစ်အတွက် တင်ဒါခေါ်ရာ သူသည် တစ်နှစ်လျှင် ကျပ်သိန်း ၁၀၀ ပေးသွင်း ပါမည်ဟု အဆိုပြုခဲ့ပါလျက်၊ လက်ရှိလုပ်ကိုင်နေသူလည်း ဖြစ်ပါလျက် သူ့ကိုခွင့်မပြုဘဲ တစ်နှစ်မှ ၂၅ သိန်းသာပေးသူကို ငှားရမ်းခွင့် ချပေးခြင်း အပေါ် နားမလည်နိုင်ဖြစ်ရသည်ဟု ဆိုလာပါသည်။
ယခင်စနစ်အတိုင်း လက်သင့်ရာ စားတော်ခေါ်စေသည့် လုပ်ရပ်များလည်း ရှိနေဆဲပင် ဖြစ်သည်ကို ယခုအချက်များက သက်သေပြ လိုက်ခြင်းဖြစ်ပါသည်။
ကျွန်တော့အနေဖြင့် နိုင်ငံတော်သို့ ၂၅ သိန်းသာ ပေးသွင်းပြီး အဆိုပါစက်ရုံ လုပ်ပိုင်ခွင့်ရသူကို သွားမေးကြည့်မိပါ က နိုင်ငံတော် ကိုသာ ၂၅ သိန်း သွင်းရတာ၊ ကျွန်တော်ကုန်တာ ခင်ဗျားတို့အဆိုပြုတဲ့ သိန်း ၁၀၀ ထက်များပါတယ်ဟု ပြန်ဖြေမည်မှာ အသေ အချာဖြစ်သဖြင့် မိမိနား နှင့် ဒေါသကို အနားပေးသည့်အနေဖြင့် မမေးမိတော့ပါ။
နောက်ဆုံးတွင် ကျွန်တော်တို့အတွက် အတိတ်ကံ မကောင်းဟူသော စကားဖြင့်သာ ဖြေသိမ့်ခဲ့ရပါသည်။
ကျွန်တော် တင်ပြလိုသည်မှာ အစိုးရဌာန အသီးသီးတွင် ယခင် ခေတ်အဆက် ဆက်ကတည်းက ချမှတ်ထားသော ရှုပ်ထွေးပွေလီ လှသည့် စည်းကမ်းဥပဒေများ၊ လိုက်နာရန်မဖြစ်နိုင်သည့် မြားမြောင်လှစွာသော ကန့်သတ်ချက်များ၊ လုပ်ငန်းတစ်ခုကို လုပ်ကိုင်ခွင့်ပြု သည်အထိ အဆင့်ဆင့်တင်ပြရသောလုပ်ငန်းစဉ်များ၊ တရားဝင် ယှဉ်ပြိုင်ခွင့် မပြုဘဲ လက်သင့်ရာ စားတော်ခေါ်နေသည့် လုပ်ရပ် များကို ရပ်တန့်သင့်သည့် အချိန် ရောက်နေပြီဖြစ်ပါသည်။

No comments:

Post a Comment