Monday, January 30, 2012

ကမ္ဘာမြေရဲ့ နေရာတစ်ခုမှာ


ကမ္ဘာမြေရဲ့ နေရာတစ်ခုမှာ
ရင်ခုန်သံတွေအမှောင်ကျနေတဲ့ ရင်ဘတ်ထဲ
နင်ပဲ အလင်းတွေပေးခဲ့တာလေ
ငါ့အတွက်တော့
နင်က ရင်ခုန်ခြင်းရဲ့ လမင်းလေးပေါ့......


မသိခြင်းနေ့ရက်တွေထဲ အမှတ်မဲ့ဖြတ်သန်းရင်းနဲ့
တစ်စုံတစ်ခုကို စွဲလမ်းခြင်းမှာ
ငါအသည်းအသန်ကို နစ်ဝင်ခဲ့ရပြီ
နင့်ကိုမတွေ့ရခြင်းမှာ ငါ့ရင်တွေပူနေတတ်ပြီမို့
ကောင်မလေးရေ..
နင့်ကို ငါချစ်မိပြီဟာ.....
ဝတ္ထုလည်းမဟုတ်သလို ရုပ်ရှင်လည်းမဆန်လို့
ဂုဏ်၊ဓန၊အဆင့်အတန်းတွေ
ဟိုးးးးး ဝေးဝေးမှာ သွားထားလိုက်စမ်းပါ
နင်သွားမယ့်နေရာတိုင်းဆီ ငါ့ရင်ဘတ်နဲ့လမ်းခင်းပေးမယ်
နင်းသွားလိုက်စမ်းပါ ကောင်မလေးရယ်
ရင်ဘတ်နဲ့ရင်းချစ်တာမှ ချစ်သူတဲ့.....
နင့်အပြုံးတစ်ချက်နဲ့တင် ငါ့အသက်ရှူခြင်းကအဓိပ္ပါယ်ရှိတယ်
ငါ့နေ့ရက်တိုင်းအတွက် နင့်အချစ်ရဲ့
နွေးထွေးခြင်းကိုပဲ ပေးပါကောင်မလေးရယ်.....
တစ်ခါတစ်လေငါ့အတွက် အခက်အခဲဆိုတာကြုံလာတိုင်း
နင့်လက်ကလေးကို ကိုင်ထားချင်မိတယ်.....

ကောင်မလေးရယ်
သံယောဇဉ်ဆိုတာ နွယ်လေးတစ်ပင်တဲ့
ခက်ညွှန့်သစ်လို့ ငါ့အချစ်တွေနင့်ဆီ ရစ်ပတ်နှောင်တွယ်နေပါရစေ.....
ချစ်ခြင်းနဲ့ ဦးညွတ်ထားတဲ့ငါ့အတွက်
နောက်ထပ်ဘာတွေ လိုအပ်ဦးမှာလဲ ကောင်မလေးရယ်
ကိုယ့်နားမှာနေဖို့ တောင်းဆုစကားကလွဲပြီး
ငါဘာမှ ထပ်ပြောဖို့မလိုအပ်တော့ပါဘူး.....
နင့်အချစ်တွေနဲ့ ဖြည့်စွက်ထားမယ့် ငါ့အနာဂတ်ထဲမှာ
မျှော်လင့်ခြင်း ကြယ်တစ်စင်းနဲ့
ပျော်ရွှင်ခြင်း နေ့ရက်တွေကိုပွေ့ဖက်
အဆုံးအစမဲ့ ခရီးဆက်ကြမယ်
ကောင်မလေးရယ်..

ရင်ခုန်သံတွေ အမှောင်ကျနေတဲ့ ငါ့ရင်ဘတ်ထဲ
နင့်အချစ်တွေပေးမှပဲ ထာဝစဉ်လင်းရမှာပါ
ကောင်မလေးရာ...

ငါ့အနာဂတ်ခရီးလမ်းနဲ့ ငါကိုယ်တိုင်ရေးထိုးမယ့်
ငါ့ဘဝ ကဗျည်းမှတ်တမ်းမှာတော့ နင်က
ရင်ခုန်ခြင်းရဲ့ လမင်းလေးတစ်စင်းပေါ့။။။

No comments:

Post a Comment