Saturday, January 28, 2012

ဆင်ထိန်းမောင်စိန်ရဲ့ မျိုးချစ်စိတ်

ဆင်ထိန်းမောင်စိန်ရဲ့ မျိုးချစ်စိတ်

ဆရာမောင်သော်က ပြောတဲ့ ပုံပြင်များ(၆)
နောက်ဆုံးပိုင်း အသံဖိုင်နားဆင်နိုင်ပါပြီ

မျိုးချစ်စိတ်ဓာတ်အကြောင်း နိုင်ငံချစ်တဲ့စိတ်တွေအကြောင်းကို စာပေစင်မြင့်ပေါ်ကနေ ဆရာမောင်သော်က ဟောပြောတိုင်း ‘အဲဒီလူကြီး ဒီအကြောင်းတွေဟောတာ ကြားရဖန်များပါပြီကွာ၊
ဒါပေမယ့် ဘယ်လောက်ကြားရကြားရ မငြီးငွေ့အောင်ကို ဟော ဟောတတ် လွန်းတယ်’လို့


ဆရာမောင်သော်ကနှင့် အတွဲများခဲ့တဲ့ ဆရာဦး အောင်သင်းက မကြာခဏပြောလေ့ရှိပါတယ်။ ဆရာဟောခဲ့တဲ့ မျိုးချစ်စိတ်နဲ့ ပတ်သက်တဲ့ ဟောပြောချက် တွေထဲမှာ ဆင်ထိန်းမောင်စိန်အကြောင်း ဟောတာကို ကျနော် အမြဲလို သတိရနေတတ်ပါတယ်။ မောင်စိန်ဟာ ရန်ကုန်တရိစ္ဆာန်ရုံက ဝန်ထမ်းတဦးဖြစ်ပါတယ်။ သူဟာ တရိစ္ဆာန်တွေနဲ့ပဲ နေစဉ်နဲ့အမျှ ဘ၀တလျှောက်လုံး နေထိုင်လာခဲ့သူဖြစ်ပါတယ်။ ဒီတော့ တရိစ္ဆာန်တွေအကြောင်းကို ကောင်းကောင်းသဘောပေါက်နေတော့တာပေါ့။ ဘယ် သတ္တဝါကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ ကောင်းကောင်း နှောကြေနေတဲ့ လူတဦးလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်ဦးနေဝင်းလက်ထက်တုန်းက ရုရှနိုင်ငံက ဆိုရှယ်လစ် ခေါင်းဆောင်ကြီးတဦး အာရှနိုင်ငံတွေကို လာလည်ခဲ့ ပါတယ်။ အဲဒီခေါင်းဆောင်ကြီးက တောရိုင်းတရိစ္ဆာန်တွေကို ချစ်တဲ့သူဆိုတော့ သူရောက်ခဲ့သမျှ တိုင်းပြည်က ခေါင်းဆောင်တွေ ဟာ အဲဒီရုရှခေါင်းဆောင်ကြီးအတွက် တရိစ္ဆာန်တွေကို လက်ဆောင် ပေးခဲ့ကြ ပါတယ်။ လက်ဆောင်ရတဲ့ တရိစ္ဆာန်တွေကို သင်္ဘောပေါ်တင်ရင်း ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအခါမှာ ဦးနေဝင်းကလည်း အဲဒီ ရုရှခေါင်းဆောင်ကြီးကို ဆင်တစ်ကောင် လက်ဆောင်ပေးခဲ့ပြန် ပါတယ်။ ပေးတဲ့ဆင်က နည်းနည်း ရိုင်းတယ်လို့ ဆိုပါတယ်။ ဒီတော့ အဲဒီ ဆင်ကို သင်္ဘောပေါ်တင်မရ ဖြစ်ခဲ့ပါတော့တယ်။ ဒီဆင်ကို ကောင်းကောင်း နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့သူတဦး လိုခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဆင်ကို သင်္ဘောပေါ်တင်ရေးအတွက် မောင်စိန်ဟာ အရေးပါဆုံး လူတဦး ဖြစ်လာခဲ့ပါတယ်။ သင်္ဘောပေါ်ကို တက်ဖို့ ပေတေတေ ကပ်တတ်တတ် လုပ်နေတဲ့ဆင်ဟာလည်း ဆင်ထိန်မောင်စိန်ကို မြင်လိုက်တာနဲ့ သမင်လေးတကောင်ပမာ ကုတ်ကျသွားတယ်။ ရုရှစစ်သားတွေ မြန်မာစစ်သားတွေရဲ့ အလယ်မှာ မောင်စိန်ဟာ စစ်သေနာ ပတိချုပ်ကြီး တဦးပမာ ရပ်နေခဲ့တယ်။ ပြီးတော့ ဆင်နားကို ချည်းကပ် သွားပါတယ်။ ဆင်ကြီးကလည်း မောင်စိန်အနားရောက်လာတာနဲ့ နှာမောင်းလေးနဲ့ ယုယုယယ နုတ်ဆက်လိုက်ပါတော့တယ်။ မောင်စိန်က ဆင်ကြီးနားရွက်ကို လက်နဲ့ ပွတ်သပ်ရင်း နုတ်ကလည်း တိုးတိုးနဲ့ စကားပြောလိုက် သီချင်းဆိုလိုက် ရေရွတ် နေပါတယ်။ ပြီးတော့ ဆင်ကြီးဟာ မောင်စိန်ညွှန်ကြားတဲ့ အတိုင်း သင်္ဘောကုန်းပတ်ပေါ်ကို သူ့ဘာသာသူ တက်သွားခဲ့ပါတယ်။ လူတွေ အားလုံးက တအံ့တသြ ဖြစ်နေခဲ့ကြတော့တာပေါ့။ ဆင်ကြီး သင်္ဘောပေါ် ရောက်သွားတဲ့အချိန်မှာပဲ ရုရှဂုဏ်ပြု စစ်တပ်က ဘင်ခရာနဲ့ တီးမှုတ်ဂုဏ်ပြုလိုက်ပါတော့တယ်။ ဘင်ခရာဝိုင်းတီးမှုတ်အပြီးမှာ ရုရှ ခေါင်းဆောင်ကြီး ကိုယ်တိုင် ရောက်လာပြီး ဆင်ထိန်မောင်စိန်ကို King of the elephants ဆင်တကာတို့ရဲ့ဘုရင် ဆိုတဲ့ ဂုဏ်ထူးဆောင် ရင်ထိုးတံဆိပ်တခုကို ချက်ချင်း ချီးမြင့်လိုက်ပါတယ်။ ပြီးတော့ ဒီဆင်ကြီးကို ရုရှနိုင်ငံအထိ သယ်ဆောင်ရေးမှာ ဆင်တကာတို့ရဲ့ဘုရင် မောင်စိန်ရဲ့ အခန်း ကဏ္ဍက အရေးပါတဲ့ နေရာကို ရောက်လာခဲ့ပါတော့တယ်။ ဒါ့ကြောင့်ပဲ ဆင်ထိန်းမောင်စိန်ဟာ ရုရှစစ်ခေါင်းဆောင်ကြီး နဲ့ အတူ ရုရှနိုင်ငံကို ပြန်တဲ့အပြန်ခရီးစဉ်မှာ ဆင်ထိန်း သူရဲကောင်းကြီး အဖြစ် လိုက်ပါသွားခဲ့ရပါတယ်။ သင်္ဘောပေါ်မှာကလည်း နိုင်ငံစုံက ပေးလိုက်တဲ့ တရိစ္ဆာန်တွေက အများကြီး ပါလာခဲ့တာပါ။ အပူပိုင်း ဒေသက တရိစ္ဆာန်တွေကော အအေးပိုင်းဒေသက တရိစ္ဆာန်တွေပါ အတူ ပါလာတော့ ဆူညံသောင်းကျန်း နေကြတာပေါ့၊ ထိန်းသိမ်းရလဲ ခက်လာခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးမှာ တရိစ္ဆာန်မျိုးစုံနဲ့ ဘ၀တလျှောက်လုံး နေလာခဲ့တဲ့ မောင်စိန်တစ်ယောက် အစွမ်းပြခွင့် ရခဲ့ပါတယ်။ ရာသီဥတုကြောင့် ဆူညံ သောင်းကျန်းနေတဲ့ တရိစ္ဆာန်တွေဟာ မောင်စိန်ကြောင့် အေးအေးဆေးဆေး ညိမ်ညိမ်လေး လိုက်လာခဲ့ကြတာကို လက်တွေ့ တွေ့လိုက် ရတာကြောင့် ရုရှခေါင်းဆောင်ကြီးက သင်္ဘောခရီးစဉ်မှာပဲ မောင်စိန်ကို King of the Lions, King of the snakes, King of the monkeys, King of the tigers, King of the dogs စတဲ့ ဘွဲ့တွေကို ရုရှ ခေါင်းဆောင်ကြီးက ထပ်ချီးတလဲလဲ ပေးခဲ့တဲ့အတွက် မောင်စိန့်အင်္ကျီ ရင်ဘတ်ပေါ်မှာ နိုင်ငံ့သူရဲကောင်းတွေလို တံဆိပ်တွေ မျိုးစုံရခဲ့ပါတယ်၊ ပီးတော့လည်း မောင်စိန်ကို ရုရှနိုင်ငံရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် သင်္ဘောပေါ်မှာပဲ ချက်ချင်းချီးမြောက် ခဲ့ပြန်ပါတယ်။ ရုရှကိုရောက်တဲ့အခါမှာလည်း မောင်စိန်ကို အရာရှိကြီးတွေလို အိုးအိမ်ကောင်းကောင်း အထောက်အပံ့ ကောင်းကောင်းတွေပေးပြီး သူကောင်းပြုခဲ့ပါတယ်။ မောင်စိန်တယောက် ဘာဆိုဘာမှ လုပ်ဖို့ မလိုတော့ပါဘူး၊ သူလုပ်ရတဲ့အလုပ်ကတော့ မနက်ပိုင်းတကြိမ် နေ့လည်ပိုင်းတကြိမ် တရိစ္ဆာန်တွေကိုသွားကြည့် လိုအပ်မယ်ထင်တဲ့ အစားအစာတွေ ကျွေးမွေးဖို့ စီစဉ်မှာကြား ဒီလောက်ပဲလုပ်နေရတာပါ။ အဲသလိုကောင်းစားနေတဲ့ မောင်စိန်ကို ဆရာမောင်သော်က ဟာ ရုရှနိုင်ငံ အလည်သွားရင်း တွေ့ခဲ့ပါတယ်။ ဆရာမောင်သော်က ကိုတွေ့တော့ မောင်စိန်က သူ့ဘဝကိုသူ မပျော်ပိုက်တော့ကြောင်း ရှင်းပြပါတယ်။ သူ့ဘဝမှာ လိုလေသေးမရှိအောင် အခွင့်အရေး ရနေပေမယ့် မြန်မာနိုင်ငံကို ပြန်ချင်တဲ့စိတ်က နေ့စဉ်ဖြစ်ပေါ် နေခဲ့ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်မြေကလွဲပြီး ဘယ်နိုင်ငံကိုမှ မချစ်နိုင် တဲ့အကြောင်းကိုလဲ မောင်စိန်က ရင်ဖွင့်ခဲ့တယ်လို့ ဆရာ မောင်သော်က က ပြောခဲ့ပါတယ်။ ‘မျိုးချစ် စိတ်ဆိုတာ စစ်ဗိုလ်ကြီး ဖြစ်မှ စစ်တိုက်ဖူးမှ တိုင်းပြည် ခေါင်းဆောင်ကြီးဖြစ်မှ ကိုယ့်နိုင်ငံကို ကိုယ်ချစ်တာ မဟုတ်ပါဘူး၊ ဆင်ထိန်းမောင်စိန်လည်း တိုင်းပြည်ချစ်တဲ့စိတ် အမျိုးချစ်တဲ့စိတ် ရှိတာပါပဲ’လို့ ဆရာမောင်သော်က က ဟောခဲ့ပါတယ်။ ဒီအကြောင်းကို ဟောပြောတဲ့ အခါတိုင်း တဆက်တည်းမှာ ဆရာမောင်သော်ကဟာ အရာရှိဆိုရင် ကိုယ့်အမျိုး ဖြစ်ချင်ကြတာ၊ ထင်ပေါ်တဲ့ လူဆိုရင် ကိုယ့်နဲ့အရင်းနှီးဆုံး လူဖြစ်သလိုလို ကိုယ့်လူမျိုးပဲ ဖြစ်နေသလိုလို ပြောလေ့ရှိတဲ့ လူ့သဘာဝ လူ့လောကကြီး အကြောင်းကိုလည်း ဟာသတွေနှောပီး ပြောလေ့ ရှိပါတယ်၊ အဲသလိုလဲ ပြောတဲ့ အခါတိုင်းလည်း စစ်သူကြီး မဟာဗန္ဓုလဟာ မြန်မာမွတ်ဆလင်တဦး ဖြစ်တဲ့အကြောင်းကို ဟောလေ့ရှိပါတယ်၊ ဆရာမောင်သော်ကက စစ်သူကြီး မဟာဗန္ဓုလဟာ မြန်မာမွတ်ဆလင် တဦးဖြစ်တယ်လို့ ဟောတိုင်း ဆရာမောင်သော်ကလိုပဲ အဟောအပြောကောင်းတဲ့ စာရေးဆရာကြီး ဆရာမောင်ကိုယု ခေါ် မောင်သစ်ကလဲ စစ်သူကြီး မဟာဗန္ဓုလဟာ တရုတ်လူမျိုးဖြစ်တယ်ဆိုပီး ဟာသလေးနှောရင်း ဟောပြောလေ့ ရှိကြပါတယ်၊ မျိုးချစ်စိတ်ဓာတ်အကြောင်း ဟောပြောချက်တွေ ထဲမှာ ဒီအကြောင်းအရာဟာ စာပေလောကမှာ ပြောစမတ် ဖြစ်ခဲ့တဲ့ အကြောင်းမို့ ကွယ်လွန်ခဲ့ပီး ဖြစ်တဲ့ ဆရာကြီး နှစ်ဦး ကို အမှတ်တရ ဖြစ်စေဖို့ ကျနော် ပြောပြချင်ပါတယ်၊ ဆရာမောင်သော်ကက မဟာဗန္ဓုလဟာ မွတ်ဆလင်ဖြစ်တယ် သူ့နာမည်အရင်းဟာ အဒူလရစ် ဖြစ်တယ်။ ဒါ့ကြောင့် မိဘဆွေမျိုး တွေက စစ်သူကြီး မဟာဗန္ဓုလကို ချစ်စနိုးနဲ့ မောင်ရစ်လို့ ခေါ်ခဲ့တာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အဲသလို ပြောရတာကတော့ ဆရာမောင်သော်က ကိုယ်တိုင်က မွတ်ဆလင် ဖြစ်နေတာကြောင့် နာမည်ကြီးတဲ့ မြန်မာတွေချစ်တဲ့ စစ်သူကြီးတဦးကို ကိုယ့်လူ ဖြစ်အောင် ပြောမယ်ဆိုရင် အဲသလိုပြောလည်း ရတယ်ဆိုတဲ့ သဘောနဲ့ ပြောလိုက်တာ ဖြစ်ပါတယ်။ ဆရာမောင်သော်က ဟောတဲ့အလှည့်လည်းပြီးတဲ့အခါမှာ ဆရာမောင်ကိုယု (မောင်သစ်)ကလည်း ဆရာ မောင်သော်ကဟာ မြန်မာ့ ရာဇ၀င်သမိုင်းကြောင်းကို မှားအောင်လုပ်လိုက်တာဖြစ်တယ်။ ဆရာမောင်သော်က ကိုယ်တိုင်က မြန်မာမွတ်ဆလင်ဖြစ်နေတော့ မြန်မာ့စစ်သူကြီး မဟာဗန္ဓုလကိုလည်း မွတ်ဆလင် မဖြစ်ဖြစ်အောင် ပြောလိုက်တာ ဖြစ်တယ်လို့ ဟောပြောပြန်ပါတယ်။ အဲဒါနဲ့ တဆက်တည်းမှာ ဆရာမောင်ကိုယုက ‘တကယ်တော့ စစ်သူကြီး မဟာဗန္ဓုလဟာ မွတ်ဆလင် မဟုတ်ပါဘူး၊ မြန်မာတွေကို ချစ်တဲ့ မြန်မာနိုငံကို ချစ်တဲ့ တရုတ်လူမျိုးဖြစ်တယ်လို့ ဟောပြော ပြန်ပါတယ်။ ဘာ့ကြောင့် ဒီလိုပြောရတာလဲဆိုတော့၊ စစ်သူကြီး မဟာဗန္ဓုလဟာ မြန်မာ့စစ်သူကြီးဖြစ်နေတော့ကာ တရုတ် လူမျိုးဖြစ်တာကို ဖုန်းကွယ်ထားလို့ ဖြစ်ပါတယ်’ လို့ ဆရာမောင်ကိုယု က ချေပပြောဆိုခဲ့ပါတယ်။ ကိုယ်မျိုးရိုးဆိုတာ ဘယ်လိုမှ ဖျောက်မရကြောင်းနဲ့ စစ်သူကြီး မဟာဗန္ဓုလဟာလည်း သူတရုတ်ဖြစ် ကြောင်းကို နောက်ဆုံး ကျဆုံးရတော့မယ့်အချိန် ဗုံးကျည်ထိမှန်တဲ့အချိန်မှာ ဟန်မဆောင် နိုင်တော့ဘဲ ထုတ်ဖော်ပြောခဲ့တယ်လို့ ဆရာမောင်ကိုယု က ပြောပြန်ပါတယ်။ စစ်သူကြီး မဟာဗန္ဓုလကို ဗုံးကျည်ထိတဲ့အခါ မဟာဗန္ဓုလက ‘အား - လု ဗုံးမှန်ပြီ’ လို့ လူသိရှင်ကြား အော် ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့် အခုလို အော်ရတာလဲ ဆိုတာကိုတော့ ပရိသတ်ပဲ စဉ်းစားပါတော့လို့ ဟောလိုက်ပြန်ပါတယ်၊ အဲဒီလို ဟာသနှောပီး ပြောလိုက်တာကတော့ ဆရာ မောင်ကိုယု ကိုယ်တိုင်ကလည်း တရုတ်လူမျိုး ဖြစ်နေတာ ကြောင့်ပါပဲ။ ကဲ မြန်မာနိုင်ငံသားမှန်သမျှ စစ်ဗိုလ်ပဲ ဖြစ်ဖြစ် အညတရပဲ ဖြစ်ဖြစ် လူမျိုး ဘာသာမရွေး ဘယ်သူမဆို မျိုးချစ်စိတ်ဓာတ် ရှိနိုင်ကြောင်းပါဗျာ၊ ဆရာမောင်သော်က ပြောတဲ့ ပုံပြင်တွေကို နားထောင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ဒီပုံပြင်လေးဟာ ကျနော့် အစီအစဉ်ရဲ့ နောက်ဆုံး အစီအစဉ် ဖြစ်ပါတယ်၊ စိတ်ပျော်ရွှင် ကြည်နူးနိုင်ကြပါစေ၊ ကျနော် ကိုဂျေပါ ခင်ဗျာ၊

No comments:

Post a Comment