Monday, January 30, 2012

လွမ်းစရာများ





ကဲ .. ကြည့်စမ်း
မိုးရေတွေ ကျနေတဲ့ လောကတစ်ခုလုံး
လွမ်းစရာတွေချည်း ဖုံးလို့နေပေါ့ကွယ်
နှစ်ဆယ့်ခြောက်နှစ်စာ အိပ်မက်တွေလည်း လွမ်း
ငါနဲ့ မတည့်တဲ့ ကံကြမ္မာကိုလည်း လွမ်း
ခန္ဓာကိုယ်လှတဲ့ မိန်းမတစ်ယောက်ကိုလည်း လွမ်း
ပြန်မရှင်းတတ်တဲ့ စာရင်းဇယားတွေကိုလည်း လွမ်း

လူကြိုက်များတဲ့ မိန်းမတစ်ယောက်လို
လူကြိုက်များတဲ့ ကဗျာတွေဖြစ်ဖို့ကို ဘာပန်းတွေပန်ပေးရမှာလဲ
ထားလိုက်ပါကွယ်
ပန်းဆိုတာက ကဗျာပန်နေကြ ဖြစ်ဦးမှပါလေ
ကဗျာက ကဗျာကလွဲလို့ ဘာကိုပန်ပြရဦးမှာလဲ
ငါက အသွေးအသားထဲကနေပဲ ထွက်ကျလာတယ်
သွေးတစ်စက်စက်လို
ကဗျာက တစ်ပုဒ်ပြီးနောက်တစ်ပုဒ်

ဘာသရုပ်သကန်နဲ့မှ မှန်ကန်ပြရမှာလဲ
ဘ၀တစ်ခုလုံးမှာ ရှုပ်ပွနေတာကို မရှင်းတတ်လို့
ထိုင်ကာကြည့်နေရတာ ကြာလှပေါ့ကွယ်
ငါကတော့ ငါ့လမ်းမထက်မှာပဲ ရှင်ဘုရင်လည်း ငါ
သူတောင်းစားလဲ ငါ
ဘယ်သူက လာညာချင်တာလဲ
ကိုယ့်တိုက်ပွဲတွေအတွက်ချည်းပဲ ကိုယ်သူရဲကောင်းလုပ်မှာပေါ့

ညတွေနက်လာလေတိုင်း ကိုယ့်စိတ်ထင်တိုင်းကိုယ် ငိုမယ်
ကိုယ်ပြန်မရနိုင်မယ့် အရာတွေအတွက်
မျက်ရည်ကသာ လက်ဆောင်ဖြစ်မှာပေါ့
လူအဖြစ်မှာ ကိုယ့်ကိုယ်ကို ပြန်မညာဖို့ပဲလိုတယ်
တိတ်ဆိတ်တဲ့ ညတိုင်းမှာ မျက်ရည်နဲ့ ဆက်ရေးဖြစ်တဲ့
ကိုယ့်နောင်တတေးတွေကိုပဲ ကိုယ်သီဆို
ဘ၀ကို ချိုနိုင်ဖို့ ငိုတတ်ဖို့လည်းလိုမယ်

အာရုဏ်တက်မှာ လင်းလက်လာမယ့် ကြယ်တစ်ပွင့်လို
ဟောဟိုကောင်းကင်ထက်မှာ မတ်တပ်တပ်ရပ်မယ်
လွမ်းဖူးရာရာတွေအတွက် ကိုယ့်ကိုယ်ကို နည်းနည်းလေး တည့်မတ်လိုက်ပါရဲ့လေ။
(ကို စိုင်း)
. .လူတစ်ယောက်၏ ကြီးကျယ်မြင့်မြတ်မှုသည် သူ၌ဘာရှိသည်၌ မတည်......သူဘယ်လိုလူ ဖြစ်သည်၌သာတည်၏.....

No comments:

Post a Comment