Sunday, January 22, 2012

လမင်းသို့ ခွေးဟောင်နေကြသူများ

လမင်းသို့ ခွေးဟောင်နေကြသူများ
အမေရယ်..
တခါတုန်းကလေ
အမေအမေလို့တကြော်ကြော်အော်
ကြွေးကြော်နေကြတဲ့သူတချို့ပေါ့
အခုတော့ အရောင်တွေပြောင်း
စိတ်ဓါတ်တွေ မြောင်းထဲရောက်ကုန်ကြပြီ အမေ..

ဦးစောရဲ့ ၀ိဥာဉ်ပူးကပ်
ဘီလူးသဘက်စီးသလို
အသိဥာဏ်တွေ ပျောက်ကုန်တာလား
ဒါမှမဟုတ် မျိုးစေ့မမှန်လို့
ပင်မသန်ကြတော့တာလား
မဟားဒရား အပြောတွေနဲ့
အမေ့ကိုစော်ကား
သူတို့စိတ်ထားတွေ
ပြကုန်ကြပြီအမေ..။

ရခဲလှတဲ့ လူ့ဘ၀မှာ
ဘယ်သူက စိတ်ညစ်ခံချင်မှာလဲ?
ဘယ်သူက အကျဉ်းစံချင်မှာလဲ?
ဘယ်သူကများ အထီးကျန်ချင်မှာလဲ?
လူသားတွေပဲ..ပျော်ချင်မှာပေါ့
လူသားတွေပဲ..လွတ်လပ်ချင်တာပေါ့
လူသားတွေပဲ..မိသားစုဘ၀ရချင်မှာပေါ့

ဒါပေမယ့်..
အမေ အဲဒီလိုမနေခဲ့ဘူး
အထူးထူးသော စည်းစိမ်စွန့်ပယ်
ပြည်သူ့အတွက်ရယ်လို့
ကိုယ့်ဘ၀ကိုယ် ထိပ်တုံးခပ်
ပေးဆပ်ခဲ့ပေမယ့်
အပြုံးမပျက်စတမ်း
ဖြတ်သန်းခဲ့တာ
ဆယ်စုနှစ်တခု မကပါဘူး..။

ဘယ်အရာပဲလုပ်လုပ်
ပြည်သူကိုပဲ ဦးစားပေး
ပြည်သူ့အရေး အလေးမူလို့
မာန်ဟူသမျှ ခ၀ါချတဲ့
အမေ့အစား
တခါတခါ သားရင်နာရတယ်..အမေ

ကိုယ်တိုင်လည်း ဦးမဆောင်
လမင်းကို ခွေးဟောင်သလို ဟောင်ကြ
ရှေ့ကလည်း မသွား
နောက်ကလည်း မလိုက်
ကန့်လန့်တိုက်တဲ့ လူစားတွေ
တွေ့တွေ့နေရတာ
အကုသိုလ်များတယ်.. အမေရယ်

"တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတာ
စစ်အစိုးရနိုင်ဖို့မဟုတ်သလို
ကျမတို့အနိုင်ရဖို့လည်း မဟုတ်ပါဘူး
ပြည်သူတွေ အနိုင်ရဖို့သာဖြစ်ပါတယ်" ဆိုတဲ့
အမေ့ရဲ့စကား ဖိုးသိကြားနားမှာ
အထပ်ထပ် ကြားယောင်မိတယ်..အမေရယ်

ဒါကိုပဲ တချို့တချို့က
သဘောမကျ ဒေါတွေပွလို့
အမေ့ကို ပျော့ညံ့တယ်လို့ပြော
ခေါင်းဆောင်မပီသ လို့ပုတ်ခတ်
စွတ်စွဲချက်တွေ အမျိုးမျိုးနဲ့
အရပ်တကာ လှည့်အော်
မတော်စိတ်ဓါတ်တွေနဲ့
ရှေ့ဆက်နေကြလေရဲ့

သူတို့က အမေ့ကို
လမ်းပေါ်ထွက်ရပ်ပြီး
လက်သီးလက်မောင်း တန်းပြမှ
ကျားခင်စိန်လို စိတ်ကြမ်းလူကြမ်းနဲ့
သူပုန်ဇာတ်လမ်း ခင်းပြမှ
ကျေနပ်ကြမယ်တဲ့လား..
ပျော့ညံ့တာနဲ့ ပျော့ပြောင်းတာ
အဓိပ္ပါယ်ကွာတယ်ဆိုတာ
မသိလေရော့သလား ကိုဖွတ်ကြားတို့ရယ်

အာလုံးအတွက် အရေးကြီးတဲ့ခုချိန်ခါ
အမေ့အနီးမှာ ၀န်းရံ့မယ့်အစား
ဖွတ်ကြားစကားတွေနဲ့
အမေ့ကို ပြန်ပြန်ပက်နေတဲ့
သူတို့ရဲ့ လုပ်ရပ်တွေက
ပတ္တမြားရွှေဂူကို မစင်လူး
ပွတ်တိုက်နေတဲ့ ၀က်ရူးတွေလိုပါပဲ..အမေ

ဒီကြားထဲတချို့က
တိုင်းတပါးမှာနေခဲ့ဖူးတာကိုအပြစ်လုပ်
မနှစ်မြို့တဲ့လေသံတွေနဲ့
စော်ကားကြသေးတယ် အမေ..



အမေ့ရင်ထဲက မြန်မာကိုချစ်တဲ့
မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတဲ့စိတ်ဓါတ်တွေကို
တိသလ္လာဖုန်း စုံလုံးကန်းသလို
မမြင်ကြဘူးအမေ..
သားတွေကို ရှင်ပြု
ယဉ်ကျေးမှုနဲ့အညီ သင်ကြားပြလို့
မြန်မာ့စိတ်ဓါတ် မပျောက်ပျက်အောင်
စောင့်ရှောက်ခဲ့တဲ့ အမေ့စိတ်ဓါတ်ကို
သားကတော့ အမြဲဂုဏ်ယူလေးစားလျက်ပါ..။

ဘယ်သူတွေ ဘယ်လိုတိမ်းတိမ်း
ဘယ်သူတွေ ဘယ်လိုယိမ်းယိမ်း
သားရဲ့စိတ်ထားက မပြောင်းမလဲ
ခိုင်မာစွဲလျက် အမေ့ဘက်မှာ
အမြဲရပ်နေမှာပါအမေ..
အရင်ကလည်း အမေ..
ခုလည်းအမေ..
နောင်လည်းအမေ..
အမေဟာ ထာဝရပါ..အမေ..။

ပြည်သူအများ ယုံကြည်ထားတဲ့
အမေ့ဦးဆောင်မှုအောက်
ရောက်ရှိချိန်မှာ
ကိုယ်တိုင် လမ်းမဖောက်နိုင်ပဲနဲ့တော့
အီးမပေါက်ကြပါနဲ့..
နောက်က မလိုက်ချင်နေပါ
ဘေးတိုက်မသွားပါနဲ့...
မလေးစားရင်နေပါ
မစော်ကားပါနဲ့..
လမင်းကို ခွေးဟောင်
လရောင်ဘယ်ခါမပျက်ဘူးဆိုတာ..
မှတ်ထားလိုက်ကြပါ.

No comments:

Post a Comment