Sunday, January 15, 2012

အမုန်းတရားနှင့် နှစ်ဦးသဘောတူ

အမုန်းတရားနှင့် နှစ်ဦးသဘောတူ


ထီးတစ်စင်းရဲ့ အမှတ်တံဆိပ်က  ယေဘုယျ ဆိုတော့

ကျွန်တော့ ဘေးနားမှာ သူရှိသလို

ခင်ဗျားဘေးနားမှာလည်း ရှိနေပါလိမ့်မယ်

အရောင်ပြောင်းတတ်တယ် အမူအရာပြောင်းတတ်တယ် ဆိုပေမဲ့

သူသရုပ်ဆောင်လေသမျှ မြေခွေး နဲ့ တောကြောင်

အလင်းရောင်ကို ကျောပိုးလို့ ထိုးကျနေတဲ့ အရိပ်မှာ

ဝှက်ထားတဲ့ ခြေသည်းချွန်တွေနဲ့ သွားစွယ်က အထင်းသား

မထိခိုက်ပေမဲ့လည်း ဖျတ်ကနဲ ဆွဲဟပ်

ရိပ်ကနဲမြင်ရင် ၀ုန်းကနဲ ခုန်အုပ်

ကြယ်ကြွေတာလည်း ထိုးထိုးဟောင်

ထိကရုန်းပင် နိုးထတာလည်း ဖမ်းခုတ်လိုခုတ်

မှန်ဘီလူးတစ်ခုရှေ့ မှာ ဧရာမကြီးပဲရယ်လို့

နှုတ်ခမ်းထောင့်စွန်းတွေ နောက်စေ့ရောက်အောင် ကျေနပ်နေလိုက်တာ

အမွေးအမျှင်ကြားက သန်းယားတာကိုပဲ စည်းစိမ်မှတ်ရင်း

လက်ဖ၀ါးတွေ ခွေးလှေးယားသီးမှုန့် အပြည့်ဖြူး

ခါးပိုက်ထောင်ထဲမှာ ဆူးတွေ ထိုးသိပ်ထည့်

ခြေဦးထိပ်မှာ ဓားမြောင်တွေနဲ့ 

နောက်ကျောမှာ မီးခဲရဲရဲတွေတင်

မြားအပြည့် ကျည်နဲ့ လေးတစ်စင်းကို စလွယ်သိုင်းလို့

ပြုံးပြုံးကြီးလျှောက်လာရင်း

မင်္ဂလာပါ ခင်ဗျားတဲ့

ဟိုးအနောက် တစ်ဖက်ပိတ်နံရံဆီက

ပဲ့တင်သံကိုတောင် ကြားလိုက်ရ

ဟောဒီ ပြားချပ်ချပ် ရာဘာဘောလုံးခွံဟာ

ကျွန်တော့် မျက်နှာနဲ့ တူလွန်းလှပါကလား

နားရွက်ဖျားလေးတွေမှာ တံတွေးတစိုစိုနဲ့ရယ်----။ ။

No comments:

Post a Comment