Sunday, January 15, 2012

အမေ (သို့) ကျွန်တော့်ရဲ့ ကျွန်တော်ကို မွေးဖွားပေးသူ"

အမေ (သို့) ကျွန်တော့်ရဲ့ ကျွန်တော်ကို မွေးဖွားပေးသူ"


အမေ...

အသက်နဲ့ရင်းပြီး အသက်ဓာတ်ပေးသူ

ဘဝနဲ့ရင်းပြီး အတွေ့အကြုံတွေ မျှဝေသူ

မေတ္တာနဲ့ရင်းပြီး ချစ်ခြင်းတရားကို သင်ပြသူ

အမေ...

နှလုံးသားနဲ့ရင်းပြီး ခံစားချက်တွေ ထည့်ပေးသူ

ရိုးသားမှုနဲ့ရင်းပြီး ခံယူချက်တွေ သွတ်သွင်းပေးသူ

နားလည်မှုနဲ့ရင်းပြီး ယုံကြည်ချက်တွေ မွေးဖွားစေသူ



အမေ...

အမေဟာ

အရာအားလုံးနဲ့ ရင်းပြီး

ကျွန်တော့်ရဲ့ ကျွန်တော်ကို ဖြစ်စေသူ။



အမေ...

ခါးသီးမှုတွေကို ချိုမြိန်စေသူ

ချို့တဲ့မှုတွေကို ပြည့်စုံစေသူ

ကြမ်းတမ်းမှုတွေကို နူးညံ့စေသူ



အမေ...

ပူလောင်ချိန်တွေမှာ အေးမြစေသူ

ဝမ်းနည်းချိန်တွေမှာ ပျော်ရွှင်စေသူ

အမှောင်နေ့တွေမှာ အလင်းရောင်ပေးသူ



အမေ...

အမေဟာ

အချိန်တိုင်း နေရာတိုင်းမှာ

ကျွန်တော့်ရဲ့ ကျွန်တော်ကို တန်ဖိုးတက်စေသူ။



အမေ...

အမေဟာ ကျွန်တော့်ကို

လူလားမြောက်စေခဲ့တယ်

လူနဲ့တူစေခဲ့တယ်

လူသားဆန်စေခဲ့တယ်

လူပီသစေခဲ့တယ်။



အမေ...

တချို့လူတွေကပြောတယ်

ကျွန်ုပ်တွေးသည် ကျွန်ုပ်ရှိသည်တဲ့

တကယ်က

အမေမွေးလို့ ကျွန်တော်ရှိလာတာပါ။



အမေ...

အမေ့ရဲ့ ကျေးဇူးကမ္ဘာကို

ဒီကျေးဇူး ကဗျာလေးနဲ့ ဖော်ညွှန်းလို့လည်း

ပြည့်စုံမယ်မထင်ဘူး အမေ...။



အကန့်အသတ်ရှိ ဝေါဟာရတွေက

အကန့်အသတ်မဲ့ အမေ့ရဲ့မေတ္တာကို

ဘယ်လိုနည်းနဲ့ ထပ်တူပြုနိုင်မှာလဲ။

ပုံသဏ္ဌာန်နဲ့ စကားလုံးတွေက

ပုံသဏ္ဌာန်မဲ့ အမေ့ရဲ့ ကရုဏာတွေကို

ဘယ်လိုနည်းနဲ့ ထပ်တူပြုနိုင်မှာတဲ့လဲ။



ဘာပဲဖြစ်ဖြစ်ပါ...

အမေ့ရဲ့ ကျေးဇူးကမ္ဘာတွေအတွက်

ဒီကျေးဇူးကဗျာလေးနဲ့ပဲ

ဝေးမြေကနေ ဦးခိုက်လိုက်ပါတယ် အမေ...

အမေ ရွှင်လန်းချမ်းမြေ့ပါစေ။

No comments:

Post a Comment