Sunday, January 22, 2012

ဒီမိုကရေစီ အိမ်ထောင်သစ်

ဒီမိုကရေစီ အိမ်ထောင်သစ်


ဒီနေ့ မိုးလင်းပြန်ပြီ
မိန်းမရေ
ဘာများ ကို့အတွက်ချက်ထားသလဲ . . .
မနက်စာရိုးရိုးပဲကွယ်
အထူးတလည် လုပ်မနေပါနဲ့
တို့များက ဆင်းရဲသားပဲ
မနေ့ညက ကျန်တဲ့ ကြက်ကြော်နဲ့
ဒီနေ့မနက်ချက်တဲ့ ၀က်သနီချက်လေးနဲ့
ဆီပြန်ကြော်ထားတဲ့ ပဲပြုပ်လေးနဲ့
မြန်မာလူမျိုးပီပီ ဧရာဝတီတိုင်းက
ငပိရည်ကျိုလေး နဲ့
ဒီမှာ ဘာမှ အားငယ်မနေနဲ့
ဒီမိုကရေစီခေတ် ( ဆိုလားပဲ ) ရောက်ပြီကွဲ့ . . .



စုထားဆောင်းထားတဲ့
ပိုက်ဆံ သုံးသိန်း
ကျစ်ကျစ်ပါအောင် သိမ်းထားစမ်းပါ မိန်းမရေ
မကြာခင် ဖေဖော်ဝါရီလများမှာ
တန်ဖိုးနည်း ဖုန်းဆိုလား
သုံးသိန်းကြီးများတောင်ကျတဲ့
ဆက်သွယ်ရေးကရိယာ ရတော့မတဲ့
ဘင်္ဂလားဒေ့ခ်ျ က သုံးဒေါ်လာဖုန်းများ
အပေါစား ပါကွယ် မိန်းမရယ် . . .



ဆင်းရဲသားများ
တိုက်ပေါ်တက်သွားတဲ့ ခေတ်တဲ့ကွဲ့
တို့များ မြောက်ဒဂုံက
လယ်ကွက်လေးတွေတောင်
သိန်းတရာပေးသူပေး
သိန်းနှစ်ရာပေးသူပေး
အဟေ ဟေး
ပျော်စရာကြီးကွဲ့မိန်းမရဲ့
တို့များလည်းမကြာခင်
တိုက်ပေါ်တက်ရချည်သေးရဲ့
တို့အမေကြီး အမွေပေးတဲ့
လယ်ကွက်လေးကိုလည်း ဆက်ဆက်သိမ်းကြမယ် . . .



အမေဒေါ်အောင်ဆန်းစုကြည်တောင်
ပါတီပြန်ထောင်မယ်ဆိုလား
ကြားဖြတ် တန်းစီမယ်ဆိုလား
ရတဲ့အခွင့်အရေးယူမယ်ဆိုလား
ဘာမှ ခွန်းတုံ့မပြန်လိုက်ပါနဲ့ကွယ်
ဒို့များထက် အဆမတန်ကြီးမြတ်တယ်မဟုတ်လား
ရှုးး . . . တိတ်တိတ်
သူသာကြားလို့စိတ်ဆိုးရင်
ဒို့ ရင်ကျိုးရချည်သေးရဲ့ . . .



ဒီမှာ
အကို အခုနက ပြောခဲ့သလို
ဒီမိုကရေစီခေတ်ဆိုတာသေချာပါတယ်ကွဲ့
အရင်က ဗိုလ်ချုပ်ကြီးတွေများ
ခေါင်းပေါင်းတလူလူ တိုက်ပုံတကားကား
သမ္မတဦးသိန်းစိန်အမိန့်နဲ့တောင်
ဧရာဝတီပရောဂျက် ခဏနားလိုက်တယ်ဆိုလား
ကျေးဇူးဥပကာရ အထူးတင်ရှိရမှာပေါ့ကွယ်
နောက်တစ်ယောက်တက်လာလို့
ဒီပရောဂျက်ပြန်စရင်
အကိုအရမ်းကြိုက်တဲ့
ဧရာဝတီငပိရေကျိုလေးနဲ့ဝေးရချည်သေးရဲ့ . . .



ဒို့ဆင်းရဲသားများ
မကြာခင်ချမ်းသာကြရမှာပါမိန်းမရဲ
မပူပင်စမ်းပါနဲ့
ဒို့နိုင်ငံက လူတော်ကြီးများ
ခေါင်းတညိတ်ညိတ်
အိပ် တငိုက်ငိုက်နဲ့
လွတ်တော်ဆိုတာကြီးထဲမှာ
အပြင်းအထန်ဆွေးနွေးနေခိုက်မဟုတ်လား
စိတ်ရှည်ရှည်ထားပြီးစောင့်စမ်းပါကွယ်
မကြာခင်အချိန်အတွင်းမှာ

တို့များလည်း ချမ်းသာနိုင်ပါတယ် . . .

မိန်းမရေ
မင်းချက်ထားတာ ဒါပဲလား
ဘာ !
ကြက်ကြော်မပါ
ဝက်သနီ မပါ
ငပိရည်ကျိုမပါ
ထမင်းကြမ်းတစ်ခဲနဲ့
ဘုတ်ဆုံမငပိဗူးတစ်ဗူးနဲ့သာ
ဒီမိုကရေစီခေတ်မှာ
ယောင်္ကျားကိုကျွေးတယ်ဆိုတာ
နိုင်ငံတော်သစ္စာဖောက်မှု့ထက်ကြီးတယ်ကွဲ့
တောက်
အသုံးမကြတဲ့မိန်းမ
မင်းလုပ်တာနဲ့
ဦးသန်းရွှေကိုသာ
ငါပြန်သတိရမိလာတယ် . . .

No comments:

Post a Comment