Sunday, January 22, 2012

တစ်နှစ်တာအတွင်း လူထု ပြောတဲ့ အပြောင်းအလဲ မပြောင်းမလဲ


တစ်နှစ်တာအတွင်း လူထု ပြောတဲ့ အပြောင်းအလဲ မပြောင်းမလဲ

( ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပတ်သက်လို့ ဘာရေးရမှန်း 
  မသိလို့ အနီးစပ်ဆုံး ဆောင်းပါးလေးကိုပဲ မျှဝေပေး လိုက်ပါတယ် ။)
နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးတော့မည်။ ၂၀၁၁ သည် အတော်ပဲ လျင်လျင် မြန်မြန် ကုန်ဆုံးသွားသည်ဟု ခံစား နေရသည်။ နိုင်ငံရေး အခြေခံ ပြောရမည်ဆိုလျှင် ဘာမှ မကြာလိုက်ပါဘဲ ၊ ရောက်လာပါပြီ ၂၀၁၂။
နှစ်ဆန်းပြီ။ အခုလို နှစ်ဆန်းချိန်မှာ တစ်နှစ်တာ အတွင်းက ပြည်သူလူထု၏ အမြင်များကို စိတ်အေးအေး ထားပြီး နှစ်ဟောင်းကို ပြန်လည် ငဲ့ကြည့် ချင်ပါတယ်။ နိုင်ငံရေးရာ သမင်လည်ပြန် ဆိုပါတော့။

အသက်ရှုခွင့် ရလာခဲ့တာ
ပြီးခဲ့သည့် တစ်နှစ်တာ အတွင်း ပြည်သူ လူထုအတွင်းမှာ အပြောအများဆုံး ကိစ္စက အပြောင်းအလဲ ကိစ္စပဲ ဖြစ်သည်။ မကြုံစဖူး ထူးကဲတဲ့ အချို့သော အဖြစ်အပျက်များ ဖြစ်ပွားခဲ့တာဖြစ်လို့ အရာအားလုံး ပြောင်းလဲ သွားသလိုလို ထင်မိကြသည်။ မှန်ပါသည်။ နိုင်ငံ၏ သမ္မတ အပါအဝင် ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌနှင့် ပြည်ထောင်စု လွှတ်တော် နာယက စသော စစ်ဗိုလ်ချုပ်ကြီးများ တစ်ဖြစ်လဲ တိုင်းပြည်၏ လက်ရှိ နိုင်ငံရေး အခြေအနေမှာ အရေးပါသည့် နေရာမှာ ရှိနေသူများက ဒီမိုကရေစီ စကားကို အကျယ် လောင်ဆုံး ပြောသည်။ ပွင့်ပွင့် လင်းလင်းလည်း ပြောသည်။ ဘယ်တော့မှ တွေ့ဆုံမှာ မဟုတ်ဘူးလို့ ကြွေးကြော် ခဲ့သော အသံများက တိုးတိတ် သွားခဲ့ပါပြီ။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပြည်သူကြားက ရေပန်းအစားဆုံး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတတို့ ၊ အစိုးရ အဖွဲ့တို့ တွေ့ဆုံ စကားပြောကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး စင်မြင့်ထက်မှာ မြင်လိုကြောင်း ဖိတ်မန္တက ပြုကြသည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သည်အငြိမ်းစား ဗိုလ်ချုပ်ကြီး များကို တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင် ကြမည့်သူများ ဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောလိုက်သည်။ သည်လို စကားတွေ ကြားရ၊ တွေ့ကြ ဆုံကြတာ တွေကို မြင်ရတော့ ပြည်သူ လူထု အတွင်းမှ တချို့က ဒီလူကြီးတွေ ဒီလက်ရှိ နေရာတွေက ဖယ်ရှား ခံရမှာ ကိုတောင် စိုးရိမ်မိသည်ဟု ပြောတာ ကြားလိုက် ရသည်။ စစ်အင်အား အခြေခံနှင့် အုပ်ချုပ်ရေး အာဏာ ရယူုထား သူများကို အမြဲတမ်း ဆန့်ကျင် နေကြသူများပင် အငိုက်မိ သွားသည်။ ကောင်းတာ ပြောင်းတာကိုတော့ ထောက်ခံစရာ ရှိရင် ထောက်ခံ ရမှာပဲ ဟူသော သဘောထားများကို ပေးလာကြသည်။ တပ်မတော် ခေါင်းဆောင် ဟောင်းများ ပါဝင်သည့် အစိုးရအဖွဲ့ကို ထောက်ခံလိုသော သဘောထားများကို ဖော်ပြ လာကြသည်။

နိုင်ငံရေးအရ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ လှုပ်ရှားခွင့် အခြေအနေ များပေါ်ပေါက် လာတာက ဝမ်းသာစရာ ဖြစ်ပါသည်။ ပြည်သူလူထု အတွင်းမှာ ကောင်းတာ လေးတော့ ရှိသားပဲ၊ အကောင်းတွေ လာတော့မယ် ဟူသော မျှော်လင့်ချက်တွေ ရှိလာတာက ဝမ်းသာစရာ ဖြစ်ပါသည်။ ပြည်သူ လူထုမှာ နိုင်ငံရေး အကျပ်အတည်းများ ကြားမှာ နစ်မွန်းကာ အသက်ရှု မရဖြစ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ သည်လို မွန်းကျပ်မှု များကြားက အနည်းငယ် သက်သာသလို ခံစားရတာကိုပဲ ဝမ်းသာရပါသည်။ ပြည်သူလူထုက ဒီအခြေအနေကို မယုံရဲတာတွေ အများကြီး ရှိနေပါသေးသည်။ အကောင်းတွေ လာတော့ မည်ဆိုတာကို ပိုတောင် မယုံရဲရဲ ဖြစ်ကြပါသည်။ ဒါပေမဲ့ အဆိုးတွေတော့ လာဖို့ ခဲယဉ်းသွားပြီဟု ယုံကြည် နေကြတာ တွေ့ရသည်။ ပြည်သူ့ ယုံကြည်မှုက အလွန်ပဲ အရေးကြီးတာ ဖြစ်သည်။ ဒါက အပေါင်းလက္ခဏာ။

အပြောင်းအလဲတွက် လိုအပ်ချက်
သို့ရာတွင် ၊ (နိုင်ငံရေး) ယုံကြည်ချက်များကို အခြေခံ လုပ်ကိုင်ကြရင်း အကျဉ်းထောင် တွင်းသို့ ရောက်သွားကြ သောသူများက အခုထိ သည်အတိုင်းပဲ ရှိသေးသည်။ သူတို့၏ မိသားစုဝင်များက နိုင်ငံရေး အပြောင်းအလဲ မိုးကြီးက ကွက်ကျားမိုး ပါဟု မြင်ကြသည်။
ယုံကြည်ချက်ကြောင့် အကျဉ်းထောင် အတွင်း ရောက်နေသူများ အားလုံး လွတ်မြောက်ရေးသည် ပြည်သူ့ ဘဝ ဒီမိုကရေစီ တိုးတက်ရေးနှင့် တိုက်ရိုက် ပတ်သက် နေသကဲ့သို့ နိုင်ငံတကာ ဆက်ဆံရေး မှာလည်း အရေး ကြီးသော အကျိတ်အခဲ တစ်ခုဖြစ်ပါသည်။ နိုင်ငံတကာက မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး တိုးတက် ပြောင်းလဲမှုတို့ စတင် လာတော့မည်ဟု ထင်မြင် နေကြပြီ ဖြစ်သည်။ ဒါကို အတည်ပြုဖို့ အတွက် ဒီအကျဉ်းသားတွေ အားလုံး လွတ်ဖို့ လိုနေပြီ။ ယုံကြည်ချက် အကျဉ်းသားများ အားလုံး လွတ်မြောက် လာတာသည် နိုင်ငံရေး အပြောင်း အလဲအတွက် လက်ငင်း လိုအပ်ချက် တစ်ခုဖြစ်ပါသည်။ ဒါကို အစိုးရအဖွဲ့က မြန်မြန် ဆန်ဆန် မှန်မှန် ကန်ကန် လုပ်ရေးသည် ပြည်သူ့ လိုလားချက် တစ်ရပ် ဖြစ်ပါသည်။ ဒါက နှစ်ကူးကာလ ပြည်သူ့ ဆုတောင်း။

ဘာတွေမပြောင်းလဲဘူးလဲ
နိုင်ငံရေး မျှော်လင့်ချက်တွေ ကြားထဲမှာ မနေအား သူများအဖို့အတော့ တော်တော်များများ ဘာမှ မပြောင်းလဲ သေးပါဘူးဟု ဆိုကြသည်။ လက်ငင်း ဘဝထဲမှာ လက်တွေ့ ရင်ဆိုင် နေရသော ပြဿနာများနှင့် နပန်းလုံး နေကျ သူတွေ ကြားမှာ ဘာမှထူးထူးကဲကဲ မပြောင်းလဲသေးပါဟု ဆိုကြသည်။
မနက်ခင်း အိပ်ရာက နိုးလာလို့ ဈေးသွားတော့ ကုန်ဈေးနှုန်းက ဒီအတိုင်းပါပဲ။ ဆီဈေး၊ ဆန်ဈေး၊ သားငါးဈေး၊ အားလုံး အတူတူပဲ။ ကုန်ခြောက်၊ ကုန်စိမ်း၊ ဘာဈေးမှ ထူးထူး ခြားခြား မပြောင်းလဲပါ။ ဟင်းသီး ဟင်းရွက်နဲ့ တို့စရာ ကတော့ နည်းနည်း ဈေးတက် လာပါသည်။ ပဲပြုတ်၊ နံပြား၊ လက်ဖက်ရည် အတူတူပါပဲ။ ကိုရီးယားကား လာချိန်မှာ မီးခဏ ပျက်သွားတာလည်း အရင်တုန်းက လိုပါပဲ။ ဘတ်စ်ကား တွေမှာ လူတွေ ကြပ်ညပ် နေတုန်းပါပဲ။ ကားသမားတွေက ဟိန်းဟောက် နေတုန်းပါပဲ။ ကားမောင်းသူက ဘယ်သူ့မှ လူမထင် အရမ်းကာရော မောင်းရင်း ခရီးသည်တွေကို သေကြောင်း ကြံနေသလား ထင်ရတာလည်း ဒီအတိုင်းပါပဲ။ ယဉ်ထိန်းရဲတွေ မျက်စိရှေ့မှာပဲ ဟိုဘက်လမ်းက စည်းကမ်းဖောက် ကျော်မောင်း သွားပုံများက ၂၀၁၀ တုန်းကလိုပါပဲ။ ကားလမ်း တွေကလည်း ကမ္ဘာပေါ်မှာ အဆိုးဆုံး ဗိုလ်စွဲ ထားတာကို ဘယ်သူကမှ မဖယ်ရှားနိုင် သေးဘူးဟု ထင်ပါသည်။ နေ့ခင်းဘက် ရုံးမှာ အလုပ်လုပ်နေရင်း မီးပျက် သွားတာလည်း ဒီအတိုင်းပါပဲ။ ညနေ အိမ်ပြန်ချိန်၊ ကားတွေ ကျပ်တာ အရင် ကထက် ပိုဆိုး လာတာကိုတော့ အပြောင်းအလဲလို့ မပြောချင်ပါ။ အိမ်ရှေ့ခန်းမှာ စာအော် ကျက်နေတဲ့ သားသမီးများရဲ့ အသံကလည်း တိုးတက်လာတာ မတွေ့ရပါ။ နေထိုင် မကောင်းလို့ ဆေးရုံ ဆေးခန်း သွားရတော့ ကျန်းမာရေး စရိတ်က တိုးတက် လာနေပါပြီ။ ငြိမ်းချမ်းရေး စကားများ ပြောနေချိန်မှာ စစ်ဘေး ဒုက္ခသည်များက ထောင်နှင့် သောင်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြသည်။ မီတာခ၊ စာပို့ခ၊ ရေခွန်၊ အမှိုက်ခွန် ဆိုတာ တွေကလည်း အရှိန်နဲ့ အဟုန်နဲ့ တိုးလာ နေတာကို တိုးတက် လာတာ ရှိတယ်လို့ ရယ်စရာ သော်မှ မပြောနိုင်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေ ဆိုတာကလည်း အတိတ် ကာလနဲ့မခြား၊ အနိစ္စ တရားကို အန်တု နေသလို ပါပဲ။ ပြောင်းလဲတာကို တွေ့ရတာက ဂျာနယ်တွေကို ဖတ်တဲ့ အချိန်ပဲလို့ ဆိုကြတာကို ကြားရသည်။ ဒါတောင် လွတ်လပ်ခွင့် ရသည့်ဂျာနယ်က လွတ်လပ်ခွင့်ရပြီး၊ အခက်အခဲ များထဲမှ မလွတ်မလပ် လုပ်ကိုင် နေရသည့် ဂျာနယ်များ ကလည်း ရှိနေဆဲပဲဆိုတာ ဖတ်ရသည်။ ပြည်သူ့ခေတ် ဂျာနယ်လည်း သည်အစုထဲမှာ ပဲဟု ထင်ပါသည်။
အဆိုးမြင်တာ မဟုတ်ပါ။ ဒါတွေက လက်တွေ့ ဖြစ်နေတာ ဖြစ်ပါတယ်။
ပြောင်းလဲတာတွေ၊ မပြောင်းလဲတာတွေ ရောပြွန်း နေတာကိုသာ ပြောချင်တာ ဖြစ်ပါတယ်။ ကောင်းတာတွေ မကောင်း တာတွေ ဆိုတာကလည်း ဒွန်တွဲ ရှိနေတတ်တာပဲဟု ဆိုလိုချင် ပါသည်။ သို့ရာတွင် အများ ပြည်သူ၏ ဘဝတွေ အကောင်းဘက်သို့ ဦးတည် တိုးတက် ပြောင်းလဲလာမှု အတွက် ဦးစားပေး ရပါမည်။ ဒါကိုတော့ အတော်ကြီးကို လုပ်ရ ဦးမည်ဟု ထင်ပါသည်။ ပြည်သူတို့၏ လက်တွေ့ ဘဝမှာ ရင်ဆိုင် နေရတာတွေ၊ မပြောင်းမလဲ ရှိနေတာတွေကို တိုးတက် ပြောင်းလဲလာအောင် လုပ်ရမှာ ဖြစ်သည်။ ခုနေခါမှာတော့ ပြည်သူ့ ဘဝတွေက နိုင်ငံရေး အပြောင်းအလဲ တချို့ကြောင့် အသက်ရှု ပေါက်လေး ရလာတာ မှန်သော်လည်း ဘဝ အခက် အခဲများ ပြေလျော့ သက်သာ ပျောက်ကင်း သွားတာ မဟုတ်သေးပါ။ ဘဝတွေက နိမ့်ကျနေဆဲ ဖြစ်ပါ သည်။ နိစ္စဓူဝ ဒုက္ခများနှင့် ရင်ဆိုင် နေရဆဲဖြစ်ပါသည်။ တစ်ခါက ဖတ်ဖူးသည့် ဧကစာချို၏ ကာတွန်း တစ်ခုလိုပေါ့။ လောကဓံ တရားရှစ်ပါးမှာ ငါတို့ကတော့ ဒီဘက်က အဆိုးလေးပါးနဲ့ ချည်းပဲ တွေ့နေ ရပါလား ဆိုတာမျိုး။

ဥပဒေပြုရေး မဏ္ဍိုင်ကို လှုပ်နှိုးဖို့
ဘာပဲပြောပြော ယခု နှစ်သစ်ကူးပြီး မကြာမီမှာ ကြားဖြတ် ရွေးကောက်ပွဲများ လာတော့မည်။ အများပြည် မျှော်လင့် အားပေး ကြသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့က အများစု နိုင်လိမ့် ဦးမည် ထင်ပါသည်။ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပေါ်မှာ မျှော်လင့် ထားတာတွေ အများကြီးပါ။ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် အသီးသီးကို ရောက်ရှိ လာကြမည့် အမတ်တွေ အခြေခံ ဥပဒေကို ဘယ်လို သုံးသပ် ပြင်ဆင်ကြမလဲ ဆိုတာက အားလုံး၏ မေးခွန်း ဖြစ်သည်။ နိုင်ငံရေး အပြောင်းအလဲမှာ ပြည်သူလူထု စိတ်အဝင်စားဆုံးနှင့် အဓိက အကျဆုံး နိုင်ငံရေး ရည်းမှန်းချက်က ဒီမိုကရေစီ အခြေခံ ဥပဒေ ပေါ်ပေါက်ရေး ဖြစ်ပါလိမ့်မည်။ ဘယ်လို ကြိုးစားပြီး၊ ဘယ်လောက် အောင်မြင်အောင် လုပ်နိုင်စွမ်း ရှိသည်လဲ ဆိုတာက ပြည်သူ အားလုံး၏ စမ်းသပ် စစ်ဆေးမှု ဖြစ်လာ ပါလိမ့်မည်။ လွှတ်တော် ကိုယ်စားလှယ်များ၏ ဥပဒေပြုရေး မဏ္ဍိုင်ကို လှုပ်နှိုးသံကို ကြားချင်ကြသည်။ ရသလောက် အင်အားဖြင့် လွှတ်တော်ထဲကိုဝင်၊ အခြေခံ ဥပဒေကို ပြင်ပစ်တာကို ကြည့်ချင်ကြသည်။ ဒီမိုကရေစီ ကျတဲ့ အခြေခံ ဥပဒေနှင့် တိုင်းရင်းသား လူမျိုးစု၏ ငြိမ်းချမ်းရေးကို မြင်ချင်ကြသည်။
နိုင်ငံရေး အပြောင်းအလဲများက တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခရာဖြစ်သည် ဆိုတာကို သဘောတူ ပါသည်။ သည်အပြောင်း အလဲများကို ကြိုးစား လုပ်ဆောင်နေရင်း လက်တွေ့ ဘဝထဲက လက်ငင်း အပြောင်း အလဲ များကိုလည်း မြင်တွေ့ကြရဖို့ လိုပြီ ထင်ပါသည်။ နိုင်ငံရေး အပြောင်းအလဲ များသည့် ထက်သည် မြန်မြန်နှင့် များများ ပြောင်းလဲ ဖြစ်ထွန်းပြီး တရားမျှတသော၊ ဥပဒေ စိုးမိုးသော၊ ငြိမ်းချမ်းသော၊ ပြည်သူ့ လက်တွေ့ ဘဝများကို မြှင့်တင် ပေးနိုင်သော နှစ်သစ် ဖြစ်ပါစေဟု နှစ်သစ်မှာ ဆုမွန် တောင်းလိုက်ပါသည်။(

No comments:

Post a Comment