Sunday, January 15, 2012


Print PDF
အောင်လတ်

သရုပ်ဖေါ်ပန်းချီ အောင်လတ်


မင်းရဲ့ အခန်းကျဉ်းကို
ခြေသံပြင်းပြင်း မာန်တင်းတဲ့မျက်နှာနဲ့
သော့ပိတ်ရန်လာသူကို
ကရုဏာရှေ့ထား
ကျေးဇူးစကား ဆိုနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

တလောကလုံး အမှောင်ဖုံးတဲ့အခါ
သူရဲကောင်းတို့ရဲ့ ဂုဏ်တော်
သီဆိုပူဇော်ရင်း
အလင်းသစ်နဲ့ နံနက်ခင်းကို
မင်း မျှော်လင့်နိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

ဗလငါးတန် အင်အားထူးထက်
မင်းရဲ့ ခန္တီအင်အား ပိုကြီးမားကြောင်း
ပြသနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

အဆိပ်မြားတန်းလန်းနဲ့ ပျံသန်းခဲ့ရတဲ့
အဖိုးတို့ အဖေတို့ကို ဂါရ၀ပြုရင်း
အဆိပ်မြားတွေပေါ်က ပျံသန်းနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

စွန့်ပစ်အမှိုက်စတွေနဲ့
သဘာဝအလှကို
ရေးဆွဲနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

အကြပ်အတည်း ဆိုတာ
အခွင့်အလန်းသစ်ရဲ့ လမ်းစဆိုတာ
မင်း သိလာတဲ့အခါ
ငါ့သား... မင်း လူလားမြောက်ပြီ

No comments:

Post a Comment