Sunday, January 15, 2012

အရိပ်လိုကပ်ပါနေတဲ့ အတိတ်ပုံရိပ်များ


Print PDF

ရှေးခေတ် သူရဲကောင်းများ
ဓားဓားချင်း ယှဉ်ခုတ်တယ် ၊
မိုက်ရူးရဲဆန်တဲ့ ကောင်းဘွိုင်များ
သေနတ်ချင်း ယှဉ်ပစ်တယ် ၊
သူရဲဘောကြောင်သူ စစ်ခွေးများ
ချောင်းမြောင်းကိုက်ပြီး လုပ်ကြံသတ်ဖြတ်
ဒီပဲယင်းမှာ သွေးချောင်းစီးခဲ့တယ် ။

ဖြစ်ကတတ်ဆန်း ခေတ် ကြမ်းကြမ်းမှာ
စကားလုံးများလဲ မနူးညံ့တော့
နာကျည်း ကျိန်းဝါးသံများသာ
နားဆတ်ဆတ် မြင်ယောင် ကြားနေမိတယ် ။

ဒေါသ လေထန် မုန်တိုင်းဖြစ်
မျက်ရည်မြစ်များ
ရင်နင့် ကြေကွဲခြင်း ပင်လယ်ထဲစီးဆင်း
လမိုက်ညဟာ သွေးစက်များ စွန်းထင်းပေကျန်ခဲ့တယ် ။

အမှားနဲ့ အမှန်ဆိုတာ
ပြုပြင် ပြောင်းလဲချင်စိတ် ရှိမယ်ဆိုရင်
အိမ်ဦးနဲ့ ကြမ်းပြင်လို နီးတယ် ။

ရွှေရည်မစိမ်တဲ့ ငြိမ်းချမ်းရေးဆိုတာ
အစွမ်းထက် အသက်ရှည်ဆေး တစ်ခွက်ဖြစ်သလို
ရန်ဖြစ်နေတဲ့စစ် ကတော့
အဆိပ်ရည်အပြည့်နဲ့ အနုမြူစက်ရုံလို လည်ပတ်နေတယ် ။

ဒီစနစ်ရိုင်းမှာ
ဒီပဲယင်း အကြမ်းဖက်မှုကို
စစ်အာဏာပိုင်များရဲ့ ခါးပိုက်ဆောင်လူမိုက်များ
စနစ်တကျ မိုက်ရိုင်း ထွားကြိုင်း ၊ ထင်တိုင်းကြဲ
ဘ၀များစွာကို အမဲဖျက်သလို ဖျက်ခဲ့
အတိတ်ပုံရိပ်များ အရိပ်လို ခြောက်လန့်နေကြတယ် ...။

စနစ်ဆိုးရဲ့ ထိမ်းချုပ်ခံထားရတာများ
ယိမ်းလုပ်ပြီး ကြိုးဆွဲရာ ကနေကြ
တောက်ခေါက်သံတောင် ကျယ်ကျယ်မခေါက်ရဲအောင်
ကြောက်နေကြဦးမယ်ဆိုရင်
ဒုက္ခများ ခေါင်းမော့ ရင်ကော့ပြီး
ဆိုးဝါးတဲ့ ဘ၀များကို နေ့စဉ် ခလုတ်တိုက်နေလိမ့်မယ် ....။

No comments:

Post a Comment