Tuesday, January 17, 2012

လွတ်လပ်ခြင်းသာအမှန်တကယ်ရှိခဲ့လျှင်

လွတ်လပ်ခြင်းသာအမှန်တကယ်ရှိခဲ့လျှင်

နှစ်ပေါင်း နှစ်ဆယ်ကျော် တင်းကျပ်သော ဆင်ဆာမူဝါဒလက်အောက်တွင် တစ်စတစ်စအရည်အသွေးညံ့ဖျင်းနိမ့်ကျလာခဲ့သောမြန်မာ့ရုပ်ရှင်လောကအားလွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်တွင် တင်ဆက်ပြသခဲ့သော ဇာတ်ကားတိုများ မှတ်တမ်းရုပ်ရှင်ကားများကစိမ်ခေါ်ခဲ့လေပြီ။

မည်သည့်ဇာတ်ကားကိုမျှ ဆင်ဆာဘုတ်အဖွဲ့သို့တင်သွင်းခြင်းမပြုပဲပြည်သူလူထုအား အခမဲ့ပြသခဲ့ခြင်းကပင် လွတ်လပ်ခြင်းအနုပညာဆိုသည့်အမည်နာမအပေါ် ခိုင်ခိုင်မြဲမြဲရပ်တည်နိုင်ခဲ့ကြောင်း သက်သေပြခဲ့သည်။




လွတ်လပ်စွာဖန်တီးထားသည့်အနုပညာကို လူထုကမည်မျှဆာလောင်မွတ်သိပ်နေကြသည်လဲဆိုလျှင် တော်ဝင်စင်တာအောက်ထပ်ရှိ လူတစ်ရာကျော်ဆန့်သော ရုပ်ရှင်ရုံငယ်နှစ်ရုံတွင် မျက်နှာသစ် ရုပ်ရှင်ဒါရိုက်တာများကို ရုံပြည့်ရုံလျှံအားပေးကြသော ပရိသတ်များဖြင့် စည်ကားနေသည်က သက်သေပြညနေစောင်းတွင် ရုံပြည့်သွား၍မကြည့်လိုက်ရသောပရိသတ်များအတွက် နောက်ထပ်ရုပ်ရှင်ရုံတစ်ရုံပင်ထပ်ဖွင့်ပေးခဲ့ရလေသည်။

အင်တာနက်တွင်ပြန့်နှံ့နေပြီးဖြစ်သည့် ဒါရိုက်တာဝိုင်း၏ “အဲဒီအခန်းဖြတ်”ဆိုသည့်ရုပ်ရှင်က တင်းကျပ်သောဆင်ဆာမူဝါဒနှင့်ဆင်ဆာဘုတ်အဖွဲ့ဝင်လူကြီးများ၏စရိုက်ကို ၀ါရင့်သရုပ်ဆောင်များဖြင့်ပီပီပြင်ပြင်ရိုက်ကူးထားခဲ့သဖြင့် ပရိသတ်လက်ခုပ်သံတစ်ဖြောင်းဖြောင်းရရှိခဲ့၏။

ဒါရိုက်တာဝိုင်းက “ကျွန်တော်တို့ကိုချည်ထားတဲ့ကြိုးတွေကလွတ်မြောက်ချင်လို့ပါ” ဟုဇာတ်ကားရည်ရွယ်ချက်ကိုပြောပြခဲ့သည်။
ဤရုပ်ရှင်တွင်ပါဝင်သရုပ်ဆောင်ခဲ့ခြင်းကြောင့် မိမိတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်ကောင်းထိခိုက်နိုင်မည်ကိုသိသိကြီးနှင့် ဇာတ်ကားထဲတွင်ပါဝင်ခဲ့ကြသည့် ၀ါရင့်အနုပညာရှင်များ၏ သတ္ထိကလည်း လေးစားဖွယ်ပင်။
ပွဲတော်တွင်ပြသခဲ့သည့် ဒါရိုက်တာ စိုင်းကျော်ခိုင်၏ “Click In Fear” ဆိုသည့် မှတ်တမ်းရုပ်ရှင်ကားကိုကြည့်ရင်း ဓါတ်ပုံသတင်းထောက် လောအယ်စိုးနှင့်အတူ မျက်ရည်ကျဖြစ်ခဲ့သည်။
The Art of Freedom ဖွင့်ပွဲနေ့
ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း သတင်းဓါတ်ပုံလိုက်ရိုက်ရင်း ဖမ်းဆီးခံရမည့်အန္ထရာယ်ကိုကြောက်ရွံ့၍ပြည်ပသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကရင်လူမျိုးသတင်းထောက် လောအယ်စိုး၏ ကိုယ်တွေ့အဖြစ်အပျက်များကို ဓါတ်ပုံဗီဒီယိုမှတ်တမ်းများစွာဖြင့် ရိုက်ကူးပြသထားခဲ့သည်။

“Click In Fear” သည် သတင်းထောက်တစ်ယောက်၏ အကြောက်တရားနှင့် အမှန်တရားကိုထုတ်ဖေါ်ချင်စိတ်၊ ခရစ်ယာန်လူမျိုးတစ်ယောက်က ဗုဒ္ဓဘာသာရဟန်းများ၏သတ္ကိနှင့် ရဲရင့်မှုအပေါ်ထားသည့်တန်ဖိုး၊ ဓါတ်ပုံသတင်းသမားတစ်ယောက်၏ အတ္ထနှင့်လူသားခြင်းစာနာစိတ်အကြားလွန်ဆွဲမှုတို့ကို ၁၅မိနစ်စာ မှတ်တမ်းကားတိုကလေးအတွင်း အပိုအလိုမပါပဲ ပြသသွားနိုင်သည်မှာ ကြက်သီးထလောက်အောင်ပင်ကောင်းမွန်လှပါသည်။

တစ်နေ့တာ ပြသသွားခဲ့သည့်အထဲမှ ကားနှစ်ဆယ်ကျော်ကို ရုံနှစ်ရုံကြားလိပ်ပြာကူးသလိုကူးကြည့်ဖြစ်ရင်းက ထူးပိုင်ဇော်ဦးဆိုသည့်လူငယ်ဒါရိုက်တာလေး၏ “That lets me free” ဆိုသည့် ဇာတ်ကားတိုလေးကိုကြည့်ဖြစ်ခဲ့သည်။

လွတ်လပ်ခြင်းအပေါ် ဖေ့(စ)ဘွတ်မျိုးဆက်မိန်းကလေးတစ်ယောက်၏ အဓိပါယ်ဖွင့်ဆိုပုံကို အနုပညာမြောက် လှပသေသပ်စွာဖန်တီးထားပုံက လွတ်လပ်ခြင်း၏အနုပညာဆိုသည်မှာ ဒါပါလားဟု ရင်သပ်ရှုမောဖြစ်စေ၏။

လွတ်လပ်ခြင်းဆိုသည့် ပွဲတော်၏ အနက်အဓိပ္ပါယ်ကိုနှစ်ခြိုက်လွန်းသဖြင့် ပွဲတော်အတွက်ရည်ရွယ်ကာ ရက်ငါးဆယ်အတွင်း ဒါရိုက်တာစိုးမိုး (Top Ten) စိတ်ရောကိုယ်ပါနှစ်၍ဖန်တီးထားသည်ဆိုသည့် “လွတ်လပ်ခြင်းအရသာ (Freedom Feeling)” ဆိုသည့်ဇာတ်ကားတိုကလေးတွင် ဖန်တီးသူ၏အားထုတ်မှုအပြင် သရုပ်ဆောင်လူငယ်၏ကြိုးစားမှုကိုလည်း အသိအမှတ်မပြုပဲမနေနိုင်ခဲ့ချေ၊
ပွဲတော်ဒါရိုက်တာတစ်ဦးဖြစ်သူ ဇာဂနာ(ခေါ်) ကိုသူရက ရုပ်ရှင်ကားပေါင်း ၁၉၀နီးပါး လက်ခံရရှိခဲ့သည်ကို မြန်မာပြည်အကယ်ဒမီပွဲထက်ပိုများကြောင်းဟာသနှော၍ပြောသွားခဲ့သည်။

ထိုအထဲမှပြသရန်ရွေးချယ်ခံရသည့် ၅၄ကားတွင် အများစုမှာ မျက်နှာသစ်ဒါရိုက်တာများသာဖြစ်ပြီး လွတ်လပ်ခြင်း၏အဓိပ္ပါယ်ကို အကြောင်းအရာစုံ ရှုထောင့်စုံမှ တင်ပြသွားခဲ့ကြသည်။

ဒါရိုက်တာတင်ဝင်းလှိုင်၏မှတ်တမ်းရုပ်ရှင် “Unbounded Unlimited” ကတော့  စိတ်ကျန်းမာရေးချို့တဲ့သူများက လွတ်လပ်ခြင်းအကြောင်းမည်သို့ပြောကြသလဲဆိုသည်ကို ရှာရှာဖွေဖွေရိုက်ကူးထားခဲ့၏။

The Art of Freedom ဖွင့်ပွဲသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်

စိတ်မနှံ့သောအမျိုးသမီးတစ်ယောက်ကိုလွတ်လပ်ခြင်းအကြောင်းမေးသည့်အခါ “ပြက္ခဒိန်တွေရောင်းတယ်လေ ဇန်န၀ါရီလ” ဟုပြန်ဖြေခဲ့သည်မှာ အနည်းဆုံးတော့စိတ်ကျန်းမာရေးချို့တဲ့သူအမျိုးသမီးတစ်ယောက်မှာပင် လွတ်လပ်ခြင်းဆိုသည့်စကားလုံးကို လွတ်လပ်ရေးနေ့နှင့်အတူ မှတ်မှတ်ထင်ထင်ရှိနေပါသေးလားဟုဝမ်းမြောက်ဖွယ်။

အကယ်၍များ လွတ်လပ်ခြင်းသာအမှန်တကယ်ရှိလာခဲ့လျှင်…….အနုပညာသည်များ သတင်းမီဒီယာသမားများ၏ လွတ်လပ်သော အနုပညာ အသိပညာ တို့နှင့်အတူ ဒီမိုကရေစီဆိုသည့်ပန်းတစ်ပွင့် ငွားငွားစွင့်စွင့် ပွင့်နိုင်တော့မည်မှာ ဧကန်ပင်။      ။

No comments:

Post a Comment