Monday, January 16, 2012

*အမေ့နေ့ မှတ်စုလေး*

*အမေ့နေ့ မှတ်စုလေး*
ဒီနေ့က ပြာသိုလပြည့်နေ့ အမေနေ့။ အမေနေ့အကြောင်းစဉ်းစားရင်းနဲ့ ဆယ်စုနှစ် နှစ်ခုလောက် ဝေးကွာနေတဲ့ အမေ့ကို တော်တော်သတိရပါတယ်။ ကျနော့်အမေက တောသူ၊ စာမတတ် ဒါပေမဲ့ မိခင်မေတ္တာ အပြည့်အ၀ ပေးနိုင်သူပါ။ သားသမီး ခုနစ် ယောက်ကို မိခင်မေတ္တာ အပြည့်အ၀နဲ့ ပြုစုပျိုးထော်ခဲ့တဲ့ မာတာ မိခင်ကြီး ကျန်းမာပါစေလို့ ဘုရားထံပါး ဆုတောင်းမိတယ်။

ကျနော်အသက် (၁၄) နှစ်လောက်ကတည်းက အမေရင်ခွင်နဲ့ ဝေးနေခဲ့ရတယ်။ အခုဆို အမေရဲ့ ဆိုဆုံးမသံကင်းမဲ့နေတာ ဆယ်စုနှစ်တွေကြာခဲ့ပါပြီ။ တောရွာတွေရဲ့ ဓလေ့အတိုင်း အိပ်ရာဝင် ပုံပြင်ပြောလေ့ရှိပါတယ်။ အမေပြောလေ့ ပြောထရှိတဲ့ ပုံပြင်တွေဟာ ဘုရားဟော နိပါတ်တော် လာ ဇာတက တွေဖြစ်ပါတယ်။ ဘုရင့်သားတော်တွေ အရွယ်ရောက်လို့ ပညာသင်ချိန်မှာ ဒိသာပါမောက် တွေဆီသွားပြီး ယောင်္ကျားတို့ တတ်အပ်တဲ့ အဌာရသတွေကို သင်ကြားရတဲ့အကြောင်းကို အမြဲ ပြောလေ့ ရှိပါတယ်။ ညနေအိပ်ရာ ၀င်ခါနီး အမေပြောတဲ့ ပုံပြင်တွေဟာ ကျနော်ရဲ့ မသိစိတ်ကို လွမ်းမိုးခဲ့တယ်။ ကျနော်ပညာတတ်တယောက် ဖြစ်ချင်လာခဲ့တယ်။ ပညာမတတ်ရင် အမေတို့လိုဘဲ အလုပ်ကြမ်းတွေကို လုပ်ရမယ် ဆိုတဲ့ အမေရဲ့ ပြောဆိုမှုက အိပ်ရာဝင်ခါနီး အမြဲကြားရတဲ့ ကြီးမားတဲ့ သင်ကြားမှုတခုဖြစ်ပါတယ်။

ကျနော်မြို့မှာ ပညာသင်ကြားနေတဲ့အချိန်ဆို အမေဟာ လယ်ယာလုပ်ငန်းတွေ ခေတ္တရပ်နားထားချိန် မှာဆယ်ရက် တပတ် သားထံ လာလည် လေ့ရှိပါတယ်။ ဆယ်တန်းအောင်ပြီး တက္ကသီလာ ရောက်သွားချိန်မှာတော့ အမေ့ခြေလှမ်းတွေတုန့်ဆိုင်းခဲ့ရတယ်။ စာမတတ်တဲ့အမေ၊ ခရီးသွားဖို့ ကြောက်တတ်တဲ့အမေဟာ သားဆီကို လာမလည်နိုင်တော့ဘဲ နွေရာသီ ကျောင်းပိတ်ရက် ကျနော် ပြန်လာမယ့် အချိန်ကိုအမြဲမျှော်နေတတ်ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တွေ နွေးထွေးတဲ့ အမေ့အိမ်ကိုပြန်တိုင်း အမေရဲ့ ချိုသာတဲ့ပြောစကားကိုကြားရင် အမြဲပျော်ရွင်ခဲ့ရပါတယ်။

“အမေဟိုတနေ့က အိမ်မက်မက်တယ်၊ သားပြန်လာတယ်လို့ ဒါနဲ့ အမေလည်း သားအတွက် ထမင်းတယောက်စာ အပိုချက်ထားတာ” ဆိုတဲ့ ပြောစကားကို အိမ်ကို ပြန်တိုင်း မေ့မရနိုင်တဲ့ အမေ့စကားတွေပါ။ အမေ့သမီးတွေကဘယ်သူ့အတွက် ချက်ထားလဲလို့ စနောက်ကြတယ်ဆိုရင် အမေဟာသူ့ရင်ထဲ၊ စိတ်ထဲ၊ အိမ်မက်ထဲ သားပြန်လာတဲ့အကြောင်းကို ပြောပြတတ်ပါတယ်။ ကျနော်တို့ဒေသမှာ ရာသီအလိုက်ပွင့်တဲ့ မှိုဆိုရင် ကျနော်အတွက်ဝေစုထား၊ အခြောက်ခံပြီး ကျနော်ပြန်ရောက်ရင် ချက်ကျွေးလေ့ရှိပါတယ်။

အရွယ်ရောက်လို့ အမှားအမှန်ကိုစဉ်းစားတတ်ချိန်မှာ အမေ့အိမ်ပြန်တိုင်း အမေ့ထမီကို လျော်ဖွတ်ပေးတော့ အမေ့အပြုံးကိုဒီနေ့အထိ မြင်ယောင်နေပါသေးတယ်။ ကျနော်တို့ဒေသဟာ ထုံးတမ်းစဉ်လာကို သိပ်အလေးထားတော့ ထမီဆိုရင် ခပ်ဝေးဝေးက နေရှာင်ကြတယ်။ ထမီလှမ်းတဲ့ ၀ါးလုံးတန်းအောက်က ငုံ့သွားရင်တောင် ဘုန်းနိမ့်လို့ဆိုပြီး ထမီလှန်းတဲ့ ၀ါးလုံးတန်းတွေကို အိမ်နောက်ဖေး အဝေးကြီးးမှာထားလေ့ရှိပါတယ်။ ဒီလိုအယူသီးတဲ့ ဒေသမှာ အမေ့ထမီကို လျှော်ပေးတော့ ကျနော့်အရွယ်တွေက ဟေ့ကောင် မင်းတော့ ဘုန်းနိမ့်တော့ မယ်တဲ့ဗျာ။

ကျနော်တို့လူမျိုးမှာ ရပ်ဝေး တနယ်တကျေးကို သွားမယ့်လူငယ်တွေအတွက် အမေရဲ့ထမီစလေး (သို့) အမေ့ရဲ့ထမီတထည် ကိုခရီးဆောင်အိတ် ဒါမှမဟုတ် သေတ္တာထဲမှာထည့်ပေးလေ့ရှိပါတယ်။ ကျနော်တို့ဒေသ အယူအရ ဆိုရင် အမေ့ထမီစပါရင် စုန်းကဝေ ပြုစားလို့မရဘူးတဲ့။ အမေ့ရဲ့ထမီစက အဲဒီလောက်ကိုအစွမ်းရှိတာ။ အဲဒါကိုမှ ထုံးတမ်းစဉ်လာအရ ဘုန်းနိမ့် ပြန်သတဲ့။ ပြောင်းပြန်ဖြစ်လေ့ လောကဓလေ့ လို့ထင်မိတယ်။

အမေနဲ့ပတ်သတ်ပြီး ရေးကြမယ်ဆိုရင် ဘယ်လောက်ဘဲ ရေးရေး ငြီးငွေ့ဖွယ်ရာမရှိတဲ့ နတ်သမီးပုံပြင်လို ဖြစ်နေမှာဘဲ။ ကျနော်ဘွဲ့လွန်တက်နေတဲ့ အချိန်နေထိုင်ရေးနဲ့ပတ်သတ်ပြီး အရမ်းအခက်အခဲကြုံခဲ့ရပါတယ်။ ဘွဲ့လွန်တက်နေတဲ့အချိန်ကစပြီး မိဘဆီက အထောက်အပံ့ကို လုံးမတောင်းမယူဘဲ မိမိဘာသာရပ်တည်ပြီးနေခဲ့တယ်။ စာမေးပွဲလည်းနီးနေတော့ တကယ့်ကို ဘေးကြပ်နံကြပ်ပါကြုံရပါတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန် အမေရုတ်တရက် ရောက်လာရော။ အမေအိမ်မက် မက်တယ်တဲ့။ ဗမာစကား၊ စာမတတ်တဲ့ အမေ၊ ခရီးသွားရမှာကြောက်တဲ့အမေဟာ ရန်ကုန်အထိလိုက်လာပြီး သားရဲ့အခက်အခဲ ဖြေရှင်းပေးခဲ့တဲ့ အမေပေါ့။

သားအိမ်ပြန်လာတဲ့အကြောင်းခဏခဏ အိမ်မက် မက်တဲ့အမေဟာ ဆယ်စုနှစ် နှစ်ခုလောက် အမေ့အိမ်ပြန်မရောက်တဲ့ သားလူမိုက် အိမ်ပြန်လာတဲ့အကြောင်းအိမ်မက် မက်နေအုံးမှာပါ။ အခွင့်အရေးကမျက်နှာသာ ပေးခဲ့ရင် ကျေးဇူးရှင် အမေကို သား၊ မိန်းမ တို့နဲ့အတူ လက်အုပ်ချီပြီး ကန်တော့ချင်ပါသေးတယ်။ အခုဆို အမေ့အိမ်မက်ထဲမှာ သားတဦးတည်းမဟုတ်ဘဲ နောက်တိုး တွေလည်း ပါနေအုံးမယ်ထင်တယ်။ အမေ့ထမင်းအိုးမှာ လည်ုးသုံးယောက်စာ အပိုချက်ရတော့မယ် အမေရေ့။

သားသမီးတွေက မိဘတွေကို အခက်အခဲကြုံမှ သတိရတတ်တာ လောကဓမ္မတာလို့ ပြောရပါမယ်။ ခြေတဘက်၊ မျက်လုံးတဘက်ဆုံးသွားရှာတဲ့ ကျနော့် မိတ်ဆွေတဦးက ဆိုရင် ကျနော်အိမ်ပြန်ရင် အမေ မှတ်မိပါ့မလားတဲ့။ အင်မတန်မှကြေကွဲစရာကောင်းတဲ့ မေးခွန်းပါ။ အမေဆိုတာ သားသမီးတွေကို ဘယ်အခြေအနေရောက်ရောက် မှတ်မိပါတယ်လို့ဆို့နင့်စွာနဲ့ အာပေးဖူးပါတယ်။ တခါတုန်းက ဆောင်းပါးလေးတပုဒ် ဖတ်ဖူးတယ်။ ကမ္ဘာ့ အလှဆုံးစကားလုံးက ဘာလဲလို့ စစ်တမ်း တခု အမေရိကား အပါအ၀င်ကမ္ဘာ အနှံ့ကောက်ယူခဲ့တယ်။ (၉၀) ရာခိုင်နှန်းကျော်သော အဖြေက အတူတူဖြစ်နေတယ်။ အဲဒီစကားလုံးက ဘာစကားလုံးဖြစ်မလဲ မိတ်ဆွေယူဆပါလဲ။ ( Mother) အမေပါတဲ့။

No comments:

Post a Comment