Sunday, January 15, 2012

လူထုအဓိက လူ့အဖွဲ့အစည်း ( Civil Society) တင်ပြချက် (၃)

လူထုအဓိက လူ့အဖွဲ့အစည်း ( Civil Society) တင်ပြချက် (၃)


လူထုအဓိက လူ့အဖွဲ့အစည်း၏ အခြေခံအယူအဆ
ကိုရင်မောင်။              တက္ကသိုလ် ဆရာမကြီး။ ဘာတွေများတယောက်ထဲ စဉ်းစားနေသတုံး။
မလေး။                    ။ အော် ကိုရင်မောင် ရယ် လန့်လိုက်တာ။ အိမ်ပေါ်တက်လာတာ အသံမပေး ဘာ မပေးနဲ့။ ဘယ်က လှည့်လာသလဲ။
ကိုရင်မောင်။              ။ မလေးဆီကိုဘဲ လာခဲ့တာပါ။  မလေးလည်းကြားမှာပေါ့။ တမြန်နေ့တုံးက မြန်မာနိုင်ငံမှာ တနိုင်ငံလုံးငြိမ်းချမ်းမှုရရှိနေပြီဆိုပြီး ဗိုလ်ချုပ်ကြီးတဦးက ပြောသွားခဲ့တာ။


အဲဒါ နဲ့ဆက်စပ်ပြီး ငြိမ်းချမ်းမှုနဲ့ လူ့အဖွဲ့အစည်း  ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်လောက်ရေးမလားလို့ အချက်အလက် ကလေး တခိျု့များရမလားဆိုပြီး မလေးနဲ့ဆွေးနွေးရအောင်လာခဲ့တာပါ။

မလေး။                    ။ အင်း ကိုရင်မောင်တို့ သတင်းထောက်တွေများ အကြောင်းအရာကလေး တစွန်းတစ ဟိုကသည်ကမရလိုက်နဲ့ ဆောင်းပါးရေးဘို့လောက်ဘဲ စဉ်းစားနေတော့တာဘဲ။ ကိုရင်မောင်က ငြိမ်းချမ်းမှုဆို တဲ့ အကြောင်းပြောလာလို့ တိုက်တိုက်ဆိုင်ဆိုင် ကျမလည်း ခုနကလေးတင်ဘဲ တွေးခေါ်ပညာရှင် Thomas Hobbs ပြောတဲ့ " War of All Against All" လူအားလုံးဟာ အခြားလူ အားလုံးနဲ့ စစ်ပွဲဖြစ်ပွားနေခဲ့တယ် ဆိုတဲ့ အသုံးအနှုန်းကို သဘောကျလို့ စဉ်းစားနေသေးတယ်။
ကိုရင်မောင်။              ။ လူအားလုံးဟာ အခြားလူအားလုံးနဲ့ စစ်ပွဲဖြစ်ပွားနေခဲ့တယ် ဟုတ်လား။
အင်း တက္ကသိုလ် ဆရာမကြီးတွေဆီကများ ကြားလိုက်ရရင် အဆန်းချည့်ဘဲ။ အဲဒါ ဘာကိုဆိုလိုတာလဲ ရှင်းပြစမ်းပါဦးဗျာ။
မလေး။                    ။ ဒီလိုပါ။ သူက လူတဦးခြင်းစီရဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုအကြောင်းကို လူရယ်လို့ စတင်ပေါ်လာတဲ့ လူ့သမိုင်းရဲ့ အစေါဆုံးပိုင်း အခြေအနေနောက်ခံနဲ့ ရှင်းပြထားတာပါ။ 
ကိုရင်မောင်။              ။ ကျွန်တော်က ငြိမ်းချမ်းမှုအကြောင်းကို ဆွေးနွေးခြင်တာ။ မလေးက လွတ်လပ်မှု အကြောင်းကို ထပ်တိုးပြောလာပြန်ပြီ။ တိုင်းပြည်ကြီး အေးချမ်းသာယာနေတယ်။ ငြိမ်းချမ်းနေတယ်လို့ပြောတာ လွတ်လပ်မှုနဲ့ ဆိုင်နေလို့လား။
မလေး။                    ။ ဆိုင်တာပေါ့ ကိုရင်မောင်၊ လူတဦးခြင်းစီ လွတ်လပ်မှုမရှိဘဲ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းမှုရှိတယ်လို့ ပြောလို့ရပါ့မလား။
ကိုရင်မောင်။              ။ မလေးကလဲ၊ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာ မှတ်မိမှာပေါ့ ၊ လွတ်လပ်တယ်၊ လွတ်လပ်တယ်ဆိုပြီး လမ်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ ဆေးရိုးလှန်းကြတယ်ဆိုတဲ့ အကြောင်းလေ။ အဲဒီလိုမျိုး လွတ်လပ်မှုရမှ၊ လုပ်ခြင်ရာလုပ်ခွင့်ရမှ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းမှုရှိတယ်လို့ မလေးပြောခြင်သလား။ ဒီလိုဆိုရင်တော့ ကျွန်တော် လက်မခံနိုင်ဘူးထင်တယ်။ မင်းမဲ့တိုင်းပြည် ဖြစ်သွားလိမ့်မယ်။
မလေး။                    ။ ဒီလိုကိုရင်မောင် စည်းမဲ့ကမ်းမဲ့လုပ်ခြင်ရာ လုပ်ခွင့်ကို လွတ်လပ်မှုဆိုပြီး
တောင်းဆိုနေတာ မဟုတ်ဘူး။ ဒါပေမယ့် စည်းကမ်းရှိဘို့ လူ့အဖွဲ့အစည်း တည်ငြိမ်မှုရှိဘို့ ငြိမ်းချမ်းမှုရှိဘို့   ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတဦးခြင်းစီရဲ့ အခြေခံလွတ်လပ်မှုအခွင့်အရေးတွေကို အကြင်းမဲ့ ရုပ်သိမ်း ပစ်တာမျိုးကိုလည်း လက်မခံနိုင်ဘူး။
ကိုရင်မောင်။              ။ မလေးပြောတဲ့အတိုင်းဆိုရင် လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်မှုငြိမ်းချမ်းမှုရှိဘို့ဆိုတဲ့ ကိစ္စကတဖက်၊ လူတဦးခြင်းစီရဲ့ အခြေခံလွတ်လပ်မှုအခွင့်အရေးတွေ ထိမ်းသိမ်းဘို့ကတဖက် နှစ်ဖက်ရှိနေပြီလို့ နားလည်ရမယ်ထင်တယ်၊ လူတဦးခြင်းစီရဲ့ အခြေခံလွတ်လပ်မှု အခွင့်အရေးတွေကို အပြည့်အ၀ပေးလိုက်ရင် လူ့အဖွဲ့အစည်းမှာ တည်ငြိမ်မှု ငြိမ်းချမ်းမှုရှိပါ ဦးမလား။
မလေး။                              ။ ဒါဖြင့်ရင် ဘာ့ကြောင့် လူ့အဖွဲ့အစည်းရယ်လို့ တည်ရှိလာသလဲ။ ကိုရင်မောင် ဘယ်လို ယူဆသလဲ။
ကိုရင်မောင်။              ။ ရှင်းနေတာဘဲ မလေးရာ၊ လူသားတွေအတွက် ကောင်းကျိုးဖြစ်ထွန်းလာအောင် တိုးတက်မှုရအောင် လူတွေစုပေါင်းနေထိုင်လာကြရင်းနဲ့ လူ့အဖွဲ့အစည်းရယ်လို့ ဖြစ်ပေါ်လာတာပေါ့။ အဲဒါ လွတ်လပ်မှုနဲ့ ဘယ်လိုဆိုင်သလဲ။
မလေး။                    ။ ကိုရင်မောင်ပြောတာလဲ မှားတော့မမှားဘူး။ ဒါပေမယ့် ဒီလိုယေဘုယျပြောရုံနဲ့ မလုံလောက်ဘူးလို့ ကျမထင်တယ်။ လူ့အဖွဲ့အစည်းနဲ့ လူတဦးခြင်းစီရဲ့ လွတ်လပ်မှုဆိုတဲ့ အကြောင်းကို အခြေခံကျကျနားလည်အောင် နည်းနည်းအသေးစိပ် စဉ်းစားဘို့လိုလိမ့်မယ်။ လူရယ်လို့ပေါ်ဦးစက သဘာဝ အခြေအနေမှာ လူမှာ တဦးခြင်းလွတ်လပ်မှု ရာနှနုးပြည့် ရှိခဲ့တယ်။ အချုပ်အချယ် အတားအဆီးမရှိ ပြောခြင်ရာ ပြောခွင့် ဘယ်လိုနေရာဒေသမှာမဆို သွားလာလုပ်ကိုင်နေထိုင်ပိုင်ခွင့်  ရှိ ခဲ့တယ်။ မိမိကြိုက်နှစ်သက်တဲ့ ပစ္စည်း ဥစ္စာပိုင်ဆိုင်ခွင့်ရှိခဲ့တယ်။ လွတ်လပ်စွာ အသက်ရှင်သန်ခွင့်ရှိခဲ့တယ်။ အမှီအခိုကင်းစွာ  မိမိဖာသာမိမိ ရပ်တည် စီမံပိုင်ခွင့်ရှိခဲတယ်။ အဲဒီလို သဘာဝအခြေအနေမှာ လူဟာလုပ်ခြင်ရာလုပ်ခွင့် အပြည့်အ၀ရှိခဲ့တာတော့ အမှန် ပါဘဲ။ အစိုးရ မရှိ၊ တိုင်းပြည်မရှိ၊ နယ်နမိတ် အကန့်အသတ်မရှိ၊ ဥပဒေမရှိ၊ အာဏာပိုင်မရှိ၊ ချုပ်ချယ်ကန့်သတ် မယ့်သူမရှိ၊ သဘာဝ အခြေအနေအောက်မှာ လူမှာလွတ်လပ်မှုရာနှုန်းပြည့် ရှိခဲ့တယ်။
ကိုရင်မောင်။              ။ မလေးက ဒီလိုလွတ်လပ်မှုမျိုးကို လိုခြင်လို့လား။ ဒီကနေ့ကာလမှာတော့ မဖြစ် နိုင်တော့ဘူးထင်တယ်။
မလေး။                    ။ မဟုတ်ဘူး ကိုရင်မောင် ဆုံးအောင်နားထောင်ပါဦး။ သဘာဝအခြေအနေ
အောက်မှာ လူမှာ လွတ်လပ်မှုရာနှုန်းပြည့် ရှိခဲ့တယ်ဆိုပေမယ့် သဘာဝအခြေအနေဟာ ရိုင်းစိုင်းကြမ်းတမ်းတဲ့ သဘောရှိတယ်။ လူတယောက်က အခြားလူတယောက်ရဲ့ပစ္စည်းကို အချိန်မရွေး လုယက်ယူငင်နိုင်တယ်။ မည်သည့်မိန်းမပျိုကိုမဆို သားမယားအဖြစ် အတင်းအဓမ္မ ပြုကျင့်နိုင်တယ်။ မည်သူနေထိုင်တဲ့နေရာကို မဆိုသွားရောက် သိမ်းပိုက်နိုင်တယ်။ မည်သူ့ကိုမဆို သတ်ဖြတ်နိုင်တယ်။ လူအားလုံးဟာ အခြားလူအားလုံးနဲ့ နေ့စဉ် စစ်ပွဲဖြစ်ပွားနေတဲ့ အခြေအနေမှာရှိခဲ့တယ်။ အဲဒီလို သဘာဝအခြေအနေအောက်မှာ လူဟာ မလုံခြုံမှုကိုခံစား လာရတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က အင်အားကြီးမားတယ်ဆိုပြီး ကိုယ့်ထက် အင်အား နည်းပါးသူကို နှိပ်စက်အနိုင်ကျင့်နိုင်ပေမယ့် လောကမှာ မိမိဟာ အင်အားအကြီးမားဆုံး လူတော့ မဖြစ်နိုင်ဘူး။ မိမိထက် အင်အားကြီးမားသူကို တချိန်မဟုတ် တချိန်၊ တနေရာမဟုတ် တနေရာမှာ တွေ့လာ ခဲ့ကြရတယ်။ မိမိထက် အင်အားနည်းပါးသူ တဦးဦးကို မိမိကနှိပ်စက် အနိုင်ကျင့်နိုင်သလို မိမိထက် အင်အားကြီးမား သူတဦးဦးကလဲ မိမိကိုအချိန်မရွေး နှိပ်စက်အနိုင်ကျင့် နိုင်တာဖြစ်တယ်။ ဒါကြောင့် လောကမှာရှိတဲ့ လူတိုင်းဟာ သဘာဝအခြေအနေအောက်မှာ မလုံခြုံမှုကို ခံစားလာရတယ်။
ဒါကြောင့် လုံခြုံမှုရှိစေဘို့အတွက် မိမိတဦးခြင်းရှင်သန် ရပ်တည်နေထိုင်တဲ့အလေ့အထကို စွန့်လွှတ်၊ တဦးနှင့် တဦးစုစည်းပြီး လူ့အဖွဲ့အစည်းကလေးများအဖြစ် စတင်တည်ထောင်နေထိုင်လာခဲ့ကြတယ်။ အဲဒီလို စုပေါင်း နေထိုင်လာတဲ့ အချိန်ကစပြီး ရာနှုန်းပြည့် လွတ်လပ်မှု အခြေခံပေါ်မှာ မူလက မိမိ ခံစားကျင့်သုံးခဲ့တဲ့ လွတ်လပ်မှုနဲ့ အခွင့်အာဏာတွေအနက်က  အချို့ကိုစွန့်လွှတ်ပြီး မိမိဝင်ရောက်နေထိုင်တဲ့ လူ့အဖွဲ့အစည်းကို လွှဲအပ်လိုက်ရတယ်။  လူတဦးခြင်းစီက အဲဒီလိုလွှဲအပ်လိုက်တဲ့ အခွင့်အာဏာတွေကိုကိုင်စွဲပြီး အကြီးအကဲ၊ ဘုရင်၊ သမတ၊ အစိုးရ စသူတို့က သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများ တိုင်းပြည်များကို အုပ်ချုပ်လာခဲ့ကြတယ်။
ကိုရင်မောင်။              ။ ဟုတ်တယ်လေ မလေး။ အဲဒါကြောင့် ကျွန်တော်ပြောတာပေါ့။ လူ့အဖွဲ့အစည်းရဲ့ အကြီးအကဲ၊ ဘုရင်၊ သမတ၊ အစိုးရ စသူတွေက လူ့အဖွဲ့အစည်းကို တည်ငြိမ်မှုရှိအောင် ငြိမ်းချမ်းမှုရှိအောင် အုပ်ချုပ်လာကြရတယ်။ အဲဒီလိုအုပ်ချုပ်နိုင်ဘို့အတွက် လူတဦးခြင်းစီကို လုပ်ခြင်ရာလုပ်ခွင့် ပေးထားလို့မရဘူး။
မလေး။                    ။ ဒီလိုပြောရုံနဲ့ မလုံလောက်သေးဘူးကိုရင်မောင်။ ကျမတို့နားလည်ဘို့ လိုအပ်တာက ပထမအချက်အနေနဲ့ လူ့အဖွဲ့အစည်းရဲ့ အကြီးအကဲ၊ ဘုရင်၊ သမတ၊ အစိုးရ စသူတွေက အုပ်ချုပ်ခွင့်ရတယ် ဆိုတာဟာ လူ့တဦးခြင်းစီက သူ့မှာမူလကထဲက ရှိထားတဲ့လွတ်လပ်မှုနဲ့ အခွင့်အာဏာတွေအနက် အခိျု့ကို လွှဲအပ်လိုက်တဲ့အတွက်ဖြစ်တယ်။ ဒုတိယအချက်အနေနဲ့ လူတဦးခြင်းစီဟာ  လူ့အဖွဲ့အစည်းသို့ ၀င်ရောက် နေထိုင်လိုက်ပေမယ့် မိမိမှာ မူလရှိထားပြီးဖြစ်တဲ့ အခွင့်အာဏာအားလုံးကို စွန့်လွှတ်လိုက်တာတော့ မဟုတ်ဘူး။ အသက်ရှင်သန်ခွင့်၊ အခြေခံလွတ်လပ်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် စတဲ့ လူတဦးခြင်းစီရဲ့ အခြေခံ အခွင့်အရေးများကို် ဘယ်တုံးကမှ စွန့်လွတ်ခဲ့တာမဟုတ်ဘူး။  အဲဒါတွေကို သဘာဝအခွင့်အရေးတွေ အဖြစ် တလျှောက်လုံး ဆက်လက်စွဲကိုင်လာခဲ့ တယ်။ လူ့အခွင့်အရေးကို သဘာဝအခွင့်အရေး အခြေခံပေါ်မှာ ဖြစ်ပေါ်တိုးတက်လာတယ်လို့ ပညာရှင်များက ယူဆကြတယ်။
ဒါကြောင့် လူ့အဖွဲ့အစည်းရဲ့ အကြီးအကဲ၊ ဘုရင်၊ သမတ၊ အစိုးရ စသူတို့ဟာ လူတဦးခြင်းစီ၏ အခြေခံ အခွင့်အရေးများကို ထိပါးခွင့်မရှိဘူး။ သူတို့ရဲ့တာဝန်ဟာ လူတဦးခြင်းစီရပ်တည်ခဲ့ကြစဉ်က အခက်အခဲရှိခဲ့တဲ့ လုံခြုံမှုကို ဖေါ်ဆောင်ပေးဘို့၊ လူ့အဖွဲ့အစည်းမှာ လူတဦးနှင့်တဦး အချင်းများကြရင် ဖြေရှင်းပေးဘို့၊ လူတဦးက အခြားလူ တဦးရဲ့အခွင့်အရေးတွေကို ဖေါက်ဖျက်ပြီး ပြစ်မှုကျုးလွန်ရင် အဲဒီလူကို ပြစ်ဒဏ်စီရင်ဘို့ဖြစ်တယ်။ လူတဦးခြင်းစီဟာ အခြားလူတဦးရဲ့ အခွင့်အရေးများကို ဖေါက်ဖျက်ကျူးလွန်ခြင်းမရှိစေဘို့ လူ့အဖွဲ့အစည်းကို အုပ်ချုပ်သူတွေက ကာကွယ်စောင့်ရှောက်ပေးဘို့ ဖြစ်တယ်။ ဒီအခြေခံကနေ လူ့အဖွဲ့အစည်းတခုလုံးရဲ့ လုံခြုံမှုကို ထိပါးခြင်းမရှိစေဘို့ လူ့အဖွဲ့အစည်းက ချမှတ်ထားတဲ့  ဥပဒစည်းမျဉ်းစည်းကမ်းဘောင်အတွင်းမှာ နေထိုင်နေ သမျှကာလပတ်လုံး ဘယ်လိုအစိုးကမျှ အဲဒီလူကို ထိပါးခွင့်မရှိဘူး။ ဒိလိုလူ့အဖွဲ့အစည်းမျိုးသာလျှင် ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်။
ကိုရင်မောင်။              ။ မလေးဆိုလိုတာက လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းတယ်ဆိုတာဟာ လူတဦးခြင်းစီရဲ့ အခြေခံလွတ်လပ်မှု အခွင့်အရေးတွေကို ပိတ်ပင်ထားတာမျိုး မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းကို ကွပ်ကဲ အုပ်ချုပ် နေတဲ့ အစိုးရဆိုသူတွေက လူ့တဦးခြင်းစီရဲ့ အခြေခံအခွင့်အရေးတွေကို ထိပါးနေသမျှ ငြိမ်းချမ်းမှုမရှိနိုင်ဘူး။ ဒီလိုဆိုလိုသလား။
မလေး။           ။ အမှန်ဘဲ ကိုရင်မောင်ရေ။ အစိုးရတွေရဲ့ အနိမ့်ဆုံးတာဝန်ဟာ လူ့အဖွဲ့အစည်းမှာရှိတဲ့ လူတဦးက အခြားလူတဦးရဲ့ အခွင့်အရေးတွေကို ထိပါးနှောက်ယှက်မှု မရှိစေရေး အခြေခံကနေ လူ့အဖွဲ့ အစည်းရဲ့ လုံခြုံမှု တည်ငြိမ်မှုကို ထိမ်းသိမ်းစေါင့်ရှောက်ဘို့ဖြစ်တယ်။ ဒါမှသာ ငြိမ်းချမ်းမှုရှိတဲ့လူ့အဖွဲ့အစည်း ဖြစ်နိုင်မယ်။ မိမိတို့ရဲ့ အာဏာတည်မြဲရေးကို ထိပါးမှာစိုးလို့ တိုင်းပြည်ရဲ့ တည်ငြိမ်မှု၊ လုံခြုံမှုဆိုတဲ့ အကြောင်း ပြချက်တွေနဲ့ လူတဦးခြင်းစီရဲ့ အခြေခံအခွင့်အရေးတွေကို ရုပ်သိမ်းလိုက်ပြီဆိုရင် လူ့အဖွဲ့အစည်းမှာရှိတဲ့ ငြိမ်းချမ်းမှု ပျက်စီးသွားတော့တာဘဲ။ သာမန်အားဖြင့် ကြည့်လိုက်ရင် စစ်ပွဲတွေတော့ ရှိခြင်မှရှိနေမှာပေါ့။ တဖက်နဲ့တဖက် တိုက်ခိုက်သတ်ဖြတ်နေကြတဲ့ စစ်ပွဲတွေရှိမနေတိုင်း လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းနေပြီလို့ ပြောလို့မရဘူးလေ။ အခြားလူတဦးရဲ့ အခွင့်အရေးတွေကို ထိပါးနှောက်ယှက်မှုမရှိစေရေး အခြေခံပေါ်မှာ မိမိတဦးခြင်းစီရဲ့ အခွင့်အရေးကို အမြင့်မားဆုံးကျင့်သုံးနိုင်ခွင့်ရှိတဲ့ လူထုအဓိကလူ့အဖွဲ့အစည်း (Civil Society) မျိုးမှာသာလျှင် တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းမှုရှိနိုင်တယို့ ကျမပြောခြင်တယ်။
ကိုရင်မောင်။              ။ ကဲ မလေးရေ၊ ဆွေးနွေးလို့တော့ကောင်းပါရဲ့၊ အချိန်လဲနှောင်းနေပြီ၊ ပြန်လိုက်ဦး မယ်ဗျာ။ နောက်အပတ်မှတခါ ထပ်တွေ့ကြသေးတာပေါ့။
အောင်ထူး
အထွေထွေ အတွင်းရေးမှုး
မြန်မာနိုင်ငံ ရှေ့နေများကောင်စီ
(RFA) တွင်ထုတ်လွင့်ပြီး ...

No comments:

Post a Comment