Tuesday, February 28, 2012

ဓနုတိုင်းရင်းသား ဆုံဆည်းရာပွဲ ကျင်းပမည်
 
ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်မှာ ဓနုတိုင်းရင်းသားတွေရဲ့ ဒုတိယ အကြိမ်မြောက် ဆုံဆည်းရာပွဲတော်ကို မတ်လ ၆ ရက်နေ့မှာ ကျင်းပမယ်လို့ ဓနု စာပေယဉ်ကျေးမှုနဲ့ ဒေသတွင်းဖွံ့ဖြိုးရေးအဖွဲ့က ပြောပါတယ်။
 
တပေါင်းလဆန်း ၁၄ ရက်နေ့ကို ဓနုအမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ဓနုတိုင်းရင်းသား ဆုံဆည်းရာ ပွဲတော်ကို ကျင်းပတာလို့ အဲဒီအဖွဲ့က ဆိုပါတယ်။ မတ်လ ၃ရက်မှ ၈ ရက်နေ့ထိ ကျင်းပသွားမယ်လို့လည်း သိပါတယ်။
 
အဲဒီ့ ပွဲတော်မှာ ရိုးရာ အိုးစည်များနဲ့ ဓားသိုင်း၊ လက်သိုင်းစတဲ့ ရိုးရာ အကတွေနဲ့အတူ လာရောက်တဲ့ သူတွေကို ဖျော်ဖြေမှာ ဖြစ်တဲ့အပြင် သံဃာတော် အပါး ၆၀၀ ကျော်ကို ဆွမ်းလောင်း လှူဒါန်းခြင်း၊ အတူတကွ ထမင်းလက်ဆုံစားခြင်း၊ ဆွမ်းတော်ကြီး အလှူခံလှည့်လည်တာတွေလည်း ထည့်သွင်းကျင်းပမယ်လို့ ပြောပါတယ်။
ပင်းတယမြို့ ဓနုလူမှုကူညီရေး အဖွဲ့ ကိုနီသူယုနိုင်က ပွဲကျင်းပရခြင်းနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။
“ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့  အနယ်နယ် အရပ်ရပ်က ဓနုတိုင်းရင်းသားတွေ၊ ရပ်ဝေးရောက်နေတဲ့ ဓနုတိုင်းရင်းသားတွေ အားလုံး ဆုံဆည်းကြတဲ့ ပွဲပေါ့။ နောက်ပြီး ရိုးရာ ယဉ်ကျေးမှုတွေ၊ တမြို့နဲ့တမြို့၊ တရွာနဲ့တရွာ အကုန်လုံးပြန်လည် ထုတ်ဖော်ပြီးတော့ ပြပေးတဲ့ပွဲပေါ့။ အခု ဓနု တိုင်းရင်းသား အားလုံး စုံစုံညီညီနဲ့ ဒီပွဲမှာ ထမင်းလက်ဆုံစားပြီး နှစ်စဉ်နှစ်တိုင်း သံဃာအပါး ၆၀၀ ကျော်ကို ဆွမ်းဆန်စိမ်း လောင်းတယ်။ ရိုးရာပွဲတက်တယ်၊ ဆွမ်းတော်ကြီး လောင်းတယ်။ ဒီလို ရိုးရာပွဲတွေနဲ့ ရည်ရွယ်ပြီးတော့မှ သတ်မှတ်ကျင်းပခဲ့တာပါ။”
ဒီပွဲတော်ဟာ ပင်းတယ တပေါင်းပွဲကျင်းပတဲ့ရက်နဲ့ တိုက်ဆိုင်ကျင်းပတာ ဖြစ်တဲ့အတွက်လည်း အနယ်နယ် အရပ်ရပ်က လာရောက်တဲ့သူတွေ များပြားတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က စတင်ပြီး ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီးတော့ အဝေးရောက် ဓနုလူမျိုးတွေနဲ့ ဒေသခံတွေနဲ့ ပွဲတော်ဟာ စည်ကားခဲ့တယ်လို့ သိရပါတယ်။
ဓနုလူမျိုးတွေဟာ ရှမ်းပြည်တောင်ပိုင်း ပင်းတယ၊ ရပ်စောက်၊ ကလော၊ အောင်ပန်း၊ တောင်ကြီး၊ ရွာငံ တွေအပြင် နောင်ချိုမြို့နယ်တွေမှာလည်း အများဆုံးနေထိုင်ကြပြီးတော့ လူဦးရေ ၂ သိန်းနီးပါးခန့် ရှိပါတယ်။ ဓနုလူမျိုးတွေရဲ့ သံချပ်တွေဟာလည်း ရှမ်းပြည်နယ်သာမက မြန်မာပြည်တ၀ှမ်းမှာ လူသိများပြီးတော့ တောင်ပေါ် ဒေသရဲ့ လှတောသားများ အဖြစ် ခေါ်ဝေါ် ပြောဆိုလေ့ရှိပါတယ်။
ဗမာတပြည်လုံး ထင်ရှားတဲ့ ဓနုသံချပ်ကတော့ “ပင်စိမ်းသီးပိုးထိုး၊ တောင်ကြီးသူမ ရအောင်ပိုး၊ ပင်စိမ်းသီးနေဇာလောင် မိန်းမလက်ဆောင် ပေးရအောင်၊” ဖြစ်ပါတယ်။

No comments:

Post a Comment