Wednesday, February 29, 2012

ပုသိမ်မြို့ မှာ အမဲသားဈေးကျရေး တောင်းဆိုသူ ၁၆ ဦး တရားစွဲခံရ
 
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အမဲသားဈေး ကြီးမြင့်လွန်းနေတဲ့အပေါ် ကန့်ကွက် တောင်းဆိုသူ ၁၆ ဦးကို စည်ပင်သာယာက တရားစွဲဆိုထားပါတယ်။

အမဲသားဈေးကျဆင်းရေး တောင်းဆိုနေကြစဉ်
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အမဲသားဈေး ကြီးမြင့်မှုနဲ့ ပတ်သက်လို့ လေလံပွဲရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့သူ ၁၆ ဦး ၀တ္တရား နှောင့်ယှက်မှုနဲ့ တရားရင်ဆိုင်နေရတာပါ။
သူတို့တွေက ပုသိမ်မြို့မှာ အမဲသားလေလံတွေကို တဦးတည်းက ၅ ခုကို ဆွဲယူပြီး  စိတ်ကြိုက် ဈေးတင်ခြင်း မဖြစ်သင့်ဟု ဆိုကာ ဒီလ ၂ ရက်မှာ ဆန္ဒ ထုတ်ဖော်ခဲ့တဲ့အတွက်  ရဲက ဖမ်းဆီးပြီး စည်ပင်သာယာက တရားစွဲတာပါ။
 
သူတို့ အဆိုအရ ပုသိမ်မြို့မှာ ရောင်းတဲ့ အမဲသားဈေးဟာ ပုသိမ်မြို့ နယ်နမိတ်အပြင် ၁၀မိနစ်ခန့် ကားမောင်းရတဲ့ နေရာတွေမှာ အမဲသား ၁ ပိဿာ ကို ကျပ် ၃,၅၀၀ လောက်သာ ရှိပေမယ့် ပုသိမ်မြို့နယ်တွင်းမှာ ၁ ပိဿာကို  ၅,၅၀၀ ကျပ်ထိ  ဈေးတင် ရောင်းချနေတာကြောင့် အများသူငါ ၀ယ်မစားနိုင်ကြဘူးလို့ သိရပါတယ်။
မြို့တွင်းမှာ အလှူလုပ်တဲ့အခါ နွား ၁ ကောင် ကိုယ့်ဖာသာကိုယ် အသားဖော်တဲ့အတွက် လေလံသမားကို ၁ ကောင်ကို ကျပ်ငွေ ၆၀,၀၀၀ အသားတင်ပေးရသလို အရေခွံတပြား ကျပ်၂၀,၀၀၀ ခန့် တန်ဖိုးပါ ပေးရတာကြောင့် အလှူအတန်းတွေအတွက်လည်း ခက်ခဲလာတယ်လို့ ဆိုပါတယ်။
မြို့ခံတချို့က ဈေးသက်သာတဲ့နေရာက ၁ ပိဿာ မပြည့်တတ်တဲ့ အမဲသား ၀ယ်ယူလာတာကို လေလံဆွဲသူနဲ့ စည်ပင်ကသိရင် အမှုလုပ်ပြီး ထောင်ချတာကြောင့် ထောင်ကျသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒီလို အဖြစ်အပျက်တွေကြောင့် ကိုချစ်အေး အပါအ၀င် ၁၆ ဦးက  ဖေဖော်ဝါရီ ၂ ရက်နေ့က လေလံပစ်တဲ့ ခြံဝင်း အပြင်ဘက်မှာ တန်းစီပြီး “အမဲသားဝယ်ဈေးက ၁,၇၀၀၊ ရောင်းဈေးက ၅,၅၀၀ ပြည်သူများမစားနိုင်” လို့ ရေးထားတဲ့ စာရွက်တွေကိုင်ဆောင်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။
ဒီနောက် သူတို့ကို ရဲက ခေါ်ယူစစ်ဆေးခဲ့ပြီး နောက်နေ့မှာ စည်ပင်သာယာက ၀တ္တရား နှောင့်ယှက်မှုနဲ့ တရားစွဲဆိုခဲ့တယ်။
သက်ဆိုင်ရာက သူတို့ကို ခေါ်ယူစစ်ဆေးတုန်းက အသားဈေး ကွာဟတယ် ဆိုတာ ဟုတ်၊ မဟုတ် အကြိမ်ကြိမ် အသေအချာမေးခဲ့ပေမယ့် ကွင်းဆင်း စစ်ဆေးမှု မရှိဘူးလို့ သူတို့က ပြောပါတယ်။
တရားစွဲဆိုခံရသူတွေဘက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှေ့နေ ၅ဦး လိုက်ပါ ဆောင်ရွက်ပေးတယ်လို့ ကာယကံရှင် အမှုသည်တွေက ပြောပါတယ်။

No comments:

Post a Comment