Wednesday, February 29, 2012

ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု သတင်းစာရှင်းလင်းပွဲ
၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၂၉ရက်နေ့ညနေ ၄နာရီအချိန်ခန့်တွင် ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့ဝင် ၁၁ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ လာရောက်တွေ့ဆုံခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲပြီးဆုံးပါက ဥရောပပါလီမန်မှ ချီးမြှင့်သော Sakharov ဆုကို လာရောက်ယူရန် ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံသို့လဲ အခြားသော ထောက်ပံ့ပေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
ဥရောပပါလီမန်ကနေပြီးတော့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လာဖို့ဖိတ်ခေါ်ပါတယ် ဖိတ်ခေါ်ရတဲ့အကြောင်းအရင်းကလဲ ဥရောပပါလီမန်ကနေ ချီးမြှင့်တဲ့ Sakharov ဆုကိုယူဖို့ဖြစ်တယ် နောက်ပြီး ကျွန်တော်တို့အနေနဲ့လဲ မြန်မာနိုင်ငံကို ထောက်ပံ့ပေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာပါဟု အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး ဥရောပ ပါလီမန်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတရန် လိုအပ်ပြီး ၁၉၉၀ခုနှစ်ရွေးကောက်ပွဲကဲ့သို့ မဖြစ်ပေါ်ရန် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
ကြားဖြတ်ရွေးကောက်ပွဲတရားမျှတဖို့ အရေးကြီးတယ် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတုန်းကဆိုရင် အနိုင်ရတယ် ဒါပေမဲ့ တစ်လကြာတစ်လနဲ့ ဘာမှ ဖြစ်ပေါ်လာတာမျိုးမရှိဘူး အဲ့ဒါကြောင့် အားလုံးက စောင့်ကြည့်နေဖို့လိုတယ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 
လာမည့်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် မီဒီယာများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တရားမျှတမှု ရှိမရှိ စောင့်ကြည့်နေပါက မျှတခြင်းရှိမရှိသိရှိနိုင်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ထပ်မံ ပြောဆိုခဲ့သည်။
 
ဥရောပပါလီမန်အမတ်နှင့် အဖွဲ့ဝင် ၁၁ဦးသည် ညနေ၅နာရီခွဲခန့်အချိန်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှ ပြန်လည်ထွက်ခွာခဲ့သည်။၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ
 
၂၈ရက်နေ့တွင် ဥရောပပါလီမန်အမတ်နှင့် အာဆီယံကိုယ်စားလှယ်အဖွဲ့ ဥက္ကဌသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး အခြားသော နိုင်ငံရေးပါတီများနှင့်ပါ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါ အဖွဲ့သည် ၂၀၁၂ခုနှစ် မတ်လ တစ်ရက်နေ့ ညနေ ၅နာရီဝန်းကျင်တွင် Chatrium Hotel သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment