Wednesday, February 29, 2012

တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်ရန် အားပေးသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ ပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Wu Bangguo တို့အား တွေ့ရစဉ်
 


တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သော  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Wu Bangguo၊ ဒုတိယဥက္ကဋ္ဌ Lu Yong Xiang တို့ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၊ Xin Jiang ခန်းမ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးဗဟိုဌာန အမှတ်(၄) အစည်းအဝေးခန်းမတို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ သီးခြားစီတွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံကြား လွှတ်တော် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စစ်ရေး၊ ဘာသာရေး နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးသာမက ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စ များတွင်ပါ ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး မြစ်ဆုံအရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်ရန် အားပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အိမ်နီးချင်းနိုင်ငံများ ချမ်းသာရန် အကူအညီပေးမည်ဖြစ်ကြောင်းတို့ကိုလည်း တရုတ်နိုင်ငံဘက်က ထည့်သွင်းပြောကြား ခဲ့သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံဆွေးနွေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ Lu Yong Xiang  က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လိုပါက တည်ငြိမ်မှု လိုအပ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာဥပဒေများ ပိုမိုပြည့်စုံမှုရှိလာရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ရန် ကိုယ်စွမ်းရှိသလောက် ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်ရန် အားပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အိမ်နီးချင်းနိုင်ငံများ ချမ်းသာရန် အကူအညီပေးမည်ဖြစ်ကြောင်းတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ တွင်ထိပ်ဆုံးကရပ်တည်နေသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ရေးကိစ္စ၊ မီးရထားလမ်း၊ မော်တော်ကားလမ်းများ ဖောက်လုပ်ရေးကိစ္စ၊ ကျောက်ဖြူ ရေနက်စီမံကိန်းကိစ္စများပေါ်တွင် အကျိုးသက်ရောက်မှုများ၊ တုံ့ပြန်မှုများ ရှိလာမှာကို အဆွေတော်တို့ စိုးရိမ်ကောင်း စိုးရိမ်နိုင်ပါကြောင်း၊ အဆိုပါစီမံကိန်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အတွက် အင်မတန်အရေးကြီးသော စီမံကိန်းများဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းများကို ဘေးပယောဂ အနှောင့်အယှက်များ မည်သို့ပင် ရှိလာစေကာမူ ဆောင်ရွက်စရာရှိသည်များကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒီစီမံကိန်းများ အတွက် လုံးဝထိခိုက်မှု မရှိအောင်သုံးသပ်ပြီး ဆောင်ရွက်ရန် စီမံထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အတွက် ဘုံအကျိုးစီးပွားများ ဖြစ်ပါကြောင်း၊ ဒါကို နှစ်ဦးနှစ်ဖက် နားလည်လက်ခံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တို့ကိုဆွေး နွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
EMG

No comments:

Post a Comment