Monday, February 27, 2012

ဒေါ်အောင်ဆန်းစုကြည်သုံးခွမြို့ ပြင်ပဲတီစိမ်းခင်းထဲမှာ ပြောကြားခဲ့တဲ့မိန့် ခွန်းကောက်နှုတ်ချက်
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ၂၆.၂.၂၀၁၂ တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်သို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။ သုံးခွမြို့ ဘောလုံးကွင်းကို အသုံးပြုခွင့်မရသောကြောင့် ပဲတီစိမ်းများစိုက်ပျိုးထားသော လယ်ကွင်းပြင်ကြီးထဲတွင် လူထုဟောပြောပွဲပြုလုပ်ခဲ့သည်။ ဟောပြောပွဲကို ညနေ ၅ နာရီ ၅၅ မိနစ်တွင် စတင်ခဲ့ပြီး ၆ နာရီ ၁၆ မိနစ်တွင်ပြီးဆုံးခဲ့သည်။
 
““မဲထည့်တဲ့နေ့မှာ ငါတို့ဟာ ဒီနိုင်ငံရဲ့ အစိုးရကို စိုးမိုးနိုင်တဲ့နေ့လို့ သဘောထားပြီး မဲထည့်ပါ”” 
““သိပ်ပြီး ကတိတွေပေးတဲ့ အဖွဲ့ဆို ယုံကိုမယုံပါနဲ့။ ချော့ပြီးမဲတောင်း၊ ခြောက်ပြီး မဲတောင်းလို့ရှိရင်လည်းမကြောက်ပါနဲ့။ ခြောက်ရင်ကြောက်ချင်ယောင်ဆောင်လိုက်ပါ။ ပြီးသွားတာပေါ့။ သိပ်ပြီး အားတွေမသုံးစေချင်ပါဘူး”” ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ၂၆.၂.၂၀၁၂ ညနေပိုင်းတွင် သုံးခွမြို့ပြင် လယ်ကွင်းအတွင်း လူထု နှစ်သောင်းကျော်အား ပြောကြားခဲ့သည်။
သုံးခွမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူက ယခင် အန်အယ်လ်ဒီ ပါတီ အတွင်းရေးမှူး ဦးလွင်ရဲ့ သမီးဖြစ်သူ ဒေါ်စုစုလွင်ပါ။
ဒေါ်စုစုလွင်ကို မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဟောပြောချက်ထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

သုံးခွ၊ ရန်ကုန်တိုင်း
--------------------------------------------------------
သုံးခွမြို့ လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အချို့
 ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ (YPI)
 ယနေ့မွန်းလွဲပိုင်းက သုံးခွမြို့သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ညနေ ၅ နာရီခွဲမှ ၆နာရီမထိုးမီ အထိ မြို့ပြင် ပဲခင်းထဲတွင် လူထု ဟောပြောပွဲပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ချက်အချို့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။ (၁) “ မဲတပြားကို မှားပြီးတော့လည်း မဖြစ်ပါစေနဲ့ ကြောက်လို့ပေးတာမျိုးလည်း မဖြစ်ပါစေနဲ့ ချော့ပြီးယူတာမျိုးလည်း မဖြစ်ပါစေနဲ့ ၊ ကိုယ့်ရဲ့ ဦးနှောက်နဲ့ရော နှလုံးနဲ့ပါ စဉ်းစားပါ၊ ဘယ်အဖွဲ့ကိုထောက်ခံမလဲ၊ ဘာဖြစ်လို့ ထောက်ခံမလဲ ဆိုတာ စဉ်းစားရမယ်။ ကျွန်မတို့ ဒီလိုပြောခြင်းအားဖြင့် ကျွန်မတို့ ကိုယ်စားလှယ်ကို တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ” (၂ ) “ မဲပေးတာဟာ လူပုဂ္ဂိုလ် တဦးတယောက်ထဲ မဟုတ်ပါဘူး၊ တကယ်အရေးကြီးတာက အဖွဲ့အစည်းတခုအတွက်ပေးရပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းဟာ မူရှိရတယ်။ အစဉ်အလာရှိရတယ်၊ ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းလည်း ရှိရတယ်” (၃) “ ၁၉၉၀ ခုနှစ် လွပ်လပ်တဲ့ ရွေးကောက်ပွဲမှာ ကျွန်မကြိုတင်မဲပဲ ပေးပိုင်ခွင့်ရှိခဲ့တယ်၊ ၂၀၁၀ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့လိုပ ကျွန်မ လုံးဝမဲမပေးခဲ့ပါဘူး၊ ဒါကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲက ကျွန်မတသက်လုံးမှာ ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရတဲ့ အကြိမ်ဖြစ်ပါတယ် ” (၄) “ ကျွန်မ သတိပေးမယ်နော် သိပ်ပြီး ကတိပေးတဲ့ အဖွဲ့တွေဆို မဲမပေးနဲ့၊ ဒါလေး လုပ်ပေးမယ်၊ ဟိုဟာလေး လုပ်ပေးမယ် ချော့ပြီးတောင်းတာပေါ့နော်၊ ချော့ပြီးတောင်းတာက သိပ်မဆိုးသေးဘူး ခြောက်ပြီးတောင်းတာ တော်တော်ဆိုးတယ်နော်၊ မဲပေးလို့ရှိရင် လုံးဝမကြောက်ပါနဲ့၊ မဲပေးတဲ့အခါ ဘယ်ပုံးထဲကိုထည့်တယ်ဆိုတာ ဘယ်သူမှ သိနိုင်တာမဟုတ်ပါဘူး၊ ခြောက်ရင်လည်း ကြောက်ချင်ယောင် ဆောင်လိုက်၊ မဲပေးတဲ့အခါ ဒေါ်စုစုလွင်ကိုပဲ မဲပေးပါ ” YPI

No comments:

Post a Comment