Monday, February 27, 2012

ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့သို့ မဲဆွယ်စည်းရုံးရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည်  မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် သုံးခွမြို့နယ်သို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သွားရောက်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို သာကေတမြို့နယ် ကျောက်တိုင်မှတ်တိုင်မှစ၍ လမ်းဘေးဝဲယာတစ်လျှောက် ဒေသခံများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံများဝှေ့ရမ်း၍လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံများ ကိုင်ဆောင်၍လည်းကောင်း၊ အောင်နိုင်ရေးသီချင်းများ ဖွင့်၍လည်းကောင်း ကြိုဆိုမှုများပြုလုပ်ခဲ့ကြောင်းနှင့် သုံးခွမြို့နယ် ဘုရင့်နောင်အားကစားကွင်းအစား အဆိုပါအားကစားကွင်းအနီးရှိ လယ်ကွင်းများအတွင်း၌ မဲဆွယ်စည်းရုံးဟောပြောမှု ပြုလုပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲဝင်မည်ဟု ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် မည်သည့်ရွေးကောက်ပွဲမဆို အနိုင်ရရှိ အောင်ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ပြီး၊ ထိုသို့အနိုင်ရရှိရန်အတွက် ပြည်သူများက မိမိတို့ပါတီအား မဲထည့်ပေးကြရန်လည်း ထည့်သွင်း ပြောကြားခဲ့သည်။

''ခေါင်းထဲမှာ စွဲစွဲမြဲမြဲထားပါ။ ဒီရွေးကောက်ပွဲမှာ မဲထည့်တဲ့နေ့ တစ်နေ့ဟာ ငါတို့ဟာ ဒီနိုင်ငံရဲ့အစိုးရကို စိုးမိုးနိုင်တဲ့နေ့ တစ်နေ့ပဲလို့ အဲလိုစိတ်ထဲမှာထားပါ။ ဒါကြောင့်မို့ အဲဒီမဲတစ်ပြားကို မှားပြီးတော့လည်း မပေးပါနဲ့။ ကြောက်လို့ပေးတာမျိုးလည်း မဖြစ်ပါစေနဲ့။ ချော့ပြီးတော့ ပေးပြီး တော့ ယူတာမျိုးလည်း မဖြစ်ပါစေနဲ့။ ကိုယ့်ရဲ့ဦးနှောက်နဲ့ရော ကိုယ့်ရဲ့နှလုံးသားနဲ့ရော နှစ်ခုစလုံးနဲ့ စဉ်းစားပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က လူထုဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံရေးအဖွဲ့အစည်းဆိုသည်မှာ မူ၊အစဉ်အလာ၊ ဘယ်လိုအလုပ်မျိုးကို လုပ်ခဲ့သည်ဆိုသည့် သမိုင်းလည်း ရှိရမည်ဖြစ်ကြောင်း၊ ပါတီ၏ မူဝါဒ၊ သမိုင်းနှင့်အစဉ်အလာတို့ကို ပြည်သူက လေ့လာသုံးသပ်ဝေဖန်နိုင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
''ကျွန်မတို့ဟာ အနှစ် ၂၀ ကျော် ဒီမိုကရေစီရရှိရေးအတွက် အကြမ်းမဖက်တဲ့ လမ်းကိုလျှောက်ခဲ့ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က မဲပေးနိုင်သည့် အခွင့်အရေးကို အလေးထားရန်လိုကြောင်း၊ မိမိအနေဖြင့် မိမိသက်တမ်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ လွတ်လွတ်လပ်လပ် မဲပေးခွင့် မရရှိခဲ့ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် နေအိမ်အကျယ် ချုပ်ကျနေခြင်းကြောင့် ကြိုတင်မဲသာ ပေးခွင့်ရခဲ့ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့သောကြောင့် မဲမပေးခဲ့ကြောင်း၊ ယခုအကြိမ်မှသာ ပထမဆုံး လွတ်လပ်စွာမဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လစ်လပ်နေရာ ၄၈ နေရာစလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆိုပါသုံးခွမြို့နယ် မဲဆန္ဒနယ်၌ ဒေါ်စုစုလွင်က ၀င်ရောက်ယှဉ်မည်ဖြစ်သည်။

No comments:

Post a Comment