Sunday, January 15, 2012

ဒီမိုကရေစီနှင့် တသီးပုဂ္ဂလ၀ါဒ

ဒီမိုကရေစီနှင့် တသီးပုဂ္ဂလ၀ါဒ

ဒီမိုကရေစီဆိုတာ လူအများစုရဲ့လက်ထဲမှာ ဆုံးဖြတ်ခွင့်တွေနဲ့ အချုပ်အချာအာဏာရှိတာကို ဆိုတယ်။
Collectivism ဆိုတာကတော့ အဖွဲ့အစည်း သို့မဟုတ် တိုင်းပြည်တစ်ခုဟာ စီးပွားရေး၊ ကုန်ထုတ်လုပ်ရေး တစ်ခုလုံးကို ချုပ်ကိုင်ထားခြင်းဖြစ်တယ်။ ဥပမာ.. နာဇီတွေနဲ့ ကွန်မြူနစ်တရုပ်တိုင်းပြည်တွေ။
Individualism ကတော့ တစ်ဦးတည်းရဲ့ မူပိုင် လုပ်ပိုင်ခွင့်တွေကို ပိုအားပေးတယ်။ လူအများစုရဲ့ ၀င်စွက်ဖက်မှုနဲ့ ပရောဂတွေ ကင်းတယ်။
အပေါ်က သုံးခုကိုယှဉ်ကြည့်ရင်………
ဒီမိုကရေစီ ဟာ Collectivism နဲ့ သွားနီးစပ်နေတယ်။ ကျမ တစ်ဦးထဲအမြင်မဟုတ်။ J.B. Wollstein ကလဲ ဒီလိုပဲမြင်ပါတယ်။

တိုင်းပြည်တွေ တော်တော်များများဟာ ဒီမိုကရေစီကိုလိုလားကြတယ်။ အထူးသဖြင့်


အနောက်နိုင်ငံတွေမှာ ဒီမိုကရေစီကို ကျင့်သုံးမှ လွတ်မြောက်မယ်၊ ငြိမ်းချမ်းမယ်လို့ ဆိုလေ့ရှိတယ်။
ကိုယ်ကိုတိုင်ကလဲ ဒီလိုတိုင်းပြည်ကို ရောက်လာပြီး အနှစ်နှစ်ဆယ်နားကပ်လာတော့ သူတို့ရဲ့ (လှည့်ကွက်လို့ပြောမလား) ဟာကွက်တွေကို မြင်လာတယ်။ မသိခင်ကတော့ ကိုယ်ကိုတိုင် ဒီမိုကရေစီတိုင်းပြည်တွေကို အထင်ကြီးလို့ ကနေဒါကို ရောက်လာတာပါ။ ဒီမိုကရေစီ ကျင့်စဉ်က မကောင်းဘူးလို့ မပြောပါဘူး၊ ကောင်းပါတယ်။ လုံးဝမကျင့်သုံးတဲ့ တိုင်းပြည်တွေထက်တော့ သာပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ၊ ဟာကွက်တွေ အများကြီးပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဆိုးတာတွေအများကြီးပါပဲ။ ဆိုးတာတွေ များလို့ ဒီမိုကရေစီနည်းလမ်းကို မကျင့်ရတော့ဘူးလို့ ကျမ လုံးဝ မဆိုလိုပါဘူး။
J.B. Wollstein က ပြောပါတယ်။ ဒီမိုကရေစီကို ကျင့်သုံးတယ်ဆိုနေတဲ့ တိုင်းပြည်တွေဟာ ရွေးကောက်ပွဲတွေကို အလျှံပယ်လုပ်နေပေမယ့် ပြည်သူလူထုကို စနစ်တကျ ဖိနှိပ်နေပါတယ်တဲ့။ သူပြောတာ သွေးထွက်အောင် မှန်နေလို့ပါပဲ။ ဥပမာပြရမယ်ဆိုရင်.. ကနေဒါနိုင်ငံမှာ အထင်ကရမရှိတဲ့ အစိမ်းရောင်ပါတီလို ပါတီသေးလေးတွေဟာ မဲဆွယ်ပြိုင်ပွဲတွေတွက် ငွေရေးကြေးရေးကိစ္စတွေမှာ စနစ်တကျ ဥပဒေတွေနဲ့ကို တင်းကြပ်ခြင်းခံရပါတယ်။ သူက အရှေ့တိုင်းပြည်နှစ်ခုကိုလဲ ထောက်ပြထားပါတယ်၊ နာမယ်တွေတော့ မဖော်ပြတော့ပါဘူး။ အဲဒီတိုင်းပြည်တွေဟာ Democratic Republic လို့ သုံးထားပြီး ပါတီတစ်ခုကိုပဲ မဲပေးခွင့်ရတာ။ မဲ မပေးမနေရ အတင်းမဲပေးခိုင်းပြီး ဆန့်ကျင်ရင် ထိုသူတွေကို တနည်းနည်းနဲ့ အသက်ဆုံးရှုံးစေတာ၊ ခေတ်သစ်ကျွန်ဘ၀ ရောက်စေတာတွေကိုပါ ထည့်ပြောထားပါတယ်။ သူက အရှေ့တိုင်းပြည်တွေကိုသာမက၊ အနောက်တိုင်းပြည်တွေရဲ့ ဟာကွက်တွေကိုလဲ ထောက်ပြသွားပါတယ်။ အနောက်တိုင်းပြည်တွေမှာလဲ  ပါတီပြိုင်အမတ်တွေကို လုပ်ကြံတာတွေ၊ အမေရိကန်နိုင်ငံမှာတောင် ရွေးကောက်ပွဲတွေမှာ မဲခိုးမှုတွေနဲ့ ပြည့်နေတာတွေကိုလဲ ထောက်ပြသွားပါတယ်။

ဒီမိုကရေစီဆိုတာ လွတ်လပ်ခြင်းတစ်ခုမဟုတ်သလို ငြိမ်းချမ်းခြင်းတစ်ခုလဲ လုံးဝ မဟုတ်ပါဘူး။
J.B. Wollstein ပြောသလိုပဲ ဒီမိုကရေစီဟာ ဘယ်သူ တက်အုပ်ချုပ်ပါလို့ ၀ိုင်းပြီး အများသဘောတူ ဆုံးဖြတ်ပေးတဲ့ သဘောပဲရှိပါတယ်။ ဒီတက်အုပ်ချုပ်သူရဲ့ သမာသမတ်ကျမှုကို တိုင်းတာမှုမရှိပါဘူး။
မြောက်နှင့် တောင်အမေရိကများမှာ ဒီမိုကရေစီကိုရှာဖွေတွေ့ရှိသူများဟာ ဒီမိုကရေစီရဲ့ ဆိုးဝါးမှုတွေ (သူကတော့ evils of pure democracy လို့သုံးထားပါတယ်) ကို ကြိုမြင်လို့ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို ကာကွယ်တဲ့အနေနဲ့ သူတို့တိုင်းပြည်တွေကို constitutional republic အနေနဲ့ ဖွဲ့စည်းထားပါတယ်။ constitutional republic နဲ့ ဒီမိုကရေစီဟာ လစ်ဘာတီ နဲ့ ကျွန်စနစ်ကဲ့သို့ ကွာခြားတယ်လို့ကို ဆိုကြသူတွေရှိပါတယ်။ “လူအများသဘောတူရင် ဤ က ကျွဲ ဖြစ်တယ်” ဆိုသလို၊ အကုန်လုံးကြီးက မှားနေပြီး တစ်ယောက်ထဲက မှန်နေရင် မှန်နေတဲ့သူက အမှားဖြစ်မှာလား။ လူဖြူအများစုက မဲနိုင်ပြီး လူမဲတွေက မဲရှုံးရင် လူမဲတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးရတော့မှာလား စသဖြင့် မေးခွန်းထုတ်စရာတွေရှိလို့ ယူအက်စ် ကွန်စတီကျူးရှင်းမှာကော declaration of Independence မှာပါ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို သုံးမထားပါဘူး။
ဒီမိုကရေစီဟာ လွတ်မြောက်ခြင်း/လွတ်လပ်ခြင်းကို (freedom) အာမ မခံပါဘူး။ လို့လဲ ဒီမိုကရေစီ သဘောသဘာဝကို လေ့လာတဲ့ ပညာရှင်များက ဆိုပါတယ်။ ရွေးကောက်တင်မြှောက်ခွင့်၊ မဲပေးခွင့်ရှိရုံလောက်နဲ့ တင်မြောက်ခြင်းခံလိုက်ရတဲ့ အစိုးရဟာ မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို ဘယ်လောက် ကာကွယ်ပေးနိုင်မလဲ ဆိုတာလဲ မေးခွန်းထုတ်စရာရှိပါတယ်လို့ ဆိုပါတယ်။ မဲပေးနိုင်ခွင့်ရရုံ အခွင့်အရေး (electoral rights) နဲ့ ကိုယ်ပိုင်အခွင့်အရေး (substantive rights) တွေရဲ့ ကွာခြားမှုကိုလဲ သူတို့တွေက ဆွေးနွေးကြပါသေးတယ်။
ကိုယ်ပိုင်အခွင့်အရေးတွေဟာ ဘာတွေလဲဆိုရင်…

အသက်ရှင်ခွင့်၊ လွတ်မြောက်ခွင့်၊ ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်
လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်
တရားမျှတသော ခုံရုံးများတွင် တရားရင်ဆိုင်နိုင်ခွင့်
လွတ်လပ်စွာ ခရီးသွားလာခွင့်
ဘာသာရေး လွတ်လပ်ခွင့်
မိမိ ကလေးများကို သူတို့နဲ့သင့်တော်တဲ့ ပညာရေးအတွက် မိဘတွေမှာ ဆုံးဖြတ်ပိုင်ခွင့်
မိမိကိုယ်ပိုင်စီးပွားရေးကို ဖန်တီးနိုင်ခွင့်
မိမိကိုယ်ကို ကာကွယ်နိုင်ခွင့်
အစိုးရက တစ်ချိန်လုံး မျက်စိဒေါက်ထောက်ကြည့်နေခြင်းကို ခံရခြင်းမှ ကင်းလွတ်ခွင့် တွေပဲလို့ ဆိုကြပါတယ်။

ဒီနေရာမှာ .. ကျမ တော်တော်လေး စဉ်းစားသွားမိတယ်။ တစ်ကယ်တော့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ တချို့နေရာတွေမှာ ပြောတာတွေကတခြား၊ ဖြစ်နေတာတွေက တခြားဖြစ်နေပါတယ်။ ဥပမာတစ်ခုပြရမယ်ဆိုရင်… ဟိုတစ်လောကပဲ ဘတ်စ်ကား ကုမဏီကြီးတစ်ခုမှာ အလုပ်လုပ်တဲ့ ဒရိုင်ဘာလေးက၊ သူ့ရဲ့ တစ်နေ့တာ ကားမောင်းရင်းရလာတဲ့ အတွေ့အကြုံတွေကို၊ ဘလောဂ်ရေးပြီး ဝေမျှတာ အလုပ်ပြုတ်သွားပါတယ်။ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်……??

အစိုးရက တစ်ချိန်လုံး မျက်စီဒေါက်ထောက်ကြည့်နေခြင်းမှ ကင်းလွတ်ခွင့်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူတို့ ဒေါက်ထောက်ကြည့်ချင်တဲ့သူဆိုရင် ဒီတိုင်းပြည်တွေမှာ လှုပ်လို့မရအောင် ဒေါက်ထောက်ကြည့်တာပါပဲ။ ခရီးသွားရင် ရောက်ရာ မြို့ရွာမှာ သက်ဆိုင်ရာတွေဆီ သတင်းပို့၊ မပို့ရင်တော့ သတင်းစာတွေထဲ ပုံအကြီးကြီးထည့်ပြီး ရှာတော့တာပါပဲ။ ဒါကတော့ အခြေအနေပေါ်မှာ လုံးဝ မူတည်ပါတယ်။
ဒီတိုင်းပြည်တွေမှာ မလွတ်လပ်တာတွေက အများကြီးပါ။ အဲသလို ပြောလို့မရအောင် ဥာဏ်ရှိသူများပီပီ “စည်းကမ်း” ဆိုတဲ့ စကားနဲ့ ထိန်းချုပ်ထားကြပါတယ်။ အဖျင်းဆုံး ဥပမာတွေ ပြရမယ်ဆိုရင် ကျမ ခြံထဲမှာ အမှိုက်ကို မီးရှို့လို့မရဘူး။ ရေတွင်းထတူးလို့ မရဘူး။ အိမ်သာကျင်း ထတူးလို့မရဘူး။ သစ်ပင်တွေ ခုတ်ချင်တိုင်း ခုတ်လို့မရဘူး။ နယူးယားညတွေမှာ လမ်းပေါ်မှာ မူးပြီး လမ်းတွေလျှောက်နေလို့မရဘူး။ မူးပြီးကဲချင်ရင် သက်ဆိုင်ရာ ကလပ်ကိုသွားပဲ။ မူးပြီးလဲ ကားတွေမောင်းနေလို့မရဘူး။ မီးပန်းတွေ ဖောက်ချင်တိုင်း ဖောက်လို့မရဘူး။ ဒီမိုကရေစီရှိတဲ့ တိုင်းပြည်ဆိုပြီး ကမ်းစပ်မှာ ၀တ်လစ်စလစ်နဲ့ ရေကူးလို့မရဘူး။ သတ်မှတ်ထားတဲ့ သောင်ပြင်တွေမှာ ခွေးတောင်ခေါ်လို့မရဘူး။ ကလပ်တွေမှာလဲ ၀တ်ချင်တဲ့ အ၀တ် ၀တ်ပြီး သွားချင်သလိုသွားလို့မရဘူး။ အထူးသဖြင့် အဆင့်မြင့်ကလပ်တွေမှာ သေသေချာချာ ၀တ်စားပြီး သွားရပါတယ်။ ဘုရားကျောင်းတွေမှာလဲ ဒီမိုကရေစီတိုင်းပြည်ဆိုပြီး ၀တ်ချင်တာဝတ်ပြီးလာလို့ မရပါဘူး။ ကနေဒါမှာ အမတ်တစ်ဦး မော်တော်ဆိုင်ကယ်ဂိုဏ်းက မိန်းမတစ်ဦးနဲ့ ချစ်ပြီး အဲဒီမိန်းမက ရင်ဘတ်လည်ဟိုက်နဲ့ အခမ်းအနားတစ်ခုကို တက်တာ၊ နောက်တစ်နေ့ သတင်းစာတွေမှာ ၀က်ဝက်ကွဲ ဝေဖန်တာ ရစရာမရှိပါဘူး။ အဲဒီအမတ်လဲ မကြာပါဘူး၊ အလုပ်ပြုတ်သွားတယ်။ ဒီမိုကရေစီ တိုင်းပြည်တွေမှာ အိမ်တွေမှာ အခန်းပိုရှိတယ်ဆိုပြီး ဘယ်သက်ဆိုင်ရာကိုမှ အသိမပေးပဲ စီးပွားလုပ်ဖို့ ဆိုင်ခန်းထဖွင့်လို့ မရဘူး၊ ရတော့ရပါတယ်.. သူတို့ မသိမချင်း။ သာသနာနယ်မြေ မဟုတ်ဘဲနဲ့  လူနေရပ်ကွက်တွေမှာ ဘယ်ဘာသာမဆို လူတွေအများကြီးနဲ့ ဘာသာရေးအခမ်းအနားတွေ လုပ်လို့မရပါဘူး။ ဒီမိုကရေစီတိုင်းပြည်တွေမှာ လမ်းမမှာ အုပ်စုလိုက်ထိုင်ပြီး ဂစ်တာတွေ တီးနေလို့မရဘူး။ လူငယ်တွေ အိမ်တွေမှာ သောင်္ကြာည၊ စနေည တွေမှာ သူငယ်ချင်းတွေ စုပြီး ပါတီပေးတယ်ဆိုရင် သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး မနက် နှစ်နာရီသုံးနာရီထိ နေလို့မရဘူး။ ည ၁၁း၅၉ မိနစ်တိတိ ဆိုတာနဲ့ သီချင်းသံ လုံးဝ မထွက်ရတော့ဘူး။ ထွက်တာနဲ့ အိမ်ရှေ့မှာ ရဲကားတွေက မီးတွေလင်းထိန်ပြီး ရောက်လာမှာပါပဲ။
Ivan Eland ပြောခဲ့တဲ့ စကားတစ်ခွန်းကို ဝေမျှချင်ပါတယ်။ ဒီမိုကရေစီဟာ လွတ်မြောက်ခြင်းကို အာမ မခံသလို၊ ငြိမ်းချမ်းခြင်းကိုလဲ အာမ မခံပါဘူး။ ဒီမိုကရေစီကို မကျင့်သုံးတဲ့ အခြားသော တိုင်းပြည်တွေနဲ့ ယှဉ်ရင်တော့ ယေဘူယျအားဖြင့် ကျင့်သုံးတဲ့ တိုင်းပြည်တွေဟာ တစ်ပြည်နဲ့တစ်ပြည် စစ်တွေတော့ ဖြစ်မနေပါဘူး။ ဒါပေမယ့်လည်း democratically elected regimes တွေဟာ… ဒီမိုကရေစီကို မကျင့်သုံးတဲ့ အားနည်းတဲ့ တိုင်းပြည်တွေကို မကြာခဏ တိုက်ခိုက်ပါတယ်။ နှစ်ဆယ်ရာစုနှစ်မှာ ကမ္ဘာပေါ်က တိုင်းပြည်တွေကို လိုက်ပြီး attack လုပ်လေ့ရှိတဲ့ တိုင်းပြည်တွေထဲမှာ အမေရိကန်ဟာ ထိပ်ဆုံးက ပါပါတယ်။ အဲဒီနိုင်ငံ တိုက်ခိုက်ခံရတဲ့ တိုင်းပြည်အချို့ကတော့ ကိုရီးယား၊ ဗီယက်နမ်၊ ပနားမား၊ ဂရီနာဒါ၊ ကိုလံဘီယာ၊ ဟေတီ၊ အီရတ်၊ အာဖကန်နစ်စတန်၊ ဆားဘီးယား၊ ဘော့စနီးယားတို့ ပါပါတယ်။ သူက ဘာပြောသေးလဲဆိုရင် အမှန်တိုင်းပြောရရင်တဲ့ ဒီတိုင်းပြည်လေးတွေကို ယူအက်စ်က ကြောက်ဖို့နေနေသာသာ ဂရုတောင် စိုက်စရာမလိုတဲ့ တိုင်းပြည်လေးတွေ၊ ဒီလိုတိုင်းပြည်တွေကို မလိုအပ်ဘဲ လိုက်ပြီး attack လုပ်တာကိုကြည့်ခြင်းဖြင့် ဒီမိုကရေစီတိုင်းပြည်တွေမှာ ငြိမ်းချမ်းခြင်းဆိုတာကို ဘယ်မှာသွားရှာရမှာလဲ လို့ ဆိုပါတယ်။
အဲဒီစကားစုမှာ democratically elected regimes ဆိုတာ ကျမ နားမှာ အခါပေါင်းများစွာ ပဲ့တင်ထပ်နေပါတယ်။ ကျမ သမ္မတ ဂျော့ဘွတ်ရှ် မျက်နှာကိုပဲ မြင်နေမိပါတယ်။ သူ့ကို လူအများစုက စည်းလုံးညီညွှတ်စွာနဲ့ သမ္မတ အဖြစ် မဲပေးတင်မြှောက်လို့ democratically elected regimes တစ်ခုကို ပေါ်ပေါက်စေခဲ့လေသလားလို့ တွေးနေမိတယ်။
ရွှေးချယ်တင်မြှောက်ခြင်းတွေ၊ legislatures တွေ မရှိဘဲ လူတစ်ဦးချင်းစီရဲ့ မူပိုင်လုပ်ပိုင်ခွင့် (rights) တွေကို အကာအကွယ်ပေးထားတဲ့ တိုင်းပြည်တွေ ကတော့ အန်ဒိုရာနဲ့ မိုနာကို တိုင်းပြည်တွေပဲ ဖြစ်တယ်လို့ ဆိုကြတယ်။။ အဲဒီတိုင်းပြည်တွေဟာ အခြားသော ဒီမိုကရေစီကျင့်သုံးတယ်ဆိုတဲ့ တိုင်းပြည်တွင်းက လူအချို့တွေလို “ဒီမိုကရေစီ” “လွတ်မြောက်ခြင်း” လို့ နှုတ်က တတွတ်တွတ် ရွတ်ဆိုပြီး မိမိ ကိုယ်ကျိုးအတွက်ပဲ ကြည့်တဲ့ သူတွေထက်တော့ ငြိမ်းချမ်းခြင်းကို ရယူနိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။  နောက်တစ်ခုက ဒီလိုနိုင်ငံကြီးတွေမှာ နေနေတဲ့ မြန်မာအချို့ဟာ မြန်မာပြည်ကို “ဒီမိုကရေစီမရှိပါဘူး… အလကားပါ” လို့ လွယ်လွယ်လေး ပေါ့ပေါ့လေး ပြောလိုက်တာကို ကြားရရင် ကျမ ရင်နာတယ်။ ဘယ်သူမှ ဒီမိုကရေစီရှိပါတယ်လို့ ငြင်းနေတာမဟုတ်တဲ့အပြင် အားလုံးက အခက်အခဲတွေ (conflict) ကြားက ကြိုးစားနေကြတယ်။   ဒီလို ဒီမိုကရေစီရှိပါတယ်ဆိုတဲ့ တိုင်းပြည်တွေမှာ နေနေပြီး အဲသလိုပေါ့ပေါ့လေး အထက်စီးကနေပြီး ကိုယ်ကြီးပြင်းလာခဲ့တဲ့၊ ကိုယ့်မိဘဘိုးဘွားတွေ မွေးဖွားကြီးပြင်းလာခဲ့တဲ့ မြေကို စေတနာနဲ့ထောက်ပြတာထက်၊ တို့တွေကတော့ ဒီလိုတိုင်းပြည်ကြီးတွေမှာ နေနေတာဆိုတဲ့ ပုံစံမျိုးပြောနေသူတွေဟာ ကိုယ်လက်ရှိနေနေတဲ့ နိုင်ငံကြီးတွေရဲ့ လှည့်စားမှုကို ခံနေရတာကို မသိသူများ ဒါမှမဟုတ် မသိချင်ဟန်ဆောင်သူများလားလို့ တွေးမိတယ်။ ဒီလိုနိုင်ငံကြီးတွေကိုယ်တိုင် ဒီမိုကရေစီ အစစ်အမှန်ရဖို့ ခုထိ လမ်းဆက်လျှောက်နေကြဆဲဆိုတာကို သိရဲ့သားနဲ့ မသိချင်ဟန်ဆောင်နေတာများလားလို့ တွေးမိပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရ တစ်ခုဟာ အောက်ပါအချက်များကို ကျင့်သုံးသင့်ပါတယ်တဲ့။
အာဏာကုန် ယူ မထားတဲ့ ဒီမိုကရက်တစ် အစိုးရဖြစ်သင့်တယ်။
လူသူမသိအောင် ဖမ်းဆီးခေါ်ဆောင်သွားတာတွေ၊ ခုံရုံးမတင်ဘဲ ထောင်ချတာတွေ၊ ထောင်သားတွေကို နှိပ်စက်တာကို ရပ်တန့်စေတဲ့ အစိုးရဖြစ်သင့်တယ်။
လူတစ်ဦးချင်းရဲ့ အခွင့်အရေးတွေကို လေးစားရမယ်။
တိုင်းပြည်တစ်ပြည်ကို စစ်ဝင်တိုက်ပြီး ဒီမိုကရေစီဝါဒကို အတင်းလိုက်ဖြန့်တဲ့ အကျင့်တွေကို ဖျောက်ရမယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို လိုချင်ရင် ဒီမိုကရေစီကျင့်စဉ်ကို ရှေ့တန်းတင်တာထက်ကို လူတစ်ဦးချင်းစီရဲ့ အခွင့်အရေး (individual liberty) နဲ့ လွတ်မြောက်ခြင်း (freedom) ကို ရှေ့တန်းတင်ရမယ်… လို့ သူတို့ တိုင်းပြည်ကို သူတို့ ပြည်လည်ပြီး အကြံဥာဏ်တွေ ပေးကြပါတယ်။
ဒီမိုကရေစီကို မကျင့်သေးတဲ့ တိုင်းပြည်တစ်ခုဟာ ဒီမိုကရေစီဝါဒကို ကျင့်သုံးတော့မယ်ဆိုရင် ရှေ့က သွားနှင့်တဲ့ တိုင်းပြည်တွေကို ကြည့်ပြီး အဲဒီတိုင်းပြည်တွေရဲ့ ဟာကွက်တွေ၊ လိုအပ်ချက်တွေကို မြင်ပြီး၊ လိုသလိုဖြည့်လို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတစ်ခု ဖန်တီးနိုင်မယ်ဆိုရင်တော့ ကောင်းနိုင်ပါလိမ့်မည်ဆိုတဲ့ စေတနာနဲ့ သိသလောက်လေး ဝေမျှပါတယ်ရှင်…။

No comments:

Post a Comment