Sunday, January 15, 2012

မြန်မာ့နိုင်ငံရေး တစ်ခေတ်ဆန်းတော့မည်လား

မြန်မာ့နိုင်ငံရေး တစ်ခေတ်ဆန်းတော့မည်လား

ရန်ကုန်၊ ဇန်န၀ါရီ ၁၄၊ ၂၀၁၂ (YPI)

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး အရှိန်အဟုန်မြှင့်တောင်းဆိုနေသည့် ယခုလိုအချိန်မျိုးတွင် သမ္မတဦးသိန်းစိန်က ပြည်သူ့အသည်းနှလုံး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားအတော်များများကို လွှတ်ပေးခဲ့မှုအပေါ် နိုင်ငံရေးသမားများနှင့် လေ့လာသူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး တိုင်းပြည်ပြောင်းလဲရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ကို ဦးသိန်းစိန်အစိုးရက လှမ်းလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

“အရမ်းကောင်းပါတယ်...တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုတဲ့ သဘောကို ဦးသိန်းစိန်တို့က ပြလိုက်တာပဲလို့ ယူဆမယ်ဆိုလည်းရပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က သူ၏အမြင်ကို YPI သို့ပြောပြသည်။

လာမည့် ဧပြီလထဲတွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားမှုအပေါ် ပြန်လည်သုံးသပ်မည်ဖြစ်ရာ အနောက်နိုင်ငံများ တောင်းဆိုနေသော အချက်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးတောင်းဆိုချက်ကို အစိုးရက လိုက်လျောပေးလိုက်သည်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်များလည်းရှိသည်။

မည်သည့်အတွက် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးသည်ဆိုစေ ဦးသိန်းစိန်က ၎င်း၏ အမိန့်အာဏာဖြင့် ယခုလို နိုင်ငံရေးအကျဉ်းသားအများအပြားကို လွှတ်ပေးခြင်းသည် မြန်မာ့နိုင်ငံရေး တစ်ခေတ်ဆန်းဖို့အတွက် အချိန်အခါကောင်းတစ်ခုကို ဖန်တီးပေးလိုက်ရာကြသည်ဟုလည်း နိုင်ငံရေးသမားအတော်များများက ရှုမြင်ကြသည်။

“ရှေ့အလားအလာကောင်းတွေကိုတော့ မြင်တွေ့နေရပြီ။ ဘယ်လောက်အထိ အနာဂတ်ကောင်းတွေကို ဖန်တီးနိုင်မလဲ၊ ဖြစ်ထွန်းပေါ်ပေါက်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့” ဟု အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေက သုံးသပ်သည်။

ယောက်ဖတော်စပ်သူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဋ္ဌေးကြွယ်ကို ရန်ကုန်လေဆိပ်မှာ လာရောက်ကြိုနေသည့် (သူကိုယ်တိုင်ကလည်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သော) ကို ဖြိုးမင်းသိန်းက “အပြောင်းအလဲတွေ ပိုပြီး ပီပီပြင်ပြင်မြင်တွေ့ရ တော့မယ်ဗျ…ဒီမိုကရေစီအင်အားစုတွေ အားကြီးလာပြီး တိုင်းပြည်ပြောင်းလဲရေးကို အရှိန်အဟုန်နဲ့ သွားနိုင်တော့မယ်လို့ လုံးဝယုံကြည်တယ်” ဟု ၄င်း၏ အမြင်ကို ပြောပြသည်။

သို့သော်လည်း လွတ်မြောက်လာသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအနေနှင့် မည်သည့်ပုံစံမျိုးဖြင့် နိုင်ငံရေးလုပ်မည်ကိုမူကား မသိရှိသေး။ NLD နှင့်ပေါင်းမည်လား၊ သို့မဟုတ် မည်သို့ လှုပ်ရှားမည်နည်း။

“ကျောင်းသားနိုင်ငံရေးနဲ့တော့ သွားလို့မရတော့ဘူး အခုချိန်မှာ” ဟု ဦးဝင်းတင်က ၄င်း၏အမြင်ကို ပြောပြသည်။

“ပါတီထောင်၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲဝင်ပြီး နိုင်ငံရေးလုပ်မလား၊ အဲလိုမဟုတ်ရင် လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်မလား၊ လုပ်မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ သူတို့ဆုံးဖြတ်ကြရလိမ့်မယ်” ဟုလည်း ဦးဝင်းတင်ကဆိုသည်။

မြင်းခြံထောင်မှ လွတ်လာသည့် ဇနီးဖြစ်သူ မသက်သက်အောင်ကို သွားကြိုနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုချစ်ကိုလင်းကမူ ၈၈ မျိုးဆက်ကျောင်းသားများအနေနှင့် လွှတ်တော်တွင်း၊ လွှတ်တော်ပ နိုင်ငံရေးနှစ်မျိုးဖြင့် လှုပ်ရှားလာနိုင်လိမ့်မည် ဟု မျှော်လင့်ထားသည်ဟုဆိုသည်။

“လွှတ်တော် အတွင်း၊ အပြင် အားလုံးအရေးပါပါတယ်။ ဥပဒေပြင်ဖို့ကတော့ လွှတ်တော်ထဲ ရောက်သွားမှ ဖြစ်လိမ့်မယ်။ လွှတ်တော်ပြင်ပအနေနဲ့လည်း လှုပ်ရှားလို့ရတာတွေ အများကြီးရှိပါတယ်” ဟု ကိုချစ်ကိုလင်းက သူ၏အမြင်ကို ပြောပြသည်။

ဦးသိန်းစိန်အစိုးရအနေဖြင့် ယခုလို နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခဲ့သည့်အတွက် မှန်ကန်သောလမ်းကြောင်းကို သွားနေသည်ဟု ဆိုနိုင်သည့်တိုင် တိုင်းပြည်တွင် အရေးတကြီး ဖြေရှင်းရမည့် နောက်ထပ်ပြသနာတစ်ခုရှိနေပါသေးသည်။ ယင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်သည်။

မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် ကိုမင်းကိုနိုင်



၈၈ မျိုးဆက်ကျောင်းသားခေါင်း ကိုမင်းကိုနိုင်ကိုယ်တိုင်ကလည်း ပြည်တွင်းငြိမ်းချမ်းရေး မည်မျှအရေးကြီးကြောင်းကို VOA နှင့် အင်တာဗျူးရာတွင် “ပြည်တွင်းငြိမ်းချမ်းရေး အင်မတန် အရေးကြီးတယ်ဗျ ဒီဥစ္စာက ကျွန်တော်တို့တွေက အမေ့အိမ်ကို ပြန်ရောက် လို့မိသားစု ထမင်းဝိုင်းမှာ ဆုံနေချိန်မှာ မိသားစုထမင်းပွဲတွေကို စွန့်ပြီးပြေးနေရတဲ့ တောထဲ တောင်ထဲမှာ သဘာဝဘေးဒုက္ခတွေနဲ့ ကြုံနေရတဲ့ ကျွန်တော်တို့တိုင်းရင်းသား ကလေးတွေကို ကျွန်တော် အင်မတန်စာနာတယ်ဗျ” ဟုပြောသွားသည်။

ယခုလွတ်မြောက်လာသည့် နိုင်ငံရေးသမားများအနေနှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ အဆုံးသတ်ရေးအတွက် ခွန်အားကြီး တစ်ခုဖြစ်လာလိမ့်မည်ဟုလည်း မျှော်လင့်ထားသူများရှိပါသည်။

အချို့ကတော့လည်း အကျဉ်းသား ၆၅၁ ဦးထဲတွင် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်လည်း တစ်ဦးအပါအ၀င်ဖြစ်သောကြောင့် ၄င်း၏ အကြံဥာဏ်အားဖြင့် ပြည်တွင်းစစ် တောက်လောင်နေမှုကို ငြှိမ်းသတ်နိုင်မည်လား မျှော်လင့်ကြသည်များလည်းရှိသည်။

ထိုသို့မျှော်လင့်သူများထဲမှ တစ်ဦးဖြစ်သည့် NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက “တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် သူ့(ဦးခင်ညွန့်)အနေနဲ့ အကြံဥာဏ်အားဖြင့် အကူအညီပေးကောင်းလည်း ပေးနိုင်ပါလိမ့်မယ်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကိစမျိုးတွေမှာပေါ့” ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက သူ၏ မျှော်လင့်ထားမှုနှင့်ပတ်သက်ပြီး ပြောပြသည်။

နောင်တစ်ချိန်တွင် မည်သို့သော ခြေလှမ်းမျိုး လှမ်းမည်ကို မသိရှိနိုင်သေးသော်လည်း မီဒီယာများနှင့်တွေ့ဆုံရာမှာတော့ ဦးခင်ညွန့်က ၄င်းအနေနှင့် နိုင်ငံရေးနှင့် ပတ်သက်တော့မည့်မဟုတ်ဘဲ တရားအားထုတ်သည့်အလုပ်ကိုသာ လုပ်ဆောင်သွားတော့ မည်ဟု ပြောဆိုသည်။

“ကောင်းတာပေါ့...၀မ်းသာစရာပဲ နိုင်ငံရေးမလုပ်တော့ဘူးဆိုတော့” ဟု ဦးဝင်းတင်က ၄င်း၏အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။

ဘာကြောင့် ထိုကဲ့သို့ ပြောဆိုရသလဲဆိုတော့ ဦးဝင်းတင်က အခုလို ပြောပြသည်။

“သူက နိုင်ငံရေးသမားမှ မဟုတ်တာ အစကတည်းကိုက။ သူလုပ်ခဲ့တာက အာဏာနိုင်ငံရေးပဲ။ အခုက အာဏာနိုင်ငံရေးခေတ်မှ မဟုတ်တော့တာ။ တရားပဲ အားထုတ်နေပါ။ ကောင်းပါတယ်။” ။

No comments:

Post a Comment