Sunday, January 22, 2012

^ ရင်ဖွင့်ပါရစေ ချစ်သော မေမေ ^^^ ///////////////////////////////////////////////////



ရင်ဖွင့်ပါရစေ မေမေ
လောကကြီးကမာယာများတယ်တဲ့…
အဲလိုပြောတဲ့လူတွေကသာ မာယာများကြတာမဟုတ်လား…မေမေ
သူတို့ကိုထမ်းထားပေးပြီး…
သူတို့လုပ်သမျှ ဘာမှပြန်မပြောတတ်တဲ့လောကကြီးကိုတောင်…
လုပ်သမျှအပြစ်တွေပုံချတတ်တာ လူတွေတဲ့လား…..မေမေ
ကိုယ့်နေရာမှာကိုယ်နေ…
ကိုယ့်အလုပ်ကိုယ်လုပ်ပြီး….
ကိုယ့်ထမင်းကိုယ်စားတဲ့လူတွေက….
မဟုတ်တရုတ်သတင်းလုပ်ပြီး….
လူတစ်ယောက်ကို စကားလုံးတွေနဲ့
သေအောင်သတ်တတ်ကြတာ ပတ်ဝန်းကျင်တဲ့လား….မေမေ
ချစ်တယ်လို့တတွတ်တွတ်ပြော မျှော်လင့်ချက်တွေပေး….
အနာဂတ်တွေအကြောင်းစာဖွဲ့ပြီး….
ယုံကြည်မှုတွေကိုခုတုံးလုပ်လို့
အိပ်မက်တွေဖျက်ဆီးရင်း….
လူတစ်ယောက်ကို နှလုံးသားသေနေတဲ့ဒုက္ခိတဖြစ်အောင်
လုပ်တတ်ကြတာ ချစ်သူတဲ့လား…မေမေ
ဟန်ဆောင်မျက်နှာဖုံးတွေမရိုးတမ်း တပ်ဆင်လို့…..
အပြောချိုချို နဲ့နားလည်ပေးတတ်သလို အပြောတွေပြောပြီး…..
ကိုယ့်ထက်နိမ့်ရင်ပြုံးပျော်လို့……
ကိုယ့်ထက်သာရင် ရတဲ့ဘက်ကတွန်းချတတ်ကြတာ
အပေါင်းအသင်းတဲ့လား…မေမေ
အနှုတ်လက္ခဏာနှစ်ခုဟာအပေါင်းလက္ခဏာ
တစ်ခုဖြစ်လာနိုင်ပေမယ့်…
အမှားနှစ်ခုဟာအမှန်တစ်ခုဖြစ်မလာနိုင်ဘူးလို့
ထင်တဲ့ဒီလောကကြီးမှာ…..
မှားနေတဲ့အတွေးကိုလက်ကိုင်ထားပြီး….
မှားနေတဲ့အမြင်တွေနဲ့တစ်ဖက်စောင်းနင်းပြောတဲ့
့စကားလုံးတွေက….
ကိုယ်မှန်တယ်လို့ထင်တတ်ကြတဲ့
အတ္တသမားတစ်ချို့အတွက်…..
အမှန်တရားတစ်ခုတဲ့လား..မေမေ
ကိုယ့်စိတ်နဲ့နှိုင်း ရိုင်းမယ်ဆိုတဲ့လောကကြီးမှာ…
ဘယ်သူ့ကိုမှမထိခိုက်ပဲရပ်တည်နေတဲ့
လူတစ်ယောက်ကို….
တွေ့ဆုံရာနေရာ စွဲချက်တွေတင်လို့….
ဖြစ်ပျက်ရာအကြောင်း သူ့ကြောင့်လို့စွပ်စွဲပြီး…
ထင်ရာမြင်ရာစော်ကားပုတ်ခတ်တတ်တဲ
သူတွေကမှ အချစ်ကြီးတဲ့သူတွေတဲ့လား….မေမေ
မကြုံဖူးတာကြုံရ…မကြားဖူးတာကြားရ…
မမျှော်လင့်တာဖြစ်ရနဲ့….
လက်မခံချင်ပဲလက်ခံလိုက်ရတဲ့
ရှုံးနိမ့်ခြင်းဝေဒနာတွေကြောင့်….
ဒဏ်ရာတွေအက်ကြောင်းထပ်ကုန်တာ
အတွေ့အကြုံတွေတဲ့လား….မေမေ
ငိုချင်ပေမယ့်ပြုံးနေရတာ…
ပြောချင်ပေမယ့် မျိုချလိုက်ရတာ….
ပေါက်ကွဲချင်ပေမယ့် ချေဖျက်လိုက်ရတာ…..
ရင်နာနေပေမယ့် ဟန်ဆောင်နေရတာ….
အရွယ်ရောက်လာသူတစ်ယောက်ရဲ့
ရင့်ကျက်မှုတွေတဲ့လား…မေမေ
နေတတ်ရင်ပျော်စရာကောင်းတယ်ဆိုတဲ

လောကကြီးမှာ….
မနေတတ်ခဲ့လို့များ ပျော်စရာတွေပျောက်ဆုံးနေတာလား
မေမေ….
အလိုမရှိလည်းပူလောင်ခဲ့ရတဲ့ဝေဒနာတွေကြောင့်…
သား ရင်ခွင်ထဲ နွေရာသီအရောက်စောခဲ့ဖူးတယ်….မေေ
ကြိတ်မှိတ်ငိုကြွေးခဲ့လို့ အိုင်ထွန်းနေတဲ့မျက်ရည်တွေက….
အပြင်မှာ ရွာနေတဲ့မိုးတွေထက် ပိုသည်းလွန်းနေတယ်…မေမေ
အေးချမ်းမှုကိုနှစ်သက်တဲ့ သား...….
အေးစက်စက်ရက်စက်တတ်တဲ့လူတစ်ချို့ကြောင့်….
ဆောင်းမရောက်ခင်မှာတောင် သား ရင်ခွင် နှင်းကိုက်ခံနေရတယ်
…မေမေ
နွေးထွေးကြင်နာမှုနဲ့ဝေးနေတဲ့သားကို…
ခဏတစ်ဖြုတ် ချွေးသိပ်နွေးထွေးပေးမယ့်…
မေမေ့ရင်ခွင်နွေးနွေးကိုခိုလှုံဖို့
သား အိမ်ပြန်လာချင်တယ်…. မေမေ ။။

No comments:

Post a Comment