Tuesday, January 17, 2012

အင်းစိန်ထောင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြည်သူလူထု

အင်းစိန်ထောင် လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြည်သူလူထု

အပူဒဏ်ပြင်းလှသည့်နေရောက်အောက်တွင် လူဦးရေ တစ်ထောင်ကျော် ထီးမပါ၊ ဦးထုတ်မပါဖြင့် ခြေဖျားလေးများထောက်ကာ ထောက်ကာရှေ့သို့မျှော်ငေးလျက်ရှိနေကြသည်။

`ရှေ့ကလူတွေထိုင်ပေးကြပါလား……..နောက်မှာဘာမှမမြင်ရလို့……´
`အဘွားကြီး……အဘွားကြီး…..ဘယ်ရောက်နေလဲမသိပါဘူး…..လာတဲ့သူကလာတော့မယ်…… လာကြိုပါတယ်ဆိုမှ ဘယ်မှာသွားနေလဲမသိဘူး….´
စသည့်ဖြင့် အသံပေါင်းစုံလှသည်။



 ကင်မရာသံများ တစ်ဖျပ်ဖျပ်နှင့် ရိုက်နေကြသူများ၊ အသံဖမ်းစက်ကလေးများကိုင်ကာ ပြေးလွှားနေကြသူများ၊ ကားလမ်းမအလယ်ခေါင်တွင် ၀ီစီသံ တရွှီရွီနှင့် လက်များဝေ့ယမ်းလျက် အလုပ်ရူပ်နေသော မော်တော်ပီကယ်(၂)ဦး၊ ရူပ်ထွေးနေသော လမ်းမထက်တွင် ဖြည်းညှင်းစွာ မောင်းနှင်နေကြသောကားများနှင့် မြင်ကွင်းက ကစဉ့်ကလျားနိုင်လှသော်လည်း သူ့ပုံစံနှင့်သူ စည်းချက်ညီသလိုတော့ ရှိနေ၏။

ထိုမြင်ကွင်းများက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၂)ရက်နေ့က အမိန့်ကြေငြာစာ ၁/၂၀၁၂ အရထုတ်ပြန်ကြေငြာလိုက်သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့် သတင်းကြောင့် ဇန်န၀ါရီ(၃)ရက်နေ့ မနက်(၉)နာရီ အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ကြိုနေကြသူများ၊ ဓာတ်ပုံနှင့် သတင်းလာယူကြသောသတင်းထောက်များ၏ မြင်ကွင်းများပင်ဖြစ်သည်။

ထိုစဉ် အသက်(၂၆)နှစ်အရွယ်အမျိုးသမီး နှစ်ဦးနှင့် လူငယ်တစ်ဦး ထောင်တွင်းမှ အရာရှိကြီးတစ်ဦး မေးမြန်းနေသည်ကိုတွေ့၍ သွားရောက်နားထောင်ကြည့်မိသည်။

`ဘုတ်အဖွဲ့က ကိုရဲမြင့် ကိုပြောတာလာ….. သိတယ်….သိတယ်… သမီးတို့က ဘာတော်တာလဲ….´
`………..သူ့ရဲ့သမီးတွေပါ…… အဖေက (၁၅)နှစ်ကျတာ…. အထဲမှာနေတာ(၈)နှစ်ရှိသွားပြီ….´
`ဘယ်လိုမှမပါနိုင်ဘူး… စိတ်ချ။ ၁၅ နှစ်မပြောနဲ့….. ၁၂ နှစ်သမားတွေတောင်မပါဘူး……´
`………………………….´
အဆိုပါအမျိုးသမီးများ၏ ပါးစပ်က ဘာသံမှထွက်မလာတော့။ မျက်နှာကလေးများညိုးငယ်ကာ ခေါင်းများက တိုင်ပင်မထားဘဲ  အလိုလိုငုံ့လျှိုသွားကြသည်။

 ထို့နောက် `လာပါ မကြီးရယ်…….. ဖေဖေကအထဲမှာ လိမ်လိမ်မာမာ နေတာပဲ ပါရင်လဲပါလာနိုင်ပါတယ်´ဟုဆိုကာ သူ၏အမကို ခေါ်သွားသည်။ အမဆိုသူ၏ လက်ထဲတွင်ရှိသော အိတ်ကလေးထဲတွင် ရှပ်အင်္ကျီအဖြူ အသစ်ကလေးတစ်ထည်နှင့် ယောပုဆိုးအမည်းရောင်လေးတစ်ထည်ကို တွေ့လိုက်ရသည်။ ဖခင်ထောင်မှ လွတ်လာလျှင် ၀တ်ဆင်ပေးရန်ယူလာပုံရသည်။

မကြာခင် ၁၀ နာရီ ကျော်ကျော်ခန့်တွင် လူများရုတ်ရုတ်သဲသဲဖြစ်လာ၍ အင်းစိန်ထောင်သံပန်းဝသို့ အပြေးအလွှား တွန်းထိုး၍သွားရသည်။ အကျဉ်းသားများ စတင်လွှတ်နေပြီးဖြစ်သည်။ အမျိုးသားများကို စတင်လွှတ်ပေးနေသည်။

`သားဖေကြီးပါတယ်…..ဟိုမှာတွေ့လား….ဖေကြီးလေ…´ ဟုဆိုကာ အမျိုးသမီးတစ်ဦး ထီးမပါ ဘာမပါနှင့် ဦးထုတ်သေးသေးလေးဆောင်းပေးထားသော (၃)နှစ်သားအရွယ်ကလေးလေးကို မျက်ရည်များကျကာ ပြောနေသည်။

အမျိုးသားအကျဉ်းသားများ ၂၀ ကျော်မျှသာလွှတ်ပေးပြီး အမျိုးသမီးများအား တစ်သုတ်ထပ်လွှတ်ပေးသည်။
ထောင်ဝန်းအတွင်း ကြည့်လိုက်သောမြင်ကွင်းက အမျိုးသမီးအကျဉ်းသားများ (၂) ယောက်တစ်တွဲတန်းစီလျက် အထုတ်ကိုယ်စီစွားကာ ၀န်းတံခါးဝသို့ လျောက်လှမ်းလာသည်။ အမျိုးသမီး(၄)ဦးခန့်၏ ရင်ခွင်ထဲတွင် လသားအရွယ်ကလေးငယ်များနှင့် (၂)နှစ်သားအရွယ် ကလေးငယ်များကို ချီထားလျက် ထွက်လာကြသည်။

အမျိုးသမီးများအနည်းငယ်ကိုလွှတ်ပေးပြီးသည်နှင့် ထမင်းစားနားဦးမည် ပြီးမှ တစ်သုတ်ထပ်လွှတ်မည်ဆိုသော အသံများကြားရသည်။ နာရီကိုကြည့်မိလိုက်တော့ (၁၁)နာရီဝန်းကျင်ပင် ရှိသေးသည်။

အင်းစိန်ထောင်ရှေ့ တံခါးဝတွင် လူအတော်ကျဲသွားသည်။ ထို့နောက် နိုင်ငံရေးအကျဉ်းသားများထဲမှ ဘယ်သူတွေပါသလဲဟု ထပ်မံစုံစမ်းသည်။

ပထမကြားသည်……. (၃)ယောက်။ နောက်တစ်ခေါက်ထပ်ကြားသည်…. (၃)ယောက်မဟုတ်တဲ့… (၂)ယောက်ပဲပါသည်.. (၁)ယောက်က KNU သတင်းပေးတဲ့။ နိုင်ငံရေးအကျဥ်းသားဆိုသူများထံ သွားရောက်ကာ မေးမြန်းရသည်။

 ပထမဆုံးတွေ့လိုက်ရသည်က (၈၈)မျိုးဆက် နိုင်ငံရေးအကျဉ်းသား ကိုကြည်သန်းပင်ဖြစ်သည်။ အင်းစိန်ထောင်ရှေ့ရှိ အိမ်တစ်အိမ်တွင် သတင်းထောက်များမေးမြန်းနေသည်များကိုဖြေဆိုနေသည်။ ကျမ်းမာရေးသိပ်ကောင်းပုံမရ ပက်လက်ကုလားထိုင်ပေါ်တွင် ပင်းပန်းနေသည့်ပုံစံဖြစ်နေသည်။ မေးကြည့်လိုက်တော့ အရေပြားကင်ဆာ ဖြစ်နေသည်တဲ့။

`Skin ကင်ဆာဖြစ်နေတာပါ။ ဒီဗိုင်းရပ်စ်က မိသားစုထဲမှာလဲမရှိဘူး။ ဆွေမျိုးတွေထဲမှာလည်း မရှိပါဘူး။ အများဆုံးဖြစ်နိုင်တာကတော့ ကျွန်တော်အထဲမှာရောက်မှ ဖြစ်တာလို့ ထင်ပါတယ်´ ဟု (၈၈)မျိုးဆက် ကျောင်းသား ကိုကြည်သန်းကပြောသည်။ နိုင်ငံရေးအမှုနှင့် ထောင်ကျခဲ့သည့်အတွက် ၎င်း၏ရှေ့ဆက်လုပ်မည့် အလုပ်များမှာ နိုင်ငံရေးပဲဖြစ်မည်ဟု ပြောသွားသေးသည်။

`အမှန်က ဒီနေ့ကျွန်တော်ဘာသာ လွတ်ရက်စေ့လို့လွတ်တာ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သွားတိုးတော့ (၂)ခါလွတ်ဖြစ်သွားတယ်။ သူတို့ဆီမှာ ကျွန်တော်လွတ်ဖို့ တစ်ခါအကြွေးကျန်သေးတယ်´ဟု ကိုကြည်သန်းက ရယ်မောစွာပြောသွားသည်။

လွတ်လာသည့်နောက်တစ်ဦးက မန္တလေးမြို့ရှိ အမျိုးသားဒီမိုကရေစီရုံး(NLD)မှ လူငယ်တာဝန်ခံ ကိုသန်းနိုင်ဦး ဖြစ်သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ပုံနိုပ်(၁၇) အမှုဖြင့် ထောင်ဒဏ် (၃) နှစ်ကျခံခဲ့ရသည်ဟု သိရသည်။

`ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ စာတွေဖြန့်လို့ အဖမ်းခံခဲ့ရတာပါ။ ရန်ကုန်ကိုလာရင်း ဘူတာကြီးမှာ အဖမ်းခံခဲ့ရတာ။ လွတ်ဖို့ကလဲ (၉)လပဲ ကျန်ပါတော့တယ်´ ဟု ကိုသန်းနိုင်ဦးကပြောသည်။

ယခုလိုထောင်မှလွတ်ပြီးနောက် ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို မေးမြန်းရာ `NLD ရုံးချုပ်ကို သွားမှာပါ။ ပြီးတော့ ရုံးချုပ်က ကျွန်တော့်ကို ဘာတာဝန်ပေးမလဲ မသိသေးဘူ။ ရုံးချုပ်က ပေးတဲ့ တာဝန်တွေကိုပဲ ဆက်လက်ထမ်းဆောင်သွားမှာပါ´ ဟု ကိုသန်းနိုင်ဦးကပြောသည်။

အင်းစိန်ထောင်ရှေ့မှာတော့ ဆက်လျက်စောင့်မျှော်နေကြဆဲဖြစ်သည်။ လူအုပ်ကြီးသည် နေမင်းခေါင်းတည့်တည့်ရောက်လာပြီး ပူပြင်းလှသော်လည်း ပူခြင်း၏ ဒဏ်ကို မသိ၊ ထောင်ဘူးဝမှ ပေါ်လာမည့် သူတို့ မျှော်နေသူတို့ကိုသာ အဝေးကနေ လှမ်းမျှော်ကြည့်ရင်း ဆက်မျှော်နေကြ ဆဲဖြစ်သည်။

`နိုင်ငံရေးအကျဉ်းသားတွေတော့ လွှတ်မပေးဘဲနဲ့ သူခိုးဂျပိုးတွေကိုပဲ လွှတ်ပေးနေတယ် ဒီလူတွေနဲ့တော့ တိုင်းပြည်က ကောင်းစားဦးမယ်`ဟု အင်းစိန်ထောင်ဗူးဝ ရှေ့လာရောက်စောင့်ကြည့်နေကြသော ပြည်သူလူထုထဲမှ အသံတသံ ထွက်ပေါ်လာတော့သည်။

မျှော်နေကြသူများကတော့ အင်းစိန်ထောင်ဗူးဝ နေပူပူ အောက်မှ ဆက်လျက်မျှော်နေဆဲဖြစ်သည်။

No comments:

Post a Comment