Saturday, January 21, 2012

၈၈ မျိုးဆက် ကျောင်းသားများ၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သော ကိုမင်းကိုနိုင်၏ နှုတ်ခွန်းဆက်စကား

၈၈ မျိုးဆက် ကျောင်းသားများ၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သော ကိုမင်းကိုနိုင်၏ နှုတ်ခွန်းဆက်စကား

AddThis Social Bookmark Buttonဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်သလို ဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများအိမ် အပြန်လမ်းမှာ ဒီကနေ့ ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၃)နှစ်ကျော်က ကျွန်တော်တို့ ကြွေးကျော်ခဲ့သမျှ ပဲ့တင်သံ တွေ ပြန်ထပ်တဲ့နေ့ပါ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့သမျှ ကောက်ပင်စိမ်းတွေ
ယိမ်းကတဲ့နေ့ပါ။ လောကဓမ္မတာ မိခင်ဟာ ထိုက်တန်တဲ့ တုံ့ပြန်မှုနဲ့ ရလဒ်ကို

ကျွန်တော်တို့ ပြန်ရတဲ့နေ့ပါ။ ဆိုလိုတာကတော့ အခုလို  သတင်း မီဒီယာသမားတွေရဲ့ရှေ့မှာ တစ်ဖျတ်ဖျတ် တောက်နေတဲ့ ဓာတ်ပုံ မီးတွေရဲ့အောက်မှာ ကျွန်တော်တို့ ရပ်နိုင်တာ၊ စကားပြောနိုင်တယ်ဆိုတာ လမ်းမပေါ်မှာ ကစဥ့်ကလျားနဲ့ ကျန်ခဲ့တဲ့ ဖိနပ်ပိုင်ရှင်တွေ၊ လူမသိ၊ သူမသိဘဝနဲ့ အသက်စွန့်ခဲ့ရတဲ့ ကျောင်းသား ပြည်သူတွေ၊ ဘဝရဲ့ အစိတ်အပိုင်းများစွာကို ဖဲ့ကျွေး၊ ချ ကျွေး ခဲ့ရပြီးတော့ လူ့လောကကို နှုတ်ဆက်သွားကြရတဲ့ ကျောင်းသား ပြည်သူတွေရဲ့ကိုယ်စား ကျွန်တော် တို့ မတ်တပ် ရပ်နိုင်သေးတဲ့ သူတွေ ဒီနေ့ ဒီအချိန် ဒီအခင်းအကျင်းမျိုးမှာ ပြောနိုင်တာပါ။
အခု သတင်းလောက မှာရော ပြည်သူလူထုရဲ့ ပြန်ကြားရေး လောကမှာ အင်မတန် ခေတ်စားနေ တဲ့ မေးခွန်းတွေရှိပါတယ်။ အဲဒါဘာ လဲဆိုတော့ နိုင်ငံရေး အခြေအနေကို ဘယ်လို သုံးသပ်လဲ ဆိုတဲ့ မေးခွန်းပါ။  ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိတာကို ဘယ်လိုမြင်သလဲဆိုတဲ့ ကိစ္စဟာ ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ အကောင်းမြင်လား၊ အဆိုးမြင်လား ဆိုတဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက် အထူးသ ဖြင့် ကျွန်တော်တို့ပေါ့။ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေ ပကတိ နိုင်ငံရေး အခြေအနေကို ဘယ်လို မြင်သလဲဆိုတာ တစ်ဝက်ကြီးများတောင်လို့ လည်း အကောင်းမမြင်နိုင်ဘူး။ တစ်ဝက်ထဲ နည်းလိုက်တာလို့လည်း အဆိုး မြင်တာ မဟုတ်ဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ ရေရှိမှ အသက်ရှင် နိုင်တဲ့ ငါးတွေလိုပဲ။ ငါးတွေအတွက် ကျတော့ တစ်ဝက် ကိစ္စမဟုတ်ပါဘူး။ အသက် ကိစ္စပါ။ ရေများဖို့ လိုပါ တယ်။
ဘာကြောင့်လည်း ဆိုတော့ သတင်းသမားတွေ၊ မီဒီယာသမား တွေသိပါတယ်။ ၂၃ နှစ်တာ ပေးဆပ် လိုက်ရတဲ့ နောက်မှာ ရလာတဲ့အသီး အပွင့်တွေ အနေဖြင့် အမှန်တရားကို ဖော်ထုတ်ကြဖို့ သတင်း မီဒီယာသမား တွေ တာဝန်ကို ထမ်းချင်နေကြပြီဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြားသလောက်ကတော့ ပြည်တွင်း သတင်း လွတ်လပ်ခွင့် ပြဿနာမှာ အကြောင်းအရာ တစ်ခုဆိုပါတော့ ၂၀ဝ၈၊ ၂၀၁၀ အဲဒီတုန်းကဆိုရင် သတင်း မီဒီယာတွေရဲ့ဖော်ပြနိုင်စွမ်း ဘက်တစ်ဘက်တည်းကိုပဲ တင်ပြရသလို အဲဒီအခါကျတော့ မတူကွဲပြား ခြားနားတဲ့ အမြင်တွေ၊ အတွေးတွေကို ဖော်ပြခွင့် မရတဲ့အခါမှာ တစ်ဖက်သတ် နားထဲ၊ မျက်စိထဲ ထည့်တဲ့ အရာသာလျှင် အမှန်တရားဆိုတဲ့ အချက်အလက်တွေ သာလျှင် အမှန်တရား ဖြစ်ခဲ့ရ တယ်။ အဲဒါကို ကျွန်တော်တို့ ပြောင်းချင်ပြီဗျာ။ ဒီကနေ့ သတင်းသမားတွေအားလုံး ကျွန်တော်တို့ ဆန္ဒကို နားလည်ကြမယ် ထင်တယ်။ ကျွန်တော်တို့နဲ့ အတူ အဲဒီအပြောင်းအလဲ ကို လိုက်ပါနိုင်ကြမယ်လို့ ရည်ရွယ်တဲ့ ဆန္ဒနဲ့ ဒီကနေ့ သတင်းစာရှင်းလင်း ပွဲလုပ်ရတဲ့ ရည်ရွယ်ချက် အချက်တစ်ချက်အနေနဲ့ ပါပါတယ်။
ထပ်ပြီးတော့ ပြောရပါလိမ့်မယ်။ စာပေစိစစ်ရေးဆိုတာ လိုအပ်ပါတယ်လို့ဆိုတဲ့ အတွေးမျိုးနဲ့ ဆိုရင်တော့ ရှိဖို့လိုတယ် ဆိုတဲ့ အတွေးမျိုးနဲ့ဆိုရင်တော့ ဒီ လောက ထပ်တက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပေးဆပ်ထား ရတာတွေ အဲဒီလို တစ်ဖက်သက်အမြင်ကိုပဲ ဖော်ပြဖို့ မကြိုက်တာတွေ၊ မိမိနဲ့သဘော ထားမတူတာတွေ ဖယ်ရှားဖို့ဆိုတာ မဖြစ်ပါဘူး။ သဘောထားတွေ၊ အယူအဆတွေ အမျိုးမျိုး တင်ပြနိုင်ကြပါ စေဆိုတဲ့ လွတ်လပ်မှုမျိုးကို စာပေ လောကသားတွေ ထပ်ပြီး ခြေတစ်လှမ်းတိုးဖို့၊ ထပ်ပြီးတော့ သတ္တိတွေမွေး ပြီးတော့ ရေးကြ ထည့်ကြဖို့ ကျွန်တော် တိုက်တွန်းပါရစေ။
တစ်ချို့က ပြော ပါတယ်။ ကျွန်တော်တို့ ၈၈ မျိုး ဆက်ကျောင်းသားတွေ ဘယ်ကနေ ဘယ်လိုစပြီးတော့ ၈၈ ဘာလဲ၊ ၈၈ ဘယ်လဲ မေးခွန်းတွေရှိပါတယ်။ ၁၉၈၈ အားလုံး သိခဲ့တဲ့ ၈၈၈၈ အရေးတော် ပုံကြီးမှာ ပါဝင်ဆင်နွဲခဲ့တဲ့ မျိုးဆက် အားလုံးတွေက ၈၈ မျိုးဆက်တွေပါ။ အဲဒီမျိုးဆက်ကြီးဟာ ၈၈ အ ရေးတော်ပုံကြီး ပြီးတဲ့အခါမှာ နယ် ပယ် အသီးသီးကို စိမ့်ပြီး ဖြာပြီးတော့ ဝင်ရောက်သွားပါတယ်။ ဒီအချက် အရေးကြီပါတယ်။ စီးပွားရေးလော က၊ အနုပညာလောက၊ သတင်းမီဒီ ယာလောက၊ နိုင်ငံရေး သီးသီး သန့်သန့် လုပ်ရမယ့် လောက ဒီလိုပဲ အ များ ပြည်သူတွေရဲ့အကျိုးအတွက် အသင်းအဖွဲ့တွေ၊ ပရဟိတလောက တွေထဲကို ရောက်ပါတယ်။ နောက်ဆုံး ဝန်ထမ်းလောကတွေထဲအထိ ရောက်ပါတယ်။ ၈၈ အရေးတော်ပုံ ကြီးကို အင်နဲ့အားနဲ့ ဆင်နွှဲခဲ့တဲ့ အဲဒီ မျိုးဆက်ရဲ့ အသီးသီးသော အစိတ်အပိုင်းတွေဟာ နောက်ဆုံး လက်နက်ကိုင် အဖွဲ့အစည်းတွေထဲ အထိရောက် ခဲ့ပါတယ်။
ကောင်းပါပြီ။ အဲဒီအင်အားစုတွေရဲ့စိတ်တွေ၊ အဲဒီတုန်းက ဝိညာဉ်တွေ၊ ၈၈ ရဲ့သွေးတွေဟာ ဟောဒီ အမိမြန်မာပြည်ထဲမှာ ဧရာဝတီဆိုတဲ့ ပင်မ သွေးကြောကြီးထဲက နေ တစ်ဆတ်ဆတ် ခုန်နေတုန်းပါပဲ။နှလုံး အသည်းပွက်ထဲမှာ နွေးထွေးစွာ လှန့်နေဆဲပါပဲ။ ဆိုတော့ ကျွန်တော် တို့ ဒီနေ့ဒီမှာလာပြီးတော့ သတင်း သမားတွေရှေ့မှာ ရပ်ကြတဲ့ ၈၈ တွေ ဟာ ဘာလဲဆိုတော့ မကြာခင်ကမှ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့အကျဉ်း ထောင်တွေက ပြန်လာကြတဲ့ ၈၈ တွေပါ။ ဒါဖြစ်ရင် အဲဒီ ၈၈ တွေ ဘာလုပ်မှာလဲဆိုတဲ့ မေးခွန်းထွက်လာ တယ်။ အရှင်းဆုံး ပြောရရင်တော့ ၁၉၈၈ တုန်းက နယ်ပယ်အသီးသီးကို ဖြန့်ကျက်သွားသလိုပဲ။ အခု ထောင်တွေက တစ်ဖန် ပြန်ထွက်လာ ပြီးတော့ ပန်းပဲဖိုတွေထဲမှာ တစ်ကြိမ် နဲ့အားမရ နှစ်ကြိမ်၊ နှစ်ကြိမ်နဲ့အား မရ သုံးကြိမ်ဆိုသလို ကံကောင်းနိုင်ရင် မီးပြင်းပြင်းနဲ့ ထပ်ပြီးတော့ အတိုက်အခံ၊ ထပ်ပြီးတော့ ပေမှာ အထု ခံ အနှက်ခံတဲ့ ဓားကောင်းတွေအဖြစ် လောကခရီးစဉ်ကို ပြန်ရောက်လာတာပါပဲ။
အဲဒီတော့ ၈၈ တွေဘာဆက် လုပ်မှာလဲဆိုတဲ့ မေးခွန်းမှာနယ်ပယ် အသီးသီးမှာ ရှိပြီးသားဖြစ်တဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေနဲ့ ပြန်ပြီးတော့ လက်တွဲကြဖို့ ထပ်မံ ဖြန့်ကျက်ပြီးတော့ အများအကျိုး၊ တိုင်းပြည် အကျိုး၊ လောကပါလ တရားသုံးပါးကို ထွန်းကားဖို့ အရေးတွေကို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ အဲဒါကို ကျွန်တော် ပြောချင်တာပါ။ အရာရာတိုင်းမှာ ကျောင်းသားတွေဟာ  ကြားနေရမယ်၊ ဘက်မလိုက်ရဘူး ဆိုတဲ့ အတွေးအခေါ် အယူအဆတွေ ရှိခဲ့ပါတယ်။ ယေဘုယျအားဖြင့် မှန်ချင်မှန်ပါလိမ့်မယ်။ ချွင်းချက်အနေနဲ့တော့ ကျွန်တော်တို့ဟာ လောကပါလတရား သုံးပါးဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီ မျှခြင်းဆိုတဲ့ အချက်သုံးပါးနဲ့ ပတ်သက်ရင်တော့ လောကပါလတရား သုံးပါးကို တည်ထောင်သူတွေနဲ့ ဖျက် ဆီးသူတွေရဲ့ အကြားမှာတော့ ဘက်မလိုက်ဘဲ မနေနိုင်ပါဘူး။ ကျွန်တော်တို့ လောကပါလတရား သုံးပါးတည် ထောင်သူဖက်ကနေပြီးတော့ ပြတ်ပြတ်သားသား ဘက်လိုက်မှာပါ။ အဲဒါလေးကို ကျွန်တော်အသိပေးပါရ စေ။
နောက်ဆုံး ကျွန်တော် ခရီးစဉ်တစ်လျှောက်မှာလည်း အားလုံး ကိုယ်စား ပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ လက်တွဲ ဆောင်ရွက်ရမယ့် ကိစ္စပါ။ ဒါနောက်ဆုံး စကားပါ။ ၂၃ နှစ်တာ ပြည်သူလူထု ကြီးရဲ့ ပေးဆပ်မှုနဲ့ နောက် ဘဝများစွာ၊ အသက်များစွာ စတေးပြီးတဲ့ နောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကို ငြင်းပယ်လို့မရတဲ့ ပကတိမျက် မှောက်တရား အဖြေရဲ့ နောက်ဆုံးလက်ရှိ အစိုးရကိုယ်တိုင် လက်ခံရပါပြီ။ အဲ ဒါ ပြည်သူ့အောင်ပွဲ ဆိုတာကို အောင်စိတ်နဲ့မှတ်ပါ။ အဲဒီအတွက် ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူ တွေနဲ့ အဟောင်းအဆွေးကြီး ဖြစ်တဲ့ ဖိနှိပ်ချုပ်ချယ်ခြင်း၊ အခွင့်ထူးခံခြင်း ဆိုတဲ့ အဟောင်းကြီးကိုဖက်တွယ် ထားချင်တဲ့သူ တွေကတော့ နေရာတကာမှာရှိဦးမှာပါပဲ။ လွန်ဆွဲပွဲတစ်ခု လိုပါ။ လွန်ကြီး နှစ်ဖက်ပဲရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ချင်တဲ့ သူတွေနဲ့ အင်အားစုတွေ ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ် သူတို့ကတစ်  ဖက် အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲမှာပဲ နေမယ်ဆိုတဲ့ သူတွေက တစ်ဖက်ပါ။ အဲဒီလွန်ပွဲဆွဲမှာလဲ ၈၈ ဟာ ပြုပြင်ပြောင်းလဲ ရေးဘက်ကပဲ လွန် ဝင်ဆွဲဦးမယ်ဆို တာကိုလည်း ရှင်းရှင်းလင်းလင်း အသိ ပေးထားချင်ပါတယ်။
အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ ၈၈ တွေ အခုလိုရပ်ပြီး စကားပြောရတဲ့ ကာလဟာ ဘာဖြစ်နေသလဲဆိုတော့ ရှေးဟောင်း မာယာလူမျိုးတွေရဲ့ ပြက္ခဒိန် အရ ကမ္ဘာပျက်မယ့် နှစ်မှာ ကျွန်တော်တို့ လူပြန်ဖြစ်ခွင့်ရတယ်။ ကမ္ဘာပျက်မယ့်နှစ်မှ နိုင်ငံသစ် ပြန်တည်ရမယ့် ဘဝဖြစ်နေပါတယ်။ ကျွန်တော်တို့ က ဒါပေမယ့် ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ တကယ်တန်းသာ ညီညွတ်မယ်ဆိုရင် ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ် တစ်ခုမကဘူး။ ကမ္ဘာသစ်တစ်ခုပါ တည်လို့ရမယ်လို့ ယုံပါတယ်လို့ ပြောရင်း ကျွန်တော် စကားကို အဆုံးသတ်ပါရစေ။
၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်များ PDF Print
''ပိတ်ဆို့အရေးယူမှုဆိုတာ သူ့အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါ။ တရားတော်မြတ်အတိုင်း။ ဒါကြောင့် ပိတ်ဆို့အရေးယူမှုဆိုတဲ့ အကျိုးတရားကို ဖယ်ရှားချင်ရင် အကြောင်းတရားကို မသိချင်အောင် မဆောင်ပါနဲ့လို့ ပြောချင်ပါတယ်။ အကြောင်းတရားကို ဖယ်ရှားဖို့အတွက်ဆိုရင်တော့  ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ပါတယ်။'' (ကိုမင်းကိုနိုင်)
''ကျွန်တော်တို့ Sanctions ကိစ္စ ပြောလို့ရှိရင် ကျွန်တော်တို့ နားလည်တာကတော့ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၂၆ နှစ်စလုံးမှာ ကိုယ့်ဖာသာ ကိုယ် Sanctions လုပ်တာ ကျွန်တော်တို့ ခံခဲ့ရပြီးပါပြီ။ အခုမှ ကျွန်တော်တို့ ဒီ Sanctions ကိစ္စက အင်မတန်ကို ရေပန်းစားနေတဲ့ စကားလုံးဖြစ်နေပေမယ်လို့ ကျွန်တော်တို့ နိုင်ငံကိုယ်နှိုက်က၊ ကျွန်တော်တို့အစိုးရ ကိုယ်နှိုက်က Sanctions လုပ်တာကို နှစ်ပေါင်းများစွာ ကျွန်တော်တို့ ခံစားခဲ့ရပြီးပါပြီ။ နောက်ခုတဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ပွင့်လင်းလာတယ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ မကြာသေးသော ကာလကပဲ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး တယ်လီဖုန်း၊ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး မော်တော်ကားတွေ ရှိအောင်လည်း ဥရောပသမဂ္ဂက Sanctions လုပ်ထားတာ မဟုတ်ပါဘူး။ အမေရိကန်အစိုးရက Sanctions လုပ်ထားတာ မဟုတ်ပါဘူး။ အဲဒီလို Sanctions ကိစ္စကိုပြောရင် ကျွန်တော်တို့ကပဲ လူထုတွေ ဆင်းရဲနွမ်းပါးအောင်၊ ကျွန်တော်တို့ နိုင်ငံရေးအတိုက်အခံတွေက Sanctions လုပ်ထားတယ်ဆိုပြီးတော့ ဒီဟာကို လက်နက်တစ်ခုအဖြစ်နဲ့ နိုင်ငံရေးအရ ထိုးနှက်ဖို့ အသုံးချနေတာဆိုရင် တော့ ကျွန်တော် လက်မခံပါဘူး။ အဲဒီလို တစ်ကယ့်တကယ်က ကျွန်တော့်တစ်ကိုယ်စာ ဖွံ့ဖြိုးတိုးတက်စေချင်ရင် ကျွန်တော်ထောင်ထဲ သွားမနေဘူး။ ကျွန်တော် ဒီနိုင်ငံရေးထဲ လာမလုပ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကိုယ်နှိုက်က ဖွံ့ဖြိုးတိုးတက်ချင် လို့၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး တိုးတက်ချင်လို့ ကျွန်တော်တို့ နိုင်ငံရေး လုပ်တာပါ။ အဲဒီတော့ ကျွန်တော်တို့က ကျွန်တော်တို့ပြည်သူကို နစ်နာမယ့်ကိစ္စမျိုးဘယ်တော့မှ မလုပ်ဘူး။ ဟိုတုန်းကလည်း မလုပ်ဘူး။ နောက်လည်း မလုပ်ဘူး။ အဲဒီတော့ ကောင်းပြီ။  Sanctions ကိစ္စနဲ့ပတ်သက်ပြီးတော့ ခုနက မင်းကိုနိုင် ပြောထားပြီးပါပြီ။ ဘာကြောင့် လုပ်ထားတာလဲ။  Sanctions လုပ်တဲ့ ကာယကံရှင်နိုင်ငံတွေနဲ့ အခု ထိတွေ့ဆက်ဆံနေပြီပဲ။ ဆွေးနွေးနေပြီပဲ။ အဲဒီတော့ Sanctions  ဖြစ် ရတဲ့အကြောင်းရင်းတွေကို ဖြေရှင်းရင် Sanctions က သူ့ဟာသူ ပြေလည်သွားမှာပါ။ တောင်းဆိုနေစရာ မလိုပါဘူး။ အဲဒီတော့ Sanctions လုပ်ရတဲ့အကြောင်းရင်းတွေကို ကျွန်တော်တို့ပါ ပူးပေါင်းပြီးတော့ ဖြေရှင်းမယ်။ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်။ အဲဒါက Sanctions နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သဘောထားပါ။''  (ကိုကိုကြီး)
နိုင်ငံရေးအကျဉ်းသား အပေါ်အမြင်
''နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲဆိုတဲ့မေးခွန်း၊ နိုင်ငံရေးအရ ဖမ်းဆီးထားသူများ ရှိ၊ မရှိ ဆိုတဲ့ ကိစ္စ၊ ကာယကံရှင်တွေ မည်သို့ပင် ရှိတယ်၊ မရှိဘူး ပြောပါသော်လည်း ပြည်သူလူထုကြီးက ဆုံးဖြတ်ပြီးသွားပါပြီ။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့ လွတ်  လာတဲ့အပေါ်မှာ သင်္ဘောဆိပ်၊ ဘူတာရုံတွေ၊ လေဆိပ်တွေ၊ ကားဂိတ်တွေမှာ ပန်းတောင်းကြီး မှောက်ကြသွားသလို လူတွေ ဒလဟော အူလှိုက်သဲလှိုက် ပြေးပြီးတော့ ကြိုကြတယ်။ အဲဒါ သူခိုး၊ ဓားပြတွေ မဟုတ်ပါဘူး။ ဘယ်လိုလူစားတွေလဲဆိုတာ ပြည်သူလူထု သိပါတယ်။ ပြည်သူလူထု ဆုံးဖြတ်ပြီးသွားပါပြီ။ နိုင်ငံရေးအကျဉ်းသား ရှိ၊ မရှိ ဆို တာ။'' (ကိုမင်းကိုနိုင်)
နိုင်ငံရေးပါတီအဖြစ် ရပ်တည်၊ မတည် အပေါ်အမြင်
''ကျွန်တော်တို့ ၁၉၈၈ ခုနှစ် အရေးအခင်းစပြီးတော့ ပေါ်ပေါက်လာတဲ့အကြောင်း အရင်းခံကိုကကို အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်မျိုး၊ နိုင်ငံရေးစနစ်မျိုးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းတိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ၂၀၀၈ ခုနှစ်၊ ၂၀၁၀ ခုနှစ်တွေ ကာလတွေအတွင်းမှာလည်း ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ အားလုံးပါဝင်နိုင်ရေးဆိုတဲ့ကိစ္စကို  မမေ့ မလျော့ သတိပြုစေချင်လို့ ထပ်ပြီးတော့ ကျွန်တော်တို့ သတိပေးခဲ့ပါသေးတယ်။ ဆိုတော့  ဒီအားလုံးပါဝင် နိုင်ရေးဆိုတာ ကျွန်တော်တို့ စတင်ခဲ့တဲ့ကိစ္စ၊ ကျွန်တော်တို့ ထပ်တလဲလဲ သတိပေးခဲ့တဲ့ကိစ္စဖြစ်တဲ့အလျောက် အခုဒီအချိန်မှာလည်း ကျွန်တော်တို့အားလုံး ပါဝင်နိုင်ရေးကိစ္စကို အလေးထားလိုပါတယ်။ အားလုံးပါဝင်နိုင်ရေးဆိုတဲ့ အချက်ပေါ်မှာ အခြေခံတဲ့အချက်ကြောင့်မို့လို့ ကျွန်တော်တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့  ၂၀၁၀ ခုနှစ် အရေးကြီးတဲ့ပွဲမျိုးမှာ ကျွန်တော်တို့ ဖယ်ရှားခံထားခဲ့ရပါတယ်။ အခုမှပဲ ပြီးခဲ့တဲ့တစ်ပတ်လောက်မှ အားလုံး မျက်စိရှေ့မှောက်ကို ပြန်ရောက်လာခဲ့ရပါတယ်။ ဆိုတော့ ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ ပါဝင်ခွင့်ရှိမလဲ။ ကျွန်တော်တို့ ဘယ်လောက်လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရှိမလဲ။ ကျွန်တော်တို့တင်မဟုတ်ဘူး။ အခုသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ  လက်ရှိအစိုးရ ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်မှာ မပါဝင်ရသေးတဲ့သူတွေကော ဘယ်လို ပါဝင်ခွင့်ရှိမှာ၊ ဒီအခြေအနေတွေကို ကျွန်တော်တို့ စောင့်ကြည့်ပြီးတော့ အားလုံးပါဝင်နိုင်ဖို့ ဘာတွေထပ်ပြီးပြင်ဆင်ရဦးမလဲဆိုတာကို အချိန်ယူစဉ်းစားနေတာ ဖြစ်ပါတယ်။'' (ကိုလှမျိုးနောင်)
လက်ရှိကြားဖြတ်ရွေးကောက် ပွဲအပေါ် အမြင်
''ကျွန်တော်တို့ ၂၀၀၇ ခုနှစ် ဖမ်းဆီးထိန်းသိမ်းမခံရခင်တုန်းက  နိုင်ငံရေးအခြေအနေနဲ့ အခုကျွန်တော်တို့ ပြန်လည်လွတ်မြောက်လာပြီး ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ နိုင်ငံရေးအခြေအနေဟာ ပုံသဏ္ဍာန်အားဖြင့် ပြောင်းလဲသွားတာတော့ အသေအချာပါပဲ။ ပထမဦးဆုံးကတော့ ကျွန်တော်တို့ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် အတောအတွင်းမှာပဲ အတည်ပြုခဲ့ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ အငြင်းပွားစရာတွေရှိနေတဲ့ ၂၀၁၀ ရွေး ကောက်ပွဲရလဒ်၊ အဲဒီကနေဖြစ်ထွန်းလာတဲ့ လွှတ်တော်အခင်းအကျင်း၊ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အစိုးရသစ်အဖွဲ့ စသည်ဖြင့် နိုင်ငံရေးအခင်းအကျင်းတွေ ပြောင်းလဲလာပါပြီ။ အဲဒီတစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲ ကြေညာမှုဟာလည်း ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အခြေအနေတစ်ခုပါ။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ရဲ့ သဘောထား ထုတ်ပြန်ချက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ရေး ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ထောက်ခံတယ်ဆိုတာဟာ အင်မတန်စွန့်စားရတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့နဲ့ အတူ ကျွန်တော်တို့ နိုင်ငံသားတွေနဲ့အတူ ဒုက္ခသုက္ခ အ၀၀ကို ဝေဒနာတွေကို တနင့်တပိုးကြီး ကျွန်တော်တို့ ခံစားပြီးတဲ့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်တွေ့ကျတဲ့ ရွေးချယ်မှုတစ်ခု၊ စွန့်စားပြီးတော့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ပထမဦးဆုံး ကြေညာခဲ့ပါတယ်။ သို့သော် ကျွန်တော်တို့ ရက်သားပဲ ရှိပါသေးတယ်။ ထောင်က လွတ်လာတာ။ အဲဒီတော့ ဒီရွေးကောက်ပွဲမှာ ၈၈ ကတည်းကနေပြီးတော့ စဉ်ဆက်မပြတ် ပါဝင်လှုပ်ရှားခဲ့တဲ့ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေကနေပြီးတော့ တစ်သီးပုဂ္ဂလ ၀င်သွား တာတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့ နားလည်မှု အပြည့်အ၀နဲ့ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ကတော့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ် ပါဘူး။ သို့သော်လည်းပဲ ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ရေး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့  ကျွန်တော်တို့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' (ကိုကိုကြီး)
၈၈ မျိုးဆက်ကျောင်းသားများ ဆိုသည့် အပေါ်အမြင်
''၈၈ မျိုးဆက်ကျောင်းသားများဆိုတာ မြစ်တစ်စင်းနဲ့ တူပါတယ်။ မြစ်တစ်စင်းကရေကို လက်ခုပ်နဲ့ ခတ်ပြီးတော့ ဒီလောက်ပဲလို့ပြောမယ်ဆိုရင် မဖြစ်ပါဘူး။ မြစ်ဖျားကနေ ပင်လယ်ထိ စီးဝင်တဲ့ရေဟာ မြစ်တစ်စင်းရဲ့ ရေပါ။ ဒါကြောင့် ၈၈ ရဲ့ အင်အားဟာ ကန့်သတ်လို့ မရပါဘူး။ ၈၈ ဆိုတဲ့ အချိုးအကွေ့ အပြောင်းအလဲကြီးတစ်ခုလုံးကို အားစိုက်သယ်ဆောင်လာတဲ့ အဲဒီချိန်က ကျောင်းတက်နေတဲ့ ကျောင်းသားတွေကစပြီးတော့ ဒီကနေ့ထိ ပါဝင်နေတဲ့ ၉၆၊ ၉၈ စတဲ့ အရေးတော်ပုံတွေ ၂၀၀၇ မှာပါဝင်တဲ့ ကျောင်းသားတွေအားလုံးဟာ ၈၈ မျိုးဆက်တွေပါ။ ၈၈ မျိုးဆက်တွေဟာ တစ်ပါတီ အာဏာရှင်ကနေ ဒီမိုကရေစီကို အချိုးအကွေ့ကို ပြောင်းလဲခဲ့တဲ့ ၈၈ ရဲ့ မျိုးဆက်ဟာ ဒီကနေ့ထိ ကျန်နေပါသေးတယ်။ ဒါကတစ်ကြောင်းပါ'' (ကိုမင်းကိုနိုင်)

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
PDF Print
ယနေ့(၂၁-၁-၂၀၁၂) မွန်းလွဲ ၂နာရီ မှစတင်ကာ ၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်စင်တာတွင် ကျင်းပလျက်ရှိပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အချက် ၉ ချက်ပါဝင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းစာဆရာများအပါအ၀င် လူဦးရေ ၆၀၀ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။
၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။
၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။
၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေးဝန်းရံသွားမည်။
၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။
၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များအား ပြန်လည်စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။
၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။
၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။
၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ

No comments:

Post a Comment