Sunday, January 15, 2012

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အမှတ်တရ


ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အမှတ်တရ
+ ဆလိုင်းရေ….၊
ဘာလိုလိုနဲ့ ဒီဇင်ဘာလကို ရောက်ခဲ့ပြန်ပြီလေ…..။
ဒီလကိုရောက်တိုင်း….တို့အတူဆင်နွှဲခဲ့ကြဘူးတဲ့
သမိုင်းဝင် ဦးသန့်အရေးအခင်းကို
တို့ အသက် ၆၀ နားနီးတွေက ပိုပြီးသတိရကြ၊
မမေ့နိုင်ခဲ့တဲ့ မြင်ကွင်းတွေ ပြန်မြင်ယောင် ကြားယောင်ပြီး
ပြောသင့် ပြောထိုက် လက်ဆင့်ကမ်း အသိပေး သတိပေးသင့်တာတွေ၊
ပြန်ပြောပြကြ….ပြန်ရေးပြကြနဲ့…
မမေ့နိုင်ကောင်းတဲ့ အတိတ်အကြောင်းတွေ…
ဟောင်းရာကအသစ်…ပြန်ဖြစ်ကြရပြန်ပြီလေ….။

+ ဆလိုင်းရေ….၊ မင်းမှတ်မိလေမလား…..၊
ရန်ကုန်က တို့ ဆုတ်ခွာကြပြီး…ပဲခူးဘူတာ တနေရာ၊
ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း ၃၆ နှစ်လောက်က..၊
မင်းတို့က ထိုင်းမြန်မာ နယ်စပ်အထိသွားကြမယ်…
ငါတို့က ပဲခူးနဲ့ ဝေါတ၀ိုက် ရွာတွေမှာပဲ ခိုအောင်းကြမယ်…
“ ငါတို့ ကံကြုံရင် ပြန်ဆုံကြမယ်ဟေ့….”
“ မသေမချင်း ဆက်ပြီးဆင်နွှဲစရာ တော်လှန်ရေးတွေ
အများကြီးရှိသေးတယ်…” ဆိုတာ။

+ ဆလိုင်းရေ….အဲ့ဒီတုံးက
ဝေါမြို့နားက အဗျားရွာ ကသစ်ဝိုင်ဓမ္မရိပ်သာမှာ
ငါတယောက်တည်းကျန်ခဲ့ပြီး တရားထိုင်နေတုံး
ငါ့စိတ်အာရုံထဲမှာထင်လာတာတွေက…..
ဝိပဿနာဖြစ်ပျက် အနိစ္စ ဒုက္ခ အနတ္တတွေ မဟုတ်ဘူး…၊
ဓမ္မရိပ်မှာရောက်နေတဲ့ စာရေးဆရာမ မမြင့်ခိုင်တို့ ဖေဖေကြီး
ငါရှောင်လာတာမှန်းရိပ်မိလို့ ကရုဏာတရားနဲ့ ဖြောင်းဖြ
တရားပြပေမဲ့ …ငါ့စိတ်အာရုံထဲမှာထင်လာတာတွေကတော့…..၊
ဦးသန့်အရေးအခင်း အပိုင်းအစတွေ……၊
ဦးသန့်အရေးအခင်း အပိုင်းအစတွေ……၊
ဦးသန့်အရေးအခင်း အပိုင်းအစတွေ……။

ပထမဦးဆုံးမြင်ယောင် ကြားယောင်မိတာက
တို့ စက်မှုတက္ကသိုလ် ဓါတုအင်ဂျင်နီယာဌာန
ဆရာ ဆရာမ ကျောင်းသူကျောင်းသားတွေရဲ့
ဦးသန့်အတွက် လွမ်းသူ့ပန်းခွေ။
ငါနဲ့ ကိုနေရောင်….သိမ်ကြီးဈေးကနေ ကြို့ကုန်းကို
ပန်းခွေကြီးကို ၃-ဘီးတိုင်စီ အငှားကားနဲ့မတင်ပဲ…
တမင်ရွတ်ပြီး လူကြပ်တဲ့ အမှတ် ၈- ဘတ်စ်ကားနဲ့ တင်ကြတာ။
တို့ပန်းခွေက စာတမ်းကိုဖတ်ပြီး
ပြည်သူလူထု သောင်းသောင်းဖြဖြအားပေးကြတာ….၊
“လုပ်စရာရှိတာ ရဲရဲသာလုပ် ” ဆိုပြီး တို့ပန်းခွေကြီးကို ကားထဲမသွင်း
ပြူတင်းပေါက်ကပဲ အများမြင်သာအောင်
ဦးကြီးတယောက်က အမြှော်အမြင်ရှိရှိ လိမ်မာပါးနပ်စွာ ကိုင်ပေးထားတော့
လူကြပ်တဲ့အချိန် မှတ်တိုင်တိုင်းမှာ လမ်းတလျှောက်မှာ အများမြင်ကြပြီး
လက်မထောင်ပြကြ….၊ ဆက်လုပ်ဆက်လုပ်ဆိုပြီး အားပေးကြတာ..
တို့ကျောင်းသားတွေ ဘာလုပ်ကြမယ်ဆိုတာ ကြိုသိနေတဲ့ မိဘပြည်သူလူထု
ဦးသန့်အရေးအခင်းကို “ထု”ရဲ့ ထောက်ခံမှု အားပေးမှု
ရာနှုန်းပြည့်ရကြမယ်ဆိုတာ
ငါတို့ ကြိုကြိုတင်တင် သိရှိဆည်းပူးခဲ့ကြဘူးတာတွေ….။

+ ဆလိုင်းရေ….၊
ကျိုက္ကစံကွင်းထဲ….. ကျောင်းသားအလုပ်သမားလယ်သမား
ကြက်ခြေနီ ရဲတပ်ဖွဲ့နဲ့ သံဃာတော်များပါမကျန်….
ပြည်သူလူထုအသံ…၊ တသံထဲပဲ။
ကျောင်းသားနဲ့သံဃာပေါင်းစည်းဦးဆောင်..၊
ဦးသန့်ကို ဂုဏ်နဲ့ဒြပ်နဲ့ ညီတဲ့နေရာမှာ သင်္ဂြိုလ်မယ်….၊
ဦးသန့် ဖြစ်စေချင်တဲ့ စာကြည့်တိုက်နဲ့ပြတိုက် ဖြစ်စေရမယ်….၊
ဦးသန့်နဲ့ပြည်သူပြည်သား ကျောင်းသားကျောင်းသူတွေလိုလား
ကျောင်းသားသမဂ္ဂကြီး ပြန်တည်ဆောက်ကြမယ်…..၊
“ဆန်း” တို့ ၊ “နု” တို့၊ “ဟိန်း”တို့၊ “သန့်”တို့ မွေးထုတ်ပေးခဲ့တဲ့
အမိ ရန်ကုန်တက္ကသိုလ်….။
ကျောင်းဝန်းတခါးမကြီးကို တို့တတွေအားလုံးအတင်းတွန်းဖွင့်ပြီး
ဆရာဆရာမတွေကလည်းအလိုက်တသိ ဟန်ပြပိတ်ထားတာကိုဖွင့်ပေးလို့
ဘွဲ့နှင်းသဘင်ခန်းမ မှာ ဦးသန့်ကို ခေတ္တနေရာပေးလိုက်ကြတယ်..၊
လွတ်လပ်စွာပြောဆိုစုဝေးတောင်းဆိုဆန္ဒပြခွင့်ကို မြန်မြန်ဘဲ တို့အရယူလိုက်ကြတယ်။
တပြိုင်နက်ထဲ သမိုင်းဝင် တကသ “တက္ကသိုလ်ကျောင်းသားများသမဂ္ဂ” နေရာ…၊
အများစုပေါင်းအားနဲ့ ခြုံနွယ်ပိတ်ပေါင်းတွေ ရှင်းလင်းမြေညှိ
ငါတို့ ဦးသန့်အတွက် ဂူဗိမာန်ဆောက်ကြတယ်….၊
မင်းတို့ ဦးဆောင်သူတွေကတော့ ဟိုပြေး ဒီပြေး….
--------------------------------------------------
ဆရာကြီး ဒေါင်နွယ်စကီး…(ဆရာဒေါင်းနွယ်ဆွေ)တို့အဖွဲ့ကိုကြိုဆိုပါတယ်….၊
မန်းတက္ကသိုလ် ဆရာဂျမ်း ဆရာစွမ်း…(ဆရာတင်မိုး ဆရာမောင်စွမ်းရည်) တို့ အဖွဲ့ကိုကြိုဆိုပါတယ်….၊
ရုပ်ရှင်မင်းသားကိုမြတ်လေးအဖွဲ့ကို ကြိုဆိုပါတယ်….၊
ဦးထွန်းဝေနဲ့ ရန်ကင်းရုပ်ရှင်အဖွဲ့ကိုကြိုဆိုပါတယ်….၊
မြန်မာ့အသံအဖွဲ့ကိုကြိုဆိုပါတယ်….၊
သမိုင်းချည်စက် အလုပ်သမားများအဖွဲ့ကိုကြိုဆိုပါတယ်….၊
သုံးဆယ် သာယာဝတီ လယ်သမားကြီးများအဖွဲ့ကိုကြိုဆိုပါတယ်….၊
စသည်……စသည်….စသည်…..၊
မင်းတို့ရဲ့အသံ….၊ လက်ခုပ်သံတွေ တဖြောင်းဖြောင်းတီးသံကြားတိုင်း
ဦးသန့်အုတ်ဂူတည်ဆောက်ရင်း…ငါတို့ ထ,ထ ကြည့်ရတာ အမောပဲ..၊
အခု ၂၀၁၀ အထိ အသေအချာ ငါပြန်မြင်နေသေးတာကတော့….
ဆံပင်ရှည်ဂုတ်ဝဲနဲ့ ၀၀ဖိုင့်ဖိုင့် ဆရာဒေါင်းနွယ်ဆွေပဲ…..၊
သူက လွယ်အိတ်တလုံးကိုလွယ် ဂုဏ်ယူအားရတဲ့အပြုံးနဲ့အားပေးလို့…၊
မင်းတို့မြန်မာစာနှင့်သတ္တဗေဒ အဓိကအဖွဲ့ကတော့…
လာရောက်အားပေးကြသူတွေကို နွေးနွေးထွေးထွေး ကြိုဆိုလို့…..။

+ ဆလိုင်းရေ……၊
ငြိမ်းချမ်းရေး ဒီမိုကရေစီရေးကို ချစ်မြတ်နိုးလိုလားတောင့်တကြတဲ့
ပြည်သူလူထုရဲ့သဒ္ဓါတရားကတော့ အံ့မခန်းပဲ…..၊
ငါတို့တတွေ…ပြည်သူတွေ စေတနာအပြည့်နဲ့ကျွေးတဲ့
ထမင်းတွေ ဟင်းတွေ ဖျော်ရည်နဲ့ ဆေးကွမ်းတွေကို တ၀ကြီး
စိတ်ကြိုက် စားသောက်ခဲ့ကြရဘူးတာ…ဒါပထမဦးဆုံးပဲ….၊
ပြည်သူလူထုဆန္ဒ ထုတ်ဖေါ်အရေးဆိုသံတွေ
အားရပါးရ ကြားခဲ့ကြရတာလဲ ဒါပထမဦးဆုံးပဲ……၊
၆၂-နဲ့ ၇၄-ကြား ဆိတ်သုဉ်းနေတဲ့ ဒီမိုကရေစီအခွင့်အရေးတွေ
ဒီ ဦးသန့်အရေးအခင်းကာလမှာ ရန်ကုန်တက္ကသိုလ်ဝင်းထဲ
ပြန်ရခဲ့ကြ ပြန်ရယူခဲ့ကြတာ သမိုင်းဝင်ဖြစ်ရပ်ပဲ…၊
နောင် တော်လှန်ရေး အရေးအခင်းတွေအတွက်လည်း စံပြရှေ့ဆောင်ပဲ….။

+ ဆလိုင်းရေ….နောက် ငါသတိရမိတာ တခုက၊
တကသမြေကွက်လပ် ဦးသန့်အုတ်ဂူနဘေး ဆလိုက်မီးရောင်အောက်မှာ…
အဆောင်သူတွေပါမကျန် ငါတို့တတွေ ၀ိုင်းဖွဲ့စုထိုင်ပြီး
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကြီး အဆောက်အဦနဲ့တကွ ရှိခဲ့ကြစဉ်က ဘယ်ပုံဘယ်လို ရှိခဲ့တယ်ဆိုတာ သိသမျှဝိုင်းဖွဲ့ဆွေးနွေးပြောပြကြတာ…၊
ကိုအောင်ဆန်း၊ ကိုနု၊ ကိုသန့်၊ ကိုဗဟိန်း၊ ကိုအောင်ကျော်၊ ကိုကျော်ငြိမ်း၊ ကိုဗဆွေ၊
ကိုသိန်းဖေ၊ ကိုဌေးမြိုင် စတဲ့ တို့စံပြကျောင်းသားကြီးတွေ အကြောင်း…၊
နောက်မျိုးဆက်…ကျောင်းသားကြီးတွေအကြောင်း….၊
ဒီဇင်ဘာအအေးကြား ညဥ့်နက်သန်ကောင်ကျော်အထိ မအိပ်ကြပဲ
လဘက်သုပ်နဲ့ ရေနွေးကြမ်းစားသောက်ကြရင်း ပြောသမျှနားထောင်ခဲ့ကြတာ…..၊
ငါ့ဘေးက စကားသံဝဲ၀ဲ တိုင်းရင်းသူကလေးက နမ်းခူးဆာ လေလား….၊
နန်းခင်ထွေးမြင့်လား၊ L နန်းလုံလား…….၊ တို့မောင်နှမတတွေ….၊
1962 7th July အရေးအခင်းနဲ့ တကသ အဆောက်အဦကြီး မိုင်းခွဲခံရပုံ နားထောင်လို့အပြီး တောက်ခေါက်သံတွေ…ရေရွတ်သံတွေ ကြားရအပြီး.…၊
ငါ ၁၀-နှစ်သားလောက်တုံးက
ရန်ကုန်ဆေးရုံကြီးမှာ မြင်ခဲ့ရဘူးတဲ့ကျောင်းသားအလောင်းတွေ…
သွေးနဲ့ရေအရောအနှော စီးကြောင်းကြီး
ဆေးရုံကြီး လှေခါးအောက်အထိ ဆင်းလာတာတွေ၊
ငါတို့ သွားကြည့်ကြသူတွေကို အော်ဟစ်မောင်းထုတ်တဲ့ ယူနီဖောင်းဝတ်တွေ…..၊ အော်ဒါကြောင့်ဒီလို ကိုး… ဆိုပြီး မျက်ရည်ဝဲ၀ဲနဲ့ မိုးပေါ်က ကြယ်တွေကို
အဲ့ဒီတုံးက ငါလှမ်းကြည့်လိုက်မိသေးတယ် ဆလိုင်း…..။

+ ဆလိုင်းရေ….၊
အသက်မဲ့ဦးသန့်ကိုရော…
အမြဲအသက်ရှင်သန်နေမဲ့ ဦးသန့် စိတ်ဓာတ်ကိုရော…
အသက်နဲ့လဲ ကာကွယ်ကြမဲ့ ခွပ်ဒေါင်းတွေ…..၊
ဦးသန့်အရေးအခင်းမှာ စခဲ့ကြတဲ့
အနီရောင်ခွပ်ဒေါင်းခေါင်းစည်းတွေ
ခေါင်းမှာပတ်ခဲ့တဲ့ အစဉ်အလာ…..၊
မင်းတို့ မှိုင်းကြီး(ကိုတင်အေးကြူတို့) ဆက်ထိန်းခဲ့တဲ့အစဉ်အလာ
မှိုင်းရာပြည့်အပြီး မင်းမရှိတော့တဲ့နောက်ပိုင်းကနေ….၊
၂၀၀၇-စက်တင်ဘာ ရွှေဝါရောင် သံဃာ့အရေးအခင်းအထိ
ငါတွေ့နေရတုံးပဲကွ….။
-------------------------
ဒီလိုနဲ့ အရေးအခင်းတညနေမှာ….
မင်းတို့ခေါင်းဆောင်တွေဆီက
အချက်ပေး အမှာစကားထွက်လာတယ်……၊
“ ဆက်နေလိုက ဆက်နေ၊ ရှောင်လိုက ရှောင် မိမိဆန္ဒအတိုင်း
ရဲဘော်တို့ တာဝန်ကျေပီ….၊ ရန်သူကတော့ အနှေးနှင့်အမြန်
လက်နက်အားကိုး အကြမ်းဖက်နှိမ်နင်းလိမ့်မည်….” တဲ့။
ငါတို့ရဲရဲဝံ့ဝံ့ ပဲ ဦးသန့်အုတ်ဂူကို အဆုံးအထိကာကွယ်ကြဘို့
တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတယ်…..။

+ ဆလိုင်းရေ…..၊
အလှည့်ကျလို့ ငါနဲ့ ကိုနေရောင် ရုပ်ဖျက်ပြီး Eco ဖက် ရေမြောင်းနဲ့
ပိုက်လုံးကနေ ကျောင်းဝန်းအပြင်ထွက်၊
နေ့စဉ်ရက်ဆက် ပင်ပန်းသမျှတွေ….
အိမ်သာတက် ရေမိုးချိုး ခေတ္တပြန်နားနေကြတုံး….
မနက်လင်းအားကြီးမှာ ရန်သူရဲ့ လက်နက်အားကိုး ရက်ရက်စက်စက်
ရုတ်တရက် အကြမ်းဖက်ချေမှုန်းခြင်းကို ခံလိုက်ရတော့….၊
ငါတို့ဒေါသတွေ…ပြည်သူအများတွေနည်းတူပဲ….
ရန်ကုန်မြို့လည်က ရုပ်ရှင်ရုံတွေ….၊
ပြည်သူ့ကောင်စီဆိုတဲ့ရုံးတွေ….၊ မီးပွိုင့်တွေ….၊ စစ်အစိုးရနဲ့ ပတ်သက် တာတွေဆီ ပေါက်ကွဲထွက်ကုန်ကြရော…..။
ဒီလိုနဲ့ မီးခိုးတလူလူ ရန်ကုန်မြို့ကြီးကို အမြန်စွန့်ခွာ
မင်းတို့နဲ့ ပဲခူးဘူတာမှာ မထင်မှတ်ဘဲ ပြန်ဆုံမိကြတော့…
“ ငါတို့ ကံကြုံရင် ပြန်ဆုံကြမယ်၊
မသေမချင်း ဆက်ပြီးဆင်နွှဲစရာ တော်လှန်ရေးတွေ
အများကြီးရှိသေးတယ်…” ၊
ဒါ..မင်းဆီက ငါကြားလိုက်ရတဲ့ နောက်ဆုံးအမှာစကား….၊
ဝေါဒေသ ဘက်ထွက်တဲ့ ကုန်ရထား မီးခိုးတလူလူကြား
မင်းတို့ပုံရိပ်တွေ ဝေေ၀၀ါးဝါး…..။

+ ဆလိုင်းရေ……၊
ငါတို့ ကံမကြုံကြလို့ ပြန်မဆုံဖြစ်ကြရတော့ဘူး….၊
မင်းကတော့…လက်နက်မကိုင် အကြမ်းမဖက် တော်လှန်ရေးကို ဆင်နွှဲရင်း
“ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး”
“ ညီမလေး မလှမြိုင် (မိုင်ပိုပို) အစ်ကိုကြီးဂုဏ်ယူပါတယ်ကွာ ”
“ ပြည်သူကိုအသိမပေး ငါ့ကိုခိုးသတ်နေတယ်…
ငါ့ခန္ဓာကိုသာရမယ် ငါတို့ယုံကြည်ချက် မင်းတို့ ဘယ်တော့မှ မသတ်နိုင်ပါဘူး”
သမိုင်းဝင်အမှာစကားတွေနဲ့အတူ
“ အမြင့်ပျံ အောက်ချင်း” ဘွဲ့ထူးနဲ့အတူ
မြန်မာတပြည်လုံးအပေါ် တာဝန်ကျေကျေ
အမြင့်ဆုံးပျံနိုင်ခဲ့ပြီ ….ဆလိုင်း။
ငါတို့တတွေကတော့ မင်းစကားကိုနာယူပြီး
မသေသေးတော့….တာဝန်တွေ မကုန်နိုင်သေးဘူးပေါ့ကွာ……။

+ တိုတိုနဲ့လိုရင်း အစီရင်ခံပါရစေ…ဆလိုင်းရေ…။
၁၉၈၈ မှာ ၁၃၅၀ ပြည့်အရေးတော်ပုံခေါ်တဲ့
၈- ၄ လုံး အရေးအခင်းကြီးပေါ်လာခဲ့တယ်….ဆလိုင်း။
မင်းကိုကြိုးပေးခဲ့တဲ့ နေ၀င်းရဲ့ မဆလ ပြုတ်ကျသွားခဲ့တယ်….။
မင်းလိုပဲ လက်နက်မကိုင် အကြမ်းမဖက်လမ်းစဉ်လိုက်တဲ့
ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်…
လူထုခေါင်းဆောင်အဖြစ်ပေါ်လာခဲ့တယ်….
သူက မြန်မာပြည်သူတွေအတွက်
ဦးသန့်လိုပဲ ငြိမ်းချမ်းရေးနိုဗယ်ဆုယူပေးခဲ့တယ်….။
မင်းလိုပဲ ခွပ်ဒေါင်းအလံကိုင်စွဲ အကြမ်းမဖက်တော်လှန်နေတဲ့
၈၈-မျိုးဆက် ၈၈-စိတ်ဓာတ်ဆိုတာ ပေါ်လာတယ်…။
သူတို့ကပဲ မင်းဖြစ်စေချင်သလို တကသ ကိုပြန်ဖွဲ့
ဗကသ မကသ အကသ တွေ အဆင့်ဆင့် ဖွဲ့စည်း
စဉ်ဆက်မပြတ် လက်ဆင့်ကမ်းလှုပ်ရှားနိုင်ခဲ့ပြီ ဆလိုင်း။
နောက်..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာပေါ်လာပြီး
၁၉၉၀ ပြည့်နှစ်မှာ မဲအပြတ်အသတ်နဲ့ ရွေးကောက်ပွဲအနိုင်ရ
ပြည်သူလူထုရဲ့ ယုံကြည်ပုံအပ်မှုကို ရခဲ့တယ်….ဆလိုင်း။
အခု ၂၀၁၀ အထိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့
၈၈-မျိုးဆက်တွေ ပြည်သူလူထုတွေ
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ပင်လုံစိတ်ဓာတ်ပြန်ရှင်သန်ရေး၊
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ စတာတွေ…
ဆက်လက်ဆင်နွှဲနေကြရတုံးပဲ ဆလိုင်း…….။

+ ဆလိုင်းရေ….၊
ငါ့ကိုယ်ရေးကိုယ်တာအနေနဲ့တော့…..
၈၈-မှာ ဗကသ ပြန်ဖွဲ့တော့…ကျောင်းသားတွေလာခေါ်လို့
မင်းကိုယ်စား၊ ကိုတင်အေးကြူကိုယ်စား၊
၇၄-၇၅-၇၆ ဦးသန့် အလုပ်သမား မှိုင်းရာပြည့် လှုပ်ရှားမှုကျောင်းသားတွေကိုယ်စား
ပါဝင်တက်ရောက်အကြံပေးခွင့်ရခဲ့တယ်….၊
တို့ရဲ့ သမိုင်းဝင် တကသ မြေကွက်လပ်မှာပဲပေါ့…။
၈၈ အရေးအခင်းကြီးကို စ-လယ်-ဆုံး ပါဝင်ဆင်နွှဲ….၊
၈၉- မှာ ၅-ည နဲ့ထောင်ကျ(တို့ခေတ်စကားက မော်စကိုရောက်)၊
၂၀၀၄ အထိ ထောင်တွင်းထောင်ပြင် သင်တန်းတွေ
အတွေ့အကြုံတွေ အမျိုးမျိုး ဖြန့်ဝေလက်ဆင့်ကမ်း၊
၂၀၀၅ မှာ မင်းတို့ ချင်းပြည်နယ်ကို တိမ်းရှောင်
ဘော်ဒါကျောင်းမှာ ကျောင်းအုပ်ကြီးလုပ်၊
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့အရေးအခင်းကြီးကို
အစ-အလယ်-အဆုံး ပံ့ပိုးကူညီ၊
၂၀၀၈-၂၀၁၀ မှာ ဒေါ်အောင်ဆန်းစုကြည် အားပေးကူညီတဲ့
Prospect Burma New Delhi မှာ ကျောင်းအုပ်ကြီးလုပ်၊
အဲ့ဒီမှာ..မင်းတို့ငါတို့ရဲ့သမိုင်းပေးတာဝန်တခုဖြစ်တဲ့
ဦးသန့်စာကြည့်တိုက်အသေးစားလေး စတင်တည်ထောင်ဖြစ်၊
အများစုဖြစ်တဲ့ ချင်းကျောင်းသားသူတွေ အဆင်ပြေစေဖို့
ခစယ(ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ)အတွင်းရေးမှူး
ဆလိုင်းတင်မောင်ဦးနှစ်သက်မဲ့ www.chindict.blogspot.com
အင်္ဂလိပ်မြန်မာချင်းအဘိဓာန်(မီဇိုး၊ လူရှိုင်း၊ ဖလမ်း၊ ဟားခါး)
စုပေါင်းကြိုးပမ်းရေးသားတည်းဖြတ်ဖြန့်ဝေ။
အခု ၂၀၁၀ ဒီဇင်ဘာမှာ နောင်အခါပြည်တွင်းမှာပူးပေါင်းပေါ်ပေါက်နိုင်ဘို့
မင်းအတွက် ဦးသန့်အတွက် UNHCR ဒေလီရောက်ဒုက္ခသည်တွေအတွက် အမှတ်တရ ဦးသန့်စာကြည့်တိုက်နောက်တခု ထပ်မံကြိုးပမ်း။
ပြည်တွင်းအတွက် Aung San Educational နဲ့ ၂၁-ရာစု ပင်လုံညီလာခံ
Project တွေ စာတမ်းတွေ စတင်…………။

+ ဆလိုင်းရေ……၊
မင်းနဲ့ ဆွမ်းခိုင် ငါ့သူငယ်ချင်း၊ ချင်း-၂ ယောက်၊
တယောက်နဲ့တယောက် ရန်ကုန်တက္ကသိုလ် ဦးချစ်ဆိုင်မှာ စကြနောက်ကြတဲ့
“ တို့ ချင်း-ချင်းတွေပဲ” (တို့အချင်းချင်းတွေပဲ) ဆိုတာကို
နောက်ဆုံးအမှတ်တရ အစီရင်ခံ သတိပေးရရင်တော့…..။

မင်းတို့ ချင်း-ချင်း (မင်းတို့ အချင်းချင်းတွေ)
အခု ပြည်ပကိုအထွက်များလွန်းနေပြီ…..၊ နအဖ ထောင်ချောက်ထဲဝင်နေမိကြပြီ…၊
ချင်းပြည်နယ် ပျောက်သွားနိုင်သည်….၊ စာပေနှင့်ယဉ်ကျေးမှုပါ ထိခိုက်နိုင်သည်….၊
ချင်းပြည်နယ်မှာ အခု လူဦးရေ သိပ်နည်းသွားပြီ…..၊
ကလေးသူငယ် သက်ကြီးရွယ်အိုတွေပဲကျန်ခဲ့သည်…..၊
ဦးသန့်အရေးအခင်းခေါင်းဆောင်တဦးဖြစ်တဲ့
ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအရွေးကောက်ခံအတွင်းရေးမှူးဖြစ်တဲ့
အမြင့်ပျံ အောက်ချင်း အာဇာနည် ဆလိုင်းတင်မောင်ဦးမှတဆင့်
ဦးသန့်အရေးအခင်း အမြင့်ပျံအာဇာနည်များမှတဆင့်
အမြင့်ပျံအာဇာနည် မျိုးဆက်သစ်များကိုမျှော်လင့်ရင်း….
သူငယ်ချင်း လန်ထောင်စပ်စုလေးမှ
အချင်းချင်းမို့ မေတ္တာရှေ့ထား အစီရင်ခံပါသည်…..ဟုပဲ….။ ။

(ဤကဗျာရှည်ဖြစ်မြောက်ရေးအတွက် မေ့လျော့နေသည်များ ပြန်လည် သတိရအောင် ပြောပြဖြေကြားပေးခဲ့ကြသော ကိုအေးဝင်း(လမင်းတရာ)၊ ကိုအောင်စောဦး(IRI)၊ Dr သန်းနိုင် (ဆစ်ဒနီ)၊ မလွင်လွင်သိန်း(USA) နှင့် online စာရေးသူအပေါင်းအား အထူးကျေးဇူး
တင်ရှိပါကြောင်းနှင့် ဆလိုင်းတင်မောင်ဦး၏ညီမ မိုင်ပိုပို(ကနေဒါ)ထံမှ အချက်အလက်တချို့ရရှိပြီးပါက ထပ်မံဖြည့်စွက်ပေးမည်ဖြစ်ကြောင်း။)

No comments:

Post a Comment