Wednesday, January 18, 2012

ဒ်ါအောင်ဆန်းစုကြည်၏ မိန့်ခွန်း (မင်္ဂလာတောင်ညွန့်မြို့နယ်NLDရုံးခန်းဖွင့်ပွဲ အခမ်းအနား ၁၇-၁-၂၀၁၂)

ဒ်ါအောင်ဆန်းစုကြည်၏ မိန့်ခွန်း (မင်္ဂလာတောင်ညွန့်မြို့နယ်NLDရုံးခန်းဖွင့်ပွဲ အခမ်းအနား ၁၇-၁-၂၀၁၂)


ရုံးခန်းဖွင့်တယ်ဆိုတာက ပြည်သူတွေရဲ့လိုအပ်ချက်ကို သိနိုင်ဖို့။ အဲဒါသိမှပဲ ပြည်သူတွေရဲ့
လိုအပ်ချက်ကို ပြည်သူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာပါ။ အနှစ်

၂၀ ကျော်အတွင်းကျမတို့တတ်နိုင်သလောက် တော့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါတယ်။ ကျေနပ်လောက်အောင် မဟုတ်ပါဘူး။
 ဒါကို ကျမ၀န်ခံပါတယ်။ ဒါပေမဲ့ အခက်အခဲအမျိုးမျိုးအကြားကနေ လုပ်နေတဲ့အခါကျတော့ ကျမတို့လည်း
မကျေနပ်ဘူး။ ပြည်သူတွေလည်း မကျေနပ်ဘူး။ ကျမတို့ထပ်ပြီးတော့ လုပ်စရာတွေလည်း အများကြီးရှိတယ်။ လုပ်ဖို့ကြိုးစားပါ့မယ်။ အခုဆိုလို့ရှိရင် ကြားဖြတ်ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွှန့်မြို့ နယ်မှာ လစ်လပ်နေတဲ့အတွက်ကြောင့်မို့လို့ NLD က၀င်ပြီးတော့ အရွေးခံမှာဖြစ်ပါတယ်။
 ကျမတို့ကိုယ်စားလှယ်တွေကို ဘယ်လိုရွေးသလဲဆိုတာ ကျမနည်းနည်းရှင်းပြချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့နယ်က ပြည်သူတွေက သိပိုင်ခွင့်ရှိပါတယ်။ ဒီမြို့နယ်မှာ ဒီကိုယ်စားလှယ်ကို
ဘာဖြစ်လို့ အရွေးခံဖို့ ရွေးသလဲဆိုတာ ဘယ်လိုမူတွေနဲ့ ရွေးသလဲဆိုတာ ပြည်သူတွေမှာ သိပိုင်ခွင့်ရှိပါတယ်။ အဲဒါ ကျမ သတိပေးပါရစေ။ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေက အားလုံးကို သိပိုခွင့်ရှိတယ်နော်။ နိုင်ငံနဲ့ပတ်သက်လို့။ ကိုယ်ရဲ့သိပိုင်ခွင့်ကိုလည်း ကိုယ်ကကာကွယ်ရမယ်။ ဘယ်လို ကာကွယ်ရမလဲဆိုတော့ ပထမဦးဆုံးကတော့  မေးခွန်းမေးတတ်ဖို့ပဲ။ တစ်ခုခုဖြစ်ရင် တစ်ခုခုကို အာဏာရှိတဲ့သူတွေ သြဇာရှိတဲ့သူတွေက လုပ်လို့ရှိရင် ဒီလိုပဲ မခံဘဲနဲ့ ဘာဖြစ်လို့ လုပ်တာလဲဆိုတာကိုတော့ သိချင်တဲ့စိတ်ရှိရမယ်။ လုပ်တဲ့အကြောင်း မှန်ရဲ့လား၊ မမှန်ဘူးလားဆိုတာ ပြည်သူတွေက သိချင်တဲ့စိတ်ရှိရမယ်။
အဲဒီစိတ်ပေါ်မှာ အခြေခံပြီးတော့  ကိုယ်ကနေပြီးတော့ ထောက်ခံသင့်တဲ့သူကို ထောက်ခံရမယ်၊ မထောက်ခံသင့်တဲ့သူကို မထောက်ခံရဘူး။ ဒီတော့ ကျမတို့က ကိုယ်စားလှယ်တွေရွေးတဲ့အခါမှာ အခြေခံအားဖြင့်တော့ ပြည်သူတွေက လေးစားမယ့်သူတွေ ပုဂ္ဂိုလ်တွေကို ကျမတို့ ရွေးရတာပေါ့။ ဒီမိုကရေစီအရေးပေါ်မှာ သစ္စာရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ ဒါ ပထမ ကျမတို့ အခြေခံပြီးတော့ ကြည့်ပါတယ်။
ဒါပေမဲ့ ဒါနဲ့တင်မကသေးပါဘူး။ ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ဆိုလို့ရှိရင် နှစ် ၂၀ ကျော် အနစ်နာခံလုပ်ခဲ့လို့ ပြည်သူတွေက လေးစားတဲ့သူတွေရှိတယ်။ ဒီမိုကရေစီပေါ်မှာ သစ္စာထား တယ်ဆိုတာကို အနစ်နာခံချက်တွေနဲ့ သက်သေထူခဲ့တဲ့သူတွေအများကြီးရှိပါတယ်။ဒါပေမဲ့ ဒါကိုပဲကြည့်ပြီး ရွေးတာမဟုတ်ပါဘူး။
အဓိက ပြည်သူ့ကိုယ်စားလှယ်တွေရွေးတယ်ဆိုရင် ပြည်သူတွေအတွက် ဘယ်လောက်လုပ်နိုင်မလဲ။ ပြည်သူတွေရဲ့အကျိုးကို ဘယ်လောက်ထိ ဘယ်လိုနည်းနဲ့ ထမ်းဆောင်နိုင်မလဲဆိုတာကို ကြည့်ပြီးတော့ ရွေးတယ်။ ပညာအရည်အချင်းနဲ့ အလုပ်အကိုင်ကျွမ်းကျင်မှု၊ အလုပ်အကိုင်အတွေ့အကြံကို ကျမတို့ အလေးထားပါတယ်။ ပညာကလည်းရှိမယ်၊ အလုပ်အကိုင် ကျွမ်းကျင်မှုလည်းရှိမယ်၊ အလုပ်အကိုင်အတွေ့အကြုံလည်းရှိမယ်ဆိုမှ ပြည်သူတွေအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးနိုင်မှာပါ။
ဘာဖြစ်လို့လဲဆိုတော့ စေတနာတခုရှိရုံနဲ့မရဘူး၊ လုပ်နိုင် ကိုင်နိုင်တဲ့ အရည်အချင်းရှိဖို့လဲလိုပါတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေကို ဦးစားပေးရွေးမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီတော့ အမျိုးသမီးရွေးမယ်ဆိုတာက နိုင်ငံတစ်နိုင်ငံမှာ အမျိုးသမီးတ၀က်၊ အမျိုးသားတ၀က်ဆိုပါတော့။ တိတိကျကျတော့မဟုတ်ပါဘူး။ အဲဒီလို အင်အားတွေအားလုံးနိုင်မှ တိုးတက်မှုက မြန်ဆန်မယ်။ တိုးတက်မှုက တည်တည်ငြိမ်ငြိမ်ဖြစ်သွားမယ်။ ဒါကြောင့် အမျိုးသမီးတွေကို ဦးစားပေးမယ်။ နောက်ပြီးတော့ တိုင်းရင်းသူ တိုင်းရင်းသားတွေကို ဦးစားပေးမယ်။ ဒီလို ပြောတဲ့အခါမှာ ဗမာဆိုတာလည်း တိုင်းရင်းသူ၊တိုင်းရင်းသားထဲက တမျိုးပဲဆိုတာ သတိပေးချင်ပါတယ်။ တိုင်းရင်းသူ တိုင်းရင်းသားတွေလို့ ပြောတဲ့အခါကျရင် လူများစုမဟုတ်တဲ့ တိုင်းရင်းသူ တိုင်းရင်းသားတွေကို ဦးစားပေး ရမယ်။
 ဒါဟာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ လုပ်တာဖြစ်ပါတယ်။ နောက်ပြီး ကျမတို့ လူငယ်တွေကိုလည်း တတ်နိုင်သမျှ  ရှေ့တန်း ထုတ်ပါ့မယ်။ လူငယ်တွေကို နောက်ဆုံးထားတာက လူငယ်တွေကို အလေးမထား လို့မဟုတ်ပါဘူး။ ဒါပေမဲ့ ပညာတတ်တွေထဲမှာလည်း လူငယ်တွေပါသွားမယ်။ ပညာတတ်တွေ၊ အလုပ်ကျွမ်း ကျင်တဲ့သူတွေထဲမှာလည်း လူငယ်တွေပါသွားမယ်။ အမျိုးသမီးတွေထဲမှာလည်း လူငယ်တွေပါမယ်။ တိုင်းရင်းသူတိုင်းရင်းသားတွေထဲမှာလည်း လူငယ်တွေပါမယ်ဆိုတော့ လူငယ်တွေကို သက်သက်ရယ်လို့ ကျမတို့က မထားဘဲနဲ့ တတ်နိုင်သလောက်တော့ ထည့်မယ်ဆိုပြီးတော့ ကျမတို့ ဒီလို စဉ်းစားထားတာဖြစ်ပါတယ်။ ကျမတို့ မင်္ဂလာတောင်ညွှန့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ အရွေးခံဖို့ ဒေါ်ဖြူဖြူသင်းကိုရွေးထားပါတယ်။ ဖြူဖြူကို ရွေးရတဲ့အကြောင်းကို ရှင်းပြချင်ပါတယ်။

ဖြူဖြူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ လူငယ်ကနေ စပြီးတော့ လုပ်ခဲ့တာပါ။ အမှန်ပြောရင် ကျမတို့ ရုံးမှာ သတိတောင်မှ မထားမိဘူး။ နေ့တိုင်း နေ့တိုင်း ကိုယ့်စရိတ်နဲ့ကိုယ်လာပြီးတော့ အလုပ်တွေလုပ်သွားတဲ့ လူငယ်တွေထဲက တယောက်ပါပဲ။
အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်နဲ့ ဘာမှ အသံမကြားရဘဲနဲ့ အလုပ်ကိုပဲ ကျေကျေပွန်ပွန်လုပ်တဲ့ လူငယ်တွေထဲမှာ ပါပါတယ်။ ၂၀၀၁ ကျတော့ ကုလသမဂ္ဂနေပြီးတော့ HIV/AIDS နဲ့ပတ်သက်လို့ သင်တန်း တွေလုပ်ပေးပါတယ်။ လုပ်ပေးတော့ ကျမကလည်း ကျမတို့လူငယ်တွေလည်း ဒီလိုရောဂါသည်တွေကို ကူညီနိုင်ဖို့၊ ရောဂါမပျံ့ပွားဖို့ လုပ်တဲ့နေရာမှာ တက်တက်ကြွကြွနဲ့ပါဝင်စေချင်လို့ ဒီသင်တန်းကို ကျမတို့ လူငယ်အယောက် ၂၀ လွှတ်လိုက်ပါတယ်။ အယောက် ၂၀ လွှတ်တဲ့အထဲမှာ တကယ်ထူးထူးချွန်ချွန်နဲ့ အားလုံးသိလာတာကတော့ ဖြူဖြူပါပဲ။ ပါရမီလည်းပါတယ်၊ စိတ်ဓာတ်လည်းပါတယ်၊ ပြည်သူရဲ့အကျိုးကို ထမ်းဆောင်ချင်တဲ့ စေတနာလည်း ထက်သန်တာလည်းပါပါတယ်။ လုပ်နိုင်ကိုင်နိုင်တာလည်းပါပါတယ်။
 စေတနာရှိပြီးတော့ မလုပ်နိုင် မကိုင်နိုင်ဆိုလို့ရှိရင် မလုပ်နိုင်မကိုင်နိုင်လို့ရှိရင် ဖြူဖြူက တကယ်ပဲ ပြည်သူ့အကျိုးထမ်းဆောင်ချင်တဲ့ စိတ်ရှိရုံမကဘူး၊ ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာကို သက်သေနဲ့ကို ပြနိုင်လို့ ကျမတို့ ရွေးချယ်လိုက်တာဖြစ်ပါတယ်။ ကျမတို့ရဲ့ ပြည်သူအများစုက ဆင်းရဲမှုနဲ့ ရုန်းကန်နေရတယ်ဆိုတာကို နားလည်ပါတယ်။ ဒီလိုရုန်းကန်နေရတဲ့နေရာမှာ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို နားလည်ပြီးတော့ ပြည်သူတွေရဲ့ ဒုက္ခတွေကို တတ်နိုင်သလောက် ကျဆင်းသွားအောင်လုပ်ပေးနိုင်မယ့် ကိုယ်စားလှယ်တွေကို ကျမတို့ရွေးမှာဖြစ်ပါတယ်။
အခုရွေးကောက်ပွဲမှာဆိုလို့ရှိရင် လစ်လပ်တဲ့နေရာက ၄၈ နေရာပဲရှိပါတယ်။ တချို့ကတော့ ပြောမှာပေါ့။ ၄၈ ယောက်တည်းနဲ့ ဘာလုပ်နိုင်မှာမို့လို့လဲ။လွှတ်တော်ထဲမှာ ၄၈ ယောက်တည်းနဲ့ ဘာလုပ်နိုင်မှာမို့လို့လဲလို့  မေးတဲ့သူတွေရှိတယ်။ ကျမကတော့ ယုံကြည်ချက်ရှိတယ်။ တကယ် စိတ်ဆန္ဒရှိလို့ရှိရင် လူတယောက်တောင်မှ တိုင်းပြည်တပြည်ကို လှုပ်ရှား အောင် လုပ်နိုင်တယ်။ ကျမတို့က ကျမတို့ကိုယ်စားလှယ်တွေမှာ နှစ်ခုရှိသွားပြီ။ တခုက ကိုယ့်ကိုယ် ရွေးချယ်ပေးလိုက်တဲ့ မြို့နယ်အတွက် တာဝန်၊ နောက်တခုက တတိုင်းပြည်လုံးအတွက် တာဝန်။ နှစ်ခုစလုံးကို တပြိုင်နက် ထမ်းဆောင်သွားရမှာပါ။ နှစ်ခုစလုံးကို တပြိုင်နက် ထမ်းဆောင်နိုင်မယ့်သူမျိုး ကို ကျမတို့ရွေးတာဖြစ်ပါတယ်။ ရွေးချယ်တာတွေအားလုံးက အမြဲပဲ မှန်နိုင်မလားလို့ မေးနိုင်ပါတယ်။
မေးရမယ့် မေးခွန်းပဲ။ လုံးဝ တစ်ရာရာခိုင်နှုန်းအာမခံနိုင်ပေမယ့် ဖြူဖြူအတွက်တော့ ရဲရဲကြီး အာမခံနိုင်ပါတယ်။ ပြည်သူတွေကလည်း ကိုယ့်ကိုယ်စားလှယ်တွေကို ကိုယ်ထိန်းထားရမယ်။
မမေ့နဲ့နော် ဒီကိုယ်စားလှယ်တွေက ကိုယ်ရွေးချယ်မှ နေရာရမယ့်သူတွေ၊ ကိုယ့်လက်ထဲမှာ သူတို့ရဲ့ ကံကြမ္မာက ရှိတယ်ဆိုတာ ပြည်သူက အဲဒီလိုယုံကြည်ချက်နဲ့လုပ်ပါ။ ကိုယ်ရဲ့ ကိုယ့်ကံကြမ္မာက သူ့လက်ထဲမှာ မဟုတ်ဘူး။ သူ့ကံကြမ္မာက ကိုယ်လက်ထဲမှာဆိုတာ သိထားပါ။ ကိုယ်ဖြစ်စေချင်တဲ့ ကိုယ်စားလှယ် မျိုးဖြစ်အောင် ပြည်သူတွေက ၀ိုင်းပြီးတော့ လုပ်ပေးရမယ်။ ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် ပြည်သူတွေက ၀ိုင်းပြီးတော့ ထိန်းသွားရမယ်။ ဒါ ဒီမိုကရေစီရဲ့ အရေးကြီးဆုံး အချက်တခုပဲ။
 ဘာဖြစ်လို့လို့ ဒီမိုကရေစီဒီမိုကရေစီပဲလို့ပြောနေလဲဆိုတော့ နောက်ဆုံးတော့ ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ဖို့က ပြည်သူတွေရဲ့ လက်ထဲမှာပဲရှိနေတယ်။ အဲဒါကြောင့်မို့လို့ ဒီမိုကရေစီစနစ်ကို လိုလားတာပါ။ ပြည်သူတွေက ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်ရှိတယ်ဆိုရင် ကိုယ်ရဲ့ ချမ်းသာမှုအတွက်ပဲလုပ်မှာပေါ့။ ဘယ်သူကမှ ကိုယ့်ကိုယ်ကိုယ် ဆင်းရဲအောင်မလုပ်ဘူး။ ဒါကြောင့်မို့လို့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင် အောင်လုပ်ပေးတဲ့စနစ်ကို လက်ခံကြပါ။ အားပေးကြပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။
 ၁ရက်နေ့ကျလို့ရှိရင် ရွေးကောက်ပွဲတွေလုပ်တဲ့အခါကျရင် ငါတို့ရဲ့ ပြည်သူပြည်သားတွေက ငါတို့ရဲ့ ကံကြမ္မာကို အတိုင်းအတာတခုအထိ ဆုံးဖြတ်ပိုင်ခွင့်ရပြီဆိုပြီးတော့ မဲပေးခွင့်ရှိတဲ့သူအားလုံး မဲပေးကြပါ။ မဲပေးတဲ့အခါလည်း ဖြူဖြူကိုပဲ မဲပေးကြပါ။ မဲစာရင်းမပါရင် ကျမတို့အဖွဲ့ချုပ်ကို ပြောလို့ရတယ်။ ပညာပေး အစီအစဉ်များ ပြုလုပ်မည်။ ရပိုင်ခွင့်ဆိုတာ တာဝန်အမြဲဒွန်တွဲနေတယ်ဆိုတာ သတိပေးပါရစေ။ ပြည်သူတွေမှာ မဲပေးပိုင်ခွင့်ရှိပေမယ့်လည်း ကိုယ့်မှာလည်း လုပ်ရမယ့် တာဝန်လေးတွေရှိပါတယ်။ ဒါကြောင့် ကျမတို့ ပညာပေးအစီအစဉ်တွေလည်း လုပ်ပါ့မယ်။ အားလုံးက တတ်နိုင်သမျှ ကိုယ့်မှာ တာဝန်ရှိ တယ်ဆိုပြီး မဲပေးကြပါ။ ငါတယောက် မဲပေးလို့ ဘာထူးမလဲဆိုတဲ့ စိတ်ကို မထားပါနဲ့ ။
လူတိုင်းလူတိုင်းက အရေးကြီးတယ်။ တယောက်ကစမှ တထောင်တသောင်းတသိန်းတသန်းကုဋေကုဋာဆိုတာဖြစ်နိုင်ပါတယ်။ နံပါတ်တစ်က မစဘဲနဲ့ ဟိုးကုဋကုဋာအထိမဖြစ်နိုင်ဘူး။ အဲဒီတော့ တဦးချင်းက ကိုယ့်တာဝန်ကို သိသိနဲ့ မဲပေးဖို့ ဆုံးဖြတ်ကြပါ။ မဲပေးရတယ်ဆိုတာက ဂုဏ်ယူသင့်တဲ့ကိစ္စပါ။ ငါက ငါရဲ့တာဝန်ကို ပြည်သူတယောက်ရဲ့ တာဝန်ကို ကျေပွန်တယ်ဆိုပြီး မဲထည့်လိုက်ရင် ကိုယ်မဲထည့်လိုက်တဲ့ ကိုယ်စားလှယ်က သူ့တာဝန် ကျေပွန်လား၊ မကျေပွန်လားဆိုတာ ဝေဖန်ပိုင်ခွင့်ရှိသွားပြီ။ ကိုယ်က လည်းမဲမထည့်ဘူး၊ ဂရုမစိုက်ဘူး။ ငါနဲ့ မဆိုင်ဘူး ဒီရွေးကောက်ပွဲဆိုပြီးတော့။ နောက်တော့မှ ဒီကိုယ်စားလှယ် ဘာမှ မလုပ်သေးဘူး ပြောလို့ရှိရင် တော့ တာဝန်မဲ့ စိတ်ဓာတ်ထားပဲလို့ထင်ပါတယ်။ ပြည်သူအားလုံးဆန္ဒဖြည့်ဆည်းပေးနိုင်မယ်လို့ ကတိမပေးပါဘူး။ ကြိုးစားမယ်လို့ ကတိပေးပါတယ်။ ပြည်သူကလည်း ကြိုးစားပါ။ တယောက်အပေါ် ယုံကြည်မှုနဲ့ တွဲပြီး လုပ်သွားမယ်ဆိုလို့ရှိရင် ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်သွားမယ်လို့ ပြောပါရစေ။
 ဒေါ်အောင်ဆန်းစုကြည်ကို မင်္ဂလတောင်ညွန့်မြို့နယ် ပြည်သူ ထောင်ဂဏန်းချီက လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ခဲ့ ကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မိန့်ခွန်းပြောနေစဉ်။
မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ဒေါ်ဖြူဖြူသင်းအရွေးချယ်ခံမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုတ်တရက်စကား လူထုသဘောကျ

by Mizzima မဇ္ဈိမ on Tuesday, 17 January 2012 at 19:57
ကိုပေါက် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၈ မိနစ်
 နယူးဒေလီ (မဇ္ဈိမ) ။         ။ အင်္ဂါနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် လာရောက် နားထောင်ကြသော ပရိသတ်ထဲမှ ထိုင်ခုံ ကျိုးကျသည်ကို မြင်၍ ရုတ်တရက် ပြောဆိုလိုက်သော စကားကြောင့် လူထုပရိသတ် လက်ခုပ်သြဘာ ပေးခဲ့ကြသည်။
“ဒီလောက်အများကြီး ဒီခုံလေးပေါ်မှာ တက်နေရင် ပြုတ်ကျမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ရယ်ရွှန်း မှတ်ချက် ပေးလိုက်သည့်အတွက် ပရိသတ်က နှစ်သက် သဘောကျသွားခြင်း ဖြစ်သည်။
ဤသို့ ပရိသတ်သြဘာပေးကြသည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ကျမ ရိုးရိုးပြောတာပါ။ ပြည်သူတွေက ……. အရမ်းဉာဏ်ပြေးတာပဲ” ဟု ထပ်မံမှတ်ချက်ပြုလိုက်သေးသည်။
နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် မြို့နယ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၂၀ ခန့်ကြာ အမှာစကား ပြောကြားခဲ့ရာ “ဒီလို မြို့နယ်ရုံးခန်းတွေ ဖွင့်တာဟာ ပြည်သူတွေနဲ့ နီးနီးစပ်စပ် ဆက်ဆံနိုင်ဖို့ ပါပဲ” ဟု ပြောသည်။
ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် မဖြူဖြူသင်း အား NLD မှ ရွေးချယ်ထားခြင်းနှင့် ပတ်သက်၍လည်း “နေ့တိုင်းနေ့တိုင်း ကိုယ့်စရိတ်နဲ့ကိုယ် လာပြီးတော့ အလုပ်တွေ လုပ်သွားကြတဲ့ လူငယ်တွေထဲက တယောက်ပါပဲ” ဟု မိတ်ဆက်ပေးပြီး ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ကြောင်း သက်သေပြနိုင်တဲ့ အရည်အချင်းနှင့် ပြည့်စုံသည့် အတွက် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။
ပြည်သူများအနေဖြင့် မိမိတို့ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ထားရှိသင့်သည့် သဘောထားမှာ “သူတို့ကံကြမ္မာ ဟာ ကိုယ့်လက်ထဲမှာရှိတယ်။ ကိုယ့်ကံကြမ္မာဟာ သူ့လက်ထဲမှာ ရှိတာမဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ဇန်နဝါရီလ ၅ ရက်နေ့မှ တရားဝင် မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးနောက် ဗဟိုနှင့် မြို့နယ် NLD ပါတီရုံးခန်းများ ပြန်လည် ဖွင့်လှစ်လာခဲ့ကြသည်။
“အနယ်နယ် အရပ်ရပ်မှာ ရှိကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိမိတို့ရဲ့အလံတော်ကို မြို့နယ်အသီးသီးမှာ ဖွင့်လှစ်သွားမယ် ဆိုတဲ့အတိုင်း တနိုင်ငံလုံးဟာ နီရဲသွားမယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု နာယက ဦးတင်ဦး က ပြောသည်။
 ထို့နောက် “ကိုယ်စားလှယ်လောင်းတွေ ရွေးကြပြုကြတဲ့အခါ၊ နေရာ ပေါ်လာတဲ့အခါကျတော့ လူတို့ရဲ့သဘာဝ အတိုင်းပဲ ပူညံ ပူညံ ပူညံ ဖြစ်လာတာပဲ” ဟု ပါတီ နာယကကြီးက ပြောလိုက်ရာတွင်လည်း ပရိသတ် နှစ်သက် သဘောကျကြသည်။
ဇန်နဝါရီ ၁၇ ရက် နေ့စွဲဖြင့် ပြည်နယ်နှင့်တိုင်း ၆ ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ၂၂ ဦးစာရင်းကို ဒုတိယအကြိမ်အဖြစ် ထုတ်ပြန်ကြေညာလိုက်ရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာအတွက် ၄၄  နေရာ ထုတ်ပြန်ကြေညာပြီး ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကိုလည်း အင်္ဂါနေ့ နံနက်က ပြုလုပ်ခဲ့ရာ ဖိတ်စာ ၅၀၀ ဝေခဲ့သော်လည်း ပရိသတ် နှစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပါတီဝင် ကိုမင်းမင်း က မဇ္ဈိမကို ပြောသည်။
“အရင်ပါတီ ရုံးနေရာမှာပဲ လုပ်ပါတယ်။ မင်းကင်း (ဒေါ်ခင်မွှေးလွင်) အောင်နိုင်ရေးအတွက် ကလေးမြို့၊ တမူး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝတို့က ပေါင်းပြီး ၂၁ ဦး စည်းအဖွဲ့ ဖွဲ့စည်းလှုပ်ရှားနေပါတယ်”
တမူးမြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲသို့ ကြံ့ခိုင်ရေးပါတီ၊ တစည ပါတီ၊ ချင်းအမျိုးသား တိုးတက်ရေးပါတီတို့ကလည်း လှိုက်လှိုက်လှဲလှဲ တက်ရောက်ခဲ့ကြကြောင်း၊ စသုံးလုံး၊ SB နှင့် ရဲတပ်ဖွဲ့များက သတင်းလာရောက် ယူခဲ့သော်လည်း အနှောက်အယှက် တစုံတရာမရှိဘဲ ပြုလုပ်နိုင်ခဲ့ကြောင်း ကိုမင်းမင်းက ပြောသည်။

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့်တွေ့ဆုံခြင်း

by May Thingyan Hein on Tuesday, 17 January 2012 at 18:02
မေသင်္ကြန်ဟိန်(ရွှေမြစ်မခ)
ဇန်န၀ါ၇ီလ ၁၈၊ ၊ ရန်ကုန်မြို့။
ဇန်န၀ါရီလ ၁၂ ရက်နေ့ညပိုင်း လွတ်ငြိမ်းချမ်းသာခွင့်သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် ကျမဆီကို ရှမ်းပြည်နယ်က မိတ်ဆွေတော်တော်များများက ဖုန်းဆက်ပြီးမေးကြပါတယ်။
`ကျမတို့ရဲ့ ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ ရော..လွတ်တဲ့ထဲမှာပါပါသလား`တဲ့…
 ရှမ်းတိုင်းရင်းသားတွေက အန်ကယ့်ဦးခွန်ထွန်းဦးကို ချစ်ကြ လေးစားကြပါတယ်။ ပြီးတော့ယုံကြည်မှု အပြည့်အ၀ရှိကြတာလည်း တွေ့မြင်ကြရပါတယ်။ တကယ်ပဲ  ဦးခွန်ထွန်းဦး လွတ်မဲ့နေ့ကို စောင့်ကြိုနေခဲ့ကြတာပါ။
လွတ်ငြိမ်းချမ်းသာခွင့်ပေးတိုင်း တိုင်းရင်းသားထဲကဆို ဦးခွန်းထွန်းဦးတို့ကော ပါသလားဆိုတဲ့ မေးခွန်းကို ရှမ်းတိုင်းရင်းသားတွေသာမက၊နိုင်ငံရေးအသိုင်းအ၀ိုင်းထဲက နိုင်ငံရေးသမားတွေကလည်း အမြဲမေးလေ့ရှိတဲ့မေးခွန်းတခုဖြစ်ပါတယ်။  
ရှမ်းတိုက်ပုံနဲ့ ရှမ်းဘောင်းဘီဝတ်ထားတဲ့ ခပ်၀၀၊မျက်နှာ ပြည့်ပြည့်၀၀၊ ပြုံးလိုက်တိုင်း မျက်လုံးတွေပိတ်မတတ် ပြည့်ပြည့်၀၀ ပြုံးတတ်တဲ့ မျိုးချစ်ပုဂ္ဂုလ်ကြီး ဦးခွန်ထွန်းဦးကို ကျမ ရှမ်းပြည်မှာ နေထိုင်စဉ် ဆယ်ကျော်သက်အရွယ်ကတည်းက ကြားဖူးခဲ့ရတာပါ။
 `ဦးခွန်ထွန်းဦးက တို့ရှမ်းစော်ဘွားမျိုးနွယ်ဝင်လေ..နော့၊ သူက ခေတ်ပညာလည်း တတ်တယ်၊ အမျိုးကိုလည်း ချစ်တယ်၊စောင့်ရှောက်တယ်ဆိုတော့ သူ့ကို ချစ်ကြတာပေါ့လေ`လို့ ရှမ်းသံဝဲ၀ဲနဲ့ ပြောပြတတ်တဲ့ အသံတွေကိုလည်း ကျမ မှတ်မိနေခဲ့ပါတယ်။
၁၉၈၈ခုနှစ် နောက်ပိုင်းကာလတွေ မှာတော့ ရှမ်းတိုင်းရင်းသားတွေရဲ့အမျိုးသားရေးစိတ်ဓါတ်နိုးကြားလာခြင်းနဲ့အတူ အန်အယ်ဦးခွန်ထွန်းဦးတို့ရဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD)ကလည်း ရှမ်းပြည်နယ်၊မြောက်ပိုင်းရော တောင်ပိုင်းမှာပါ အားကောင်းလာခဲ့ပါတယ်။၁၉၉၀ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မှာ  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD)က အနိုင်ရခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ညီလာခံခေါ်ချိန်မှာ SNLD ပါတီက ညီလာခံတက်ခဲ့ကြတာလည်းတွေ့မြင်ခဲ့ရ ပါတယ်။
၂၀၀၅ခုနှစ်ဖေဖော်ဝါ၇ီလ ၉ ရက်နေ့မှာတော့ ပြည်ထောင်စုနေ့မတိုင်မီမှာ ဦးခွန်ထွန်းဦးနှင်အတူ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD)ပါတီက ခေါင်းဆောင်ပိုင်းအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရပါတယ်။
၇ နှစ်ဝန်းကျင်ကြာအောင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်း အရပ်သားအစိုးရလက်ထက်၊ ဇန်န၀ါရီလ ၁၂ ရက်နှေ့၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဦးခွန်ထွန်းဦးအပါအ၀င် ဖမ်းဆီးခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD)ပါတီက ခေါင်းဆောင်ပိုင်းအချို့ကိုလည်း ပြန်လွတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။
အန်ကယ်ဦးခွန်ထွန်းဦးနဲ့ တွေ့ခွင့်ရတဲ့အချိန်မှာတော့ အန်ကယ်က ကျမထင်မှတ်ထားတာထက် အများကြီး ပိုဝနေတာကိုတွေ့ရပါတယ်။ ရှမ်းအကျီာင်္နဲ့ ရှမ်းဘောင်းဘီကို ၀တ်ဆင်ထားပြီးဧည့်ခန်းထဲမှာပဲ ခန့်မိန့်မိန့်ကြီး ထိုင်နေတာပါ။ ဒါပေမဲ့ အန်ကယ့်အပြုံးတွေကတော့ ဟိုအရင်တုန်းကလိုပဲ နုပျိုလတ်ဆတ်နေတာတွေ့ရပါတယ်။
 `အန်ကယ် ကျန်းမာရေးကောင်းတယ်နော်`လို့ ကျမက နှုတ်ဆက်တော့ အန်ကယ်က ကောင်းပါတယ်။ ဒါပေမဲ့ အထဲမှာ နားနည်းနည်းထိခိုက်ခဲ့တယ်လို့ ပြောပါတယ်။
 အန်ကယ့်ဘေးမှာတော့ အန်ကယ် ဦးစိုင်းညွှန့်လွင်ကလည်း ရှမ်းတိုင်းရင်းသား ၀တ်စုံနဲ့ပဲ ထိုင်နေပါတယ်။ အန်ကယ်ဦးစိုင်းညွှန့်လွင်ကတော့ အရင်ကလိုပဲ သိပ်ပြောင်းလဲမှု မရှိလှဘူးလို့ ထင်ရပါတယ်။
 ကျမကို မေးခွန်းတွေ မေးခွင့်ပြုဖို့ တောင်းဆိုပြီးတဲ့နောက်မှာ ကျမမေးခွန်းအချို့ကို မေးမြန်းခဲ့ပါတယ်။
မေး။    ။ အခုလိုလွတ်ငြိမ်းချမ်းသာခွင့် အပေါ် အန်ကယ့် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။    ။ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာထက် လွတ်ပေးတာတောင်နောက်ကျနေပြီ။ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာထက် ကျွန်တော်အနေနဲ့ကတော့ နိုင်ငံတော်ပုန်ကန်မှု့လည်း မရှိခဲ့ဘူး။ ဘာမှလည်းမမှားခဲ့ဘူး။ ၀မ်းလည်းမသာဘူး။ ၀မ်းလည်းမနည်းဘူး။ အပြစ်မရှိပဲနဲ့ဖမ်းတယ်။ လွှတ်ပေးတယ် ဆိုတဲ့ခံယူချက်ပဲ ရှိပါတယ်။
ဆက်လျက်ပြီး အန်ကယ်ဦးခွန်ထွန်းဦးက လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းက စပြီး ပြောင်းလဲနေပြီလို့ ပြောလို့ရပေမဲ့ ထင်သလောက်တော့ မပြောင်းလဲသေးကြောင်း၊ အမှန်တော့ခုထက်မက ပြောင်းလဲဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောဆိုပါတယ်။
ဒါ့အပြင် ယခုလက်ရှိမှာ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးနေချိန်၊ ကချင်တိုက်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ KIA နဲ့ အစိုးရတပ် တိုက်ခိုက်နေချိန်မှာငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ ဘာပြောချင်ပါသလဲလို့လည်း ဆက်မေးမိခဲ့ပါတယ်။
 `စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ စစ်မှန်တဲ့ ဆန္ဒတွေ၊ စစ်မှန်တဲ့ စေတနာတွေ၊ စစ်မှန်တဲ့ လုပ်ဆောင် ချက်တွေ အပေါ်မှာ မှုတည်တာပဲလေ။ ကရင်ကိုလတ်မှတ်ထိုးပေးတယ်။ ကချင်ကို တိုက်နေတယ်။  ယုံလား မယုံလားတော့ မသိဘူး။ ဖားတပိုင်း ငါးတပိုင်း ဖြစ်နေတယ်။ အဲ့တော့ ဒီလိုအနေအထားမျိုးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလို့ ကျွန်တော်က ဘယ်လိုပြောနိုင်မှာလဲ။ လုပ်ကြတဲ့ ပါဝင်ကြတဲ့ ဇာတ်ကောင်အချင်းချင်းကတော့ ညှိုကြပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်အောင် သူတို့ လုပ်ကြရမှာပေါ့` လို့ အန်ကယ် ဦးခွန်ထွန်းဦးက ပြောပါတယ်။
ကျမတို့ တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ကာလတွေက မနည်းခဲ့ပါဘူး။ ခုချိန်ထိလည်း ပြည်တွင်းစစ်တွေ ဖြစ်နေဆဲပါပဲ။ပြည်တွင်းစစ် ဖြစ်တိုင်း စစ်ဖြစ်ပွားရာဒေသက ဒေသခံတွေရဲ့ မျက်ရည်တွေ၊ ဒုက္ခတွေ၊ အသက်သွေးတွေ ပေးဆပ်ခဲ့ရတာလည်း မနည်းလှတော့ပါဘူး။
 ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းတွေရဲ့ အခန်းကဏ္ဍကလည်း မြန်မာ့နိုင်ငံရေးမှာ အရေးပါလာခဲ့သလို၊စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက်လည်း အရေး ကြီးတဲ့အနေအထားမှာ ရှိနေဆဲပဲဖြစ်ပါတယ်။
` အဓိကကတော့ တကယ် ငြိမ်းချမ်းရေး ဖြစ်ချင်တယ်ဆိုရင် ရက်ပေါင်း(၉၀)တန်သည် (၆၀)တန်သည် အပစ်ခတ် ရပ်စဲပြီးတော့ သူတို့ဘာသာသူတို့ လွတ်လွတ်လပ်လပ် ဆွေနွေးပြီးတော့ နောက်ဆုံး ဆုံတွေ့ကြပေါ့။ စကားပြောကြာပေါ့။ အဲဒါအကောင်းဆုံးပါပဲ တကယ့်ငြိမ်းချမ်းရေးကို လိုချင်ဖို့တော့လိုတောပေါ့`လို့ ဦးခွန်ထွန်းဦးက ပြောဆိုခဲ့ပါတယ်။
 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD)ဟာ ၂၀၁၀ခုနှစ်ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ခဲ့ပါဘူး။  အဲဒီအချိန်မှာ ဦးစိုင်းအိုက်ပေါင်းဦးစီးတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်(ကျားဖြူပါတီ)ကိုဖွဲ့စည်းပြီး  ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ရှမ်းပြည်နယ်မှာ ကျားဖြူပါတီက အနိုင်ရရှိခဲ့ပါတယ်။
 အန်ကယ်ဦးခွန်ထွန်းဦးတို့ပြန်လည်လွတ်မြောက်လာချိန်မှာ အန်ကယ်တို့အနေဲ့ SNLD ပါတီကို ဆက်လက်တည်ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်ရှိပါသလားဆိုတဲ့ မေးခွန်းကို ကျမ မေးခဲ့ပါတယ်။
ဖြေ။    ။ ကျွန်တော် ဗဟိုကော်မတီတွေနဲ့ မတွေ့ရသေးတဲ့ အတွက်ကြောင့် ဆုံးဖြတ်ချက်မပေးနိုင်သေးပါဘူး။ ဗဟိုကော်မတီက ဘယ်လိုဆုံးဖြတ်မယ် မသိသေးဘူး။ အတိအကျမဖြေနိုင်သေးဘူး ခင်ဗျ။
မေး။      ။ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တစ်ဦးအနေနဲ့ ရှမ်းတိုင်းရင်းသားတွေ အတွက်ကို ဘာတွေများ ဆက်လက် လုပ်ကိုင် ဆောင်ရွက် သွားဖို့ ရှိပါသလဲ။
 ဖြေ။   ။ မပြီးသေးတဲ့လုပ်ငန်းအချို့ကိုတော့ လုပ်ပေးရမှာပေါ့ဗျာ။ ဥပမာ ရှမ်းပညာရေးတို့ ကိုယ့်ယဉ်ကျေးမှု့ကို ထိန်းသိမ်းတာမျိုးတို့ အဓိကတော့ ကလေး၊လူကြီးပါမကျန် ဒုက္ခပေးနေတာက ဘိန်းပဲ။ ဒါကြောင့် ဘိန်း ပပျောက်ရေး တို့ကို လုပ်ကိုလုပ်ရတော့မှာပါ။ လုပ်ရမဲ့ လုပ်ငန်းတွေပါ။ နောက်ပြီး နယ်စပ်နဲ့နီးနေပြီးတော့ ရှမ်းကုမ္ပဏီကို ငွေလွှဲခွင့်မပေးဘူး။ (၀) ကို ကြတော့နယ်စပ်ကုန်သွယ်ခွင့်ရတယ်ဆိုတော့ အဲဒါမျိုးတွေက မဖြစ်သင့် မဖြစ်ထိုက်တဲ့ အခြေအနေတွေ လေ။ ဒါမျိုးတွေကို ပြောပြီးတော့ လုပ်ယူရဦးမှာပေါ့ဗျာ။
 အန်ကယ်ဦးခွန်ထွန်းဦးက သူ့စိတ်ထဲမှာ ဘယ်လို လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာကို ရှင်းရှုင်းလင်းလင်းသိပြီး ဆုံးဖြတ်ထားပုံရပါတယ်။ သူ့စကားတွေက ပြတ်သားလှပါတယ်။ ရှမ်းတိုင်းရင်းသားတွေအတွက် သူဟာ ခုချိန်ထိ မားမားမတ်မတ်ရပ်တည်နေဦးမယ်ဆိုတာကို သူ့စကားတွေထဲကနေ ကြားနေရပါပြီ။
မေသင်္ကြန်ဟိန်(ရွှေမြစ်မခ)

အစိုးရနှင့် KIO ရွှေလီတွင် နိုင်ငံရေး ဆွေးနွေးမည်

by Mizzima မဇ္ဈိမ on Tuesday, 17 January 2012 at 23:33
အေးလဲ့ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၂ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO တို့ ဗုဒ္ဓဟူးနေ့တွင် နိုင်ငံရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်ဟု KIO က ပြောသည်။
ဦးအောင်သောင်း ခေါင်းဆောင်သော ၁၃ ဦးပါ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့ တနေရာတွင် ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ပြီး KIO ဘက်မှ ၁၂ ဦး ရွေးချယ်ထားကြောင်း KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ပြောသည်။
 KIO အနေဖြင့် အခြားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများကဲ့သို့ ဦးစွာ အပစ်အခတ်ရပ်စဲမည် မဟုတ်ဘဲ နိုင်ငံရေးလမ်းကြောင်းကိုသာ အဓိကထား ဆွေးနွေးမည်ဟု ဦးလနန် က မဇ္ဈိမကို ပြောသည်။
 “အပစ်အခတ် ရပ်စဲရေး ကိစ္စဟာ နိုင်ငံရေး ပြဿနာကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ အကျိုးသက်ရောက်မှုတွေပဲ။ ဒါကြောင့် နိုင်ငံရေးကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းကြမလဲ၊ ခိုင်ခိုင်မာမာနဲ့ အားလုံး ထင်သာမြင်သာ ရှင်းရှင်းလင်းလင်း ဖြစ်မယ့် နိုင်ငံရေးဆွေးနွေးမှု လမ်းစဉ်ကို ကျနော်တို့ အဓိက လမ်းကြောင်း ပေါ်လွင်အောင် အဓိက ဦးစားပေး ဆွေးနွေးသွားဖို့ ရှိတယ်ခင်ဗျ” ဟု ဦးလနန်က ပြောသည်။

၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲထားခဲ့သည့် KIO မှာ ၂ဝ၁၁ ဇွန်လပိုင်းတွင် အစိုးရတပ်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။
 “အပစ်အခတ်ရပ်စဲရေး လုပ်ပြီး နိုင်ငံရေးကို နောက်မှပဲ ပြောဆိုကြမယ်ဆိုတဲ့ဟာက ၁၇ နှစ်ပတ်လုံး ကျနော်တို့ ရရှိခဲ့တဲ့ သင်ခန်းစာအရ ကျနော်တို့အတွက် ဘာမှ အာမခံချက် မရှိဘူးဖြစ်နေတယ်” ဟု ဦးလနန်က ပြောသည်
 “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိနိုင်ရေးအတွက် နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေး ညှိနှိုင်းကာ ဖြေရှင်းသွားနိုင်ရန်” အတွက် ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆွေးနွေးမှု စတင်ဆောင်ရွက်မည်ဟု ဇန်နဝါရီ ၁၇ ရက်နေ့ ရက်စွဲဖြင့် KIO ဗဟိုကော်မတီက သတင်းထုတ်ပြန်ထားသည်။
 ဇန်နဝါရီ ၁၂ ရက်နေ့က အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးခဲ့သည့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက “စစ်တိုက်ရင်း ဆွေးနွေးမယ်ဆိုရင် အခက်အခဲ ရှိနိုင်တဲ့ အတွက်ကြောင့် KIO အနေနဲ့ အဲဒီဟာကို ထည့်သွင်း စဉ်းစားစေချင်တယ်။ ... အကယ်၍ အပစ်ကို ရပ်ပြီးတော့ ဆွေးနွေးမယ်ဆိုရင် ပိုပြီး ချောမွေ့မယ်လို့ ကျနော် မြင်ပါတယ်။ ဆွေးနွေးခြင်းက အကောင်းဆုံး အဖြေပဲလို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။
ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့အား သီးသန့်ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အမိန့်စာကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က KIO ကို ပေးပို့ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဆွေးနွေးခြင်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးအောင်နိုင်ဦး က “KNU က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်သွားတော့ လက်တွေ့နောက်ဆုံး တိုက်နေတာက KIO တခုပဲရှိနေတော့ သူ့တဖွဲ့တည်း ကျန်တော့တဲ့ အနေအထား ဖြစ်သွားတယ်။ ဆိုတော့ KIO အပေါ်မှာ Pressure က တကယ်များလာတယ်။ ”  
“နှစ်ဖက်လုံးက စကားပြောဖို့ ကြိုးစားနေတာတော့ ရှိတာပေါ့နော် ဒါပေမယ့် အခက်အခဲကတော့ ရှိနေတယ်။ အစိုးရဘက်ကလည်း သူ့ပေါ်လစီသူ ရှိနေတယ်၊ KIO ကလည်း သူ့ပေါ်လစီ သူ ရှိနေတယ်၊ ဒါပေမယ့် အောက်ခြေ တပ်မှာဖြစ်နေတဲ့ ပြဿနာတွေကလည်း ရှိတာပေါ့။ ဘယ်လောက်အောင်မြင်မယ် မအောင်မြင်ဘူးဆိုတ ပြောဖို့ ခက်တယ်” ဟု ပြောသည်။
ဆွေးနွေးပွဲအတွက် KIO ကိုယ်စားလှယ်အဖွဲ့ ရွှေလီမြို့သို့ ထွက်ခွါသွားကြပြီ ဖြစ်သော်လည်း အစိုးရ ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိလာမှ ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲ ဖြစ်မြောက်နိုင်သည်ဟု ဦးလနန်က ပြောသည်။
ကချင်ပြည်နယ်နှင့် နယ်စပ် လိုင်ဇာတွင် တိုက်ပွဲဖြစ်ပွားနေရာ နှစ်ဖက် သဘောထား တင်းမာနေသည့်အတွက် ပြည်ပတနေရာမှာ ဆွေးနွေးထားဖို့ ပြင်ဆင်ထားခြင်း ဖြစ်သည်ဟုလည်း ဦးလနန်က ဆိုသည်။
ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို   ဦးအောင်သောင်းနှင့် ဦးသိန်းဇော် ခေါင်းဆောင်ပြီး သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို  ရထားဝန်ကြီး ဦးအောင်မင်းက ဦးဆောင်သည်။  
ဦးအောင်သောင်းနှင့် ဦးသိန်းဇော် ခေါင်းဆောင်သော အဖွဲ့မှ ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နှင့် မိုင်းလား အဖွဲ့တို့နှင့် အပစ်ရပ် သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်သည်။
ဦးအောင်မင်းအဖွဲ့မှ  ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသား တပ်ဦး CNF၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S ) တို့က အပစ်အခတ်ရပ်စဲ သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်သည်။
 ဗုဒ္ဓဟူးနေ့ ၁၈ ရက်နေ့တွေင် တွေ့ဆုံမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ဝင် အမည်များ
 
 သမ္မတရုံးက ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဝင် အမည်များ

No comments:

Post a Comment