Wednesday, February 1, 2012

တွယ်ရာမဲ့


၁။
ချိုင်းထောက်ကြီးနဲ့ ငါ့ကို
လူတွေက နှာခေါင်းရှုံ့ကြတယ်။
၂။
ကစားနေတဲ့ ကလေးအချို့
သနားတတ်တဲ့ မျက်ဝန်းအစုံနဲ့
အနားဝိုင်းအုံလာ
ငါဘာဆိုတာလည်းသိသွားရော

လူသတ်သမား
လူသတ်သမား
ကျေုာင်းသားတွေကို သတ်တာ
ခင်ဗျားတို့တဲ့…။
ဆူဆူဆဲဆဲ
အင်္ကျီဆွဲဖြဲဖြဲသူဖြဲ
ခဲနဲ့ပေါက်သူပေါက်
ဂယောက်ဂယက်ငါ
ယောင်ချာချာလမ်းမထက်မှာ။
၃။
တနေရာမှာ
ကျေးငှက်အချို့ဟာ
မျက်နှာတွေကို
အတောင်ပံများနဲ့အုပ်ကာကြရင်း
ရှက်စရာ….ရှက်စရာ
အဲဒါ ပုရိသရုပ်သေး
အဲဒါ မနုဿခွေးတကောင်ပဲ
ထေ့ ငေါ့ သံပါတဲ့
တေးထံတျာကို
ငါကြားအောင်
တမင်တကာ ဆိုညီးနေရဲ့။
၎။
အို….
ဘာတွေ ဘယ်လိုဖြစ်ကုန်ပြီလဲ
ကမ္ဘာကြီး တိမ်းစောင်းသွားပြီလား
မြန်မာပြည်ကြီး အစိမ်းရောင်းစားခံရပြီလား
ရှေ့တန်းကငါ
ခုမှ…အိမ်ပြန်ရတာပါကွယ်။
၅။
ပန်းခင်းတွေ ခြောက်သယောင်း
လမ်းအိုဟောင်း
ညောင်ညိုရိပ်အောက် စာသင်ကျောင်း
ခေါင်းလောင်းသံတိတ်
ကိုဖိုးရိတ်
ကြိတ်ဘေးမှာ မှိုင်လို့ပါလား။
၆။
အရင်ဆို…
ဒီလိုချိန်ခါ ကျေးရွာ အိုးစည်သံသာ။
အခု
ချိုးကူသံပြေး လူသံဝေ
တေးကဗျာမချို ဆွေးဗျာပုံ။
၇။
ငါဟာ
ငါ့ကိုငါ ပြန်သုံးသပ်နေမိတယ်
ဒေ၀ါလီခံထားတဲ့ ကျမ်းစာကြီးကို
နှစ်ပေါင်းများစွာ
ဖတ်ပေးခဲ့ သူပါလားလို့။
၈။
ဟိုတုန်းကတော့
ရူးရူးမိုက်မိုက်နဲ့မို့
လိုက်သွားမိတာပါ
ဒီတုန်းက
အိမ်နဲ့ကလည်း အဆင်မပြေပဲကိုး
၉။
ခုတော့
ခြေပြတ်ကြီးငါ့ကို
သူတို့ မသုံးလိုတော့ကြဘူး
ချိုင်းထောက်တဘက်
ဖိနပ်တဘက်နဲ့
ပုံပျက်နေတဲ့ ငါ့ကိုမြင်ရင်
အမေငိုချင်သွားမှာ သေချာတယ်။
၁၀။
ဒီလိုနဲ့
ဟိုတွေး ဒီငေးလျှောက်
ခြံပေါက်ဝနားရောက်လို့
“ညီလေးရေ” လို့ ဟစ်ခေါ်လိုက်တဲ့အခါ
အမေဟာ
ငါ့ကိုမျက်နှာဆီ လက်ညှိုးငေါက်ငေါက်ထိုး
“လူသတ်သမားကြီးပြန်လာပြီလား”
မင့်ညီလေး
လူ့အခွင့်အရေးတိုက်ပွဲကြီးထဲမှာ
မင်းတို့သေနတ်ဒဏ်ရာနဲ့
သေသွားရှာပြီတဲ့လေ။
၁၁။
အမှောက်အမှား ရှုပြီလား
ချောက်ကမ်းပါး ကျပြီလား
ပြတ်သွားပြီဖြစ်တဲ့ ခြေတဘက်
ဘယ်သူ့အတွက် ပေးလှူလိုက်တာလဲ
ခုတော့
ခြေပြတ်ကြီး မင့်ကို
သူတို့မသုံးလိုကြတော့ဘူး
ဘယ်သူကမှလည်း
အလေးတယူ မဆက်ဆံချင်ကြတော့ဘူး။
၁၂။
ဥပေက္ခာ လောကသား
မင်းဟာ
တကယ့် ဥပေက္ခာလောကသား
ငါဟာ
ငါ့မျက်နှာငါ လက်ဝါးနဲ့အုပ်ပြီး
အသံကုန် ငိုချလိုက်မိတယ်။

No comments:

Post a Comment