Wednesday, February 1, 2012

ရွေ့ပြောင်းတောင်ယာ

ဘ၀မှာ
ရာသီနဲ့ အတူ၊ အပူ အအေးတွေ
ကြွေခဲ လွင့်မျော၊ အတော မသတ်
သဲထဲ ပြတ်ထင်၊ ဂန္တ၀င် ရုပ်ကြွင်း။
ကက်ဆက်ခွေ အလိုကျ

နားမဆင်နိုင်ခဲ့သူကိုမှ
လူကြီးလူကောင်း ဆန်ကြည့်ပါတဲ့
ပျင်းရိစိတ်ကုန်ဖို့ ကောင်းရှာ
မုသာဝါဒဓာတ်ပြားဟောင်းများ
လက်ပြောင်း လက်လွှဲ၊ အမွေခွဲကြ
ကျဆုံးပါစေ။
ဒီမယ်
ပြုလွယ် ပြင်လွယ်၊ လုပ်ထုံး လုပ်နည်း
ဥပဒေ စည်းမျဉ်း ကြိုးနီ
ချည်တိုင်နွားပုံရိပ်
ပိတ်ဆို့ အမှောင်ချ ပြတင်း၊ ရဲတင်း စုတ်ဖြဲ
ကျားမြီး ဆွဲခဲ့၊ ကာလ တာရှည်။
တောကို ချဉ်း
တောင်ကို နင်း၊ တိမ်ကို ရင်း
လင်းရိပ်မျှော်မော၊ ည မင်တောတွင်။
တောင်တလုံးပြီး
တလုံးလွှား
ကုန်းတကုန်းပြီး
တကုန်းသွား
ဓားတုံးအောင် ခုတ်ထွင်ခဲ့ကြ
စိုက်ပျိုးခဲ့ကြ၊ ရိပ်သိမ်းခဲ့ကြ
သွေးစတွေ ချွေးစတွေ
ပေးလူး စွန်းကွက်၊ ခြေမထက်
ဗွက်ထ နုံးတင်
ဆေးရောင်စုံ မြင်ကွင်းကျယ်။
မိုးကုတ်စက်ဝန်းကို ဆန့်ကျော်
စိမ်ခေါ်ပြေးနေတဲ့
တိမ်ရောင်ခိုးတွေနဲ့
တောင်အိုစိမ်းတွေက
ဘ၀ကိုပဲ
ဆွဲစေ့နေတော့တယ်။  ။

No comments:

Post a Comment