Saturday, February 11, 2012

မှတ်တမ်းဟောင်းနံပါတ် ၃၀


ဟောဒီ မိုးသည်းတဲ့တစ်နေ့မှာ
စတွေ့ခဲ့တဲ့မင်းပုံရိပ်က
ငါ့အာရုံတွေကို ခုချိန်ထိမှောက်မှားဆဲပဲ ။           ။
မင်းနာမည်ကို တစ်ကိုယ်တည်းရေရွတ်လို့
ပြန်ဆုံမဲ့နေ့တွေကိုလက်ချိုးရေတွက်ရင်း
အလွမ်းဆိုတာ ငါ့အတွက်
ပုံမှန်တတ်နေတဲ့ ဒီရေ ။         ။

ဟောဒီမိုးသည်းသည်းအောက်မှာပဲ
ငါ့ရှေ့က ဖြတ်ကနဲ ထွက်ခွာသွားတဲ့မင်းကို
နာကျဉ်းရမှာလား ၊ ခွင့်လွတ်ရမှာလား ?
ခုချိန်ထိ ပြန်လှန်မေးခွန်းတွေနှင့်
ငါ့ညတွေ မိုးမလင်းနိုင်သေးဘူး ။           ။
အတိတ်မေ့သလို ရွှေပျောက်သလိုနှင့်
ငါ့အချစ်ကို နောက်ပြောင်ကျီစယ်
နေသလား ချစ်သူ ..........
တယုတယ ဖူးပွင့်ခဲ့တဲ့ ငါ့အချစ်ကို
လွယ်လွယ်မေ့ပြစ်တာလား
မေ့ပြစ်ဖို့လွယ်တာလား ?
မင်းနှုတ်ခမ်းတွေနှင့်
ညနေဆည်းဆာအောက်မှာ
ဆုတ်ချက်ကြမ်းကြမ်း ရေးဆွဲတုန်းက
ရင်ဘက်တစ်ခုလုံး အုတ်အော်သောင်းနင်း
ဖြစ်သွားတာ မှတ်မိသေးတယ်ချစ်သူ ။          ။
ဘယ်ဘက်ရင်အုံမှာ သစ္စာတရားတို့
နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ချိန်မှ
မင်းထွက်ခွာသွား ရက်တယ် ချစ်သူ  ။         ။
အဲဒီနေ့က ဟောဒီလမ်း (၃၀) ပေါ်မှာ
မိုး / မျက်ရည်တွေ သည်းသည်းကျနေတာ
ပြန်တွေးတိုင်း ငါ့မျက်ဝန်းမှာ
မိုးသည်းတယ် ချစ်သူ ။        ။
ပြန်လာခဲ့ပါ ချစ်သူ
အာရုံတတ်တိုင်း မင်းရဲ့အပြုံးနုနုနှင့်
မျက်နှာသစ်ချင်တယ် ။           ။

No comments:

Post a Comment