Wednesday, February 1, 2012

အကာကိုခွင်း၍

လျှိုမြောင်ချောက်ကမ်း
တောတွင်းစခန်း
တောပန်းလည်းဝေ စမ်းရေလည်းအေး
ငှက်တေးလည်းသာ ကြည်နူးရာလည်း

ရင်မှာအုံနွေး မအေးသောငါ။
တွေးတိုင်းရင်နှင့် ဒေါသဖြစ်ခဲ့
မင်းညစ်ကြီးစိုး ခေတ်ဆိုးတွင်းမှာ
ပူဆာရင်လေး ဘ၀ရေးတွက်
ဟစ်ကြွေးရင်းက မရှုမလှ
ကြွေရတဲ့အသက်
မရေတွက်နိုင်ခဲ့ပြီ။
ယမန်တနှစ် အဖြစ်ပျက်မှာ
တို့ရွာကလေး၊ စစ်ခွေးဝင်မွှေ
ရွာမြေသွေးလွှမ်း မီးလောင်ကျွမ်းခဲ့
ဝမ်းနည်းလှလေ ကမ္ဘာမကြေဘူး။
မျက်စိကိုမှိတ် နားကိုပိတ်ပြီး
တိတ်ဆိတ်နေရ ပြုသမျှကံ
လူ့ဘ၀ဟန်မမှန်ကန်လို့
ငါတော်လှန်ခဲ့ပြီ။
ပလင်ပေါ်ကမြေခွေး
မကြွေသေးခင်ရာဇ၀င်မှာ
ထင်တိုင်းကြဲဦး နေ့သစ်ထူးမှာ
တွန်ကျူးသံသာ ဒေါင်းစကြာနေ
ရောင်ဖြာဝေခိုက် သင်းအမိုက်ဇာတ်
ဆက်ရပ်တည်နေမလားဟေ့။
သေနတ်ကိုင်းရင်း
တောတွင်းနေခြည်မှာ ရေကြည်ကိုသောက်
လွတ်မြောက်ရေးလေပြေကို ကျေနပ်စွာရှူ
ပြည်သူအတွက် အသက်စတေး
သမိုင်းကြွေးကိုဆပ်မည်လေ။

No comments:

Post a Comment