Wednesday, February 1, 2012

ဥူးသုထတောင်ကုန်းထိပ်မှာ

ကြည့်လိုက်စမ်းဗျာ
ခပ်ကြမ်းကြမ်းစီးနေတဲ့ သံလွင်ရဲ့ကွေ့ထဲမှာ
သစ်ရွက်တွေစိမ်းနေတဲ့ ဥူးသုထတောင်ကုန်းထိပ်မှာ
နေရောင်ကလဲစူးရဲရဲပေါ့….။

ကျနော့်ရဲ့ အေကေ လေးဆယ့်ခွန် သေနတ်ပြောင်းဝက
လွတ်မြောက်ရေး တေးသီနေတဲ့ ကျည်ဆံတွေ
အတွဲလိုက်ပြေးတက်နေရဲ့
စိမ်းစိုတဲ့သစ်ကိုင်းတွေ ကျိုးပြတ်ထွက်နေတယ်
နေပူလောင်ကျောက်တုံးတွေ ကွဲအက်လွင့်စင်နေတယ်
ခေါင်းတခြား ကိုယ်တခြား ရန်သူတွေရဲ့အသားစတွေ
တဖွားဖွားနဲ့ ပြန်ကြဲနေတယ်။
ကျနော့်သေနတ်ချိန်ခွင်ကို ကျနော်ကြည့်နေတယ်
ဒါပေမဲ့ ကျနော့်မျက်လုံးတဘက်ထဲမဟုတ်
မျက်လုံးပေါင်းများစွာ
ဟိုဘက်ကို နဲနဲတိုးရွေ့ချိန်လိုက်
ဟုတ်ပြီ ရပ်လိုက်
အသက်ရှူအောင့်လိုက်
ဟုတ်ပြီ ပစ်လိုက်
ကျနော့်ညာဘက်ညှိုးကို ကွေးချလိုက်တယ်
ဒါပေမဲ့ ကျနော့်လက်ညှိုးတချောင်းထဲမဟုတ်
လက်ညှိုးပေါင်းများစွာ….။
ရှစ်ဆယ့်ရှစ် ဩဂုတ် ကိုးရက်ရဲ့
မြောက်ဥက္ကလာတံတားထက်မှာ
အပုံလိုက်ကျဆုံးသွားတဲ့အထဲ
သူ့ညီမလေးနဲ့ ညီလေးအလောင်းကို
အလောင်းပုံထဲ ထားခဲ့လို့
သူ့ကို ကျနော်ထမ်းထုတ်ခဲ့တယ်….။
ငမိုးရိပ်ကမ်းထိပ်က တဲအိမ်လေးထဲမှာ
ရင်ဝကဒဏ်ရာကြီးကိုမေ့နေတဲ့ သူငယ်ချင်းဟာ
မင်းနဲ့ငါ
မိုးချုပ်ရင် ခရီးစမယ်
မှောင်ထဲမှာ ခွေးတွေမမြင်ဘူး
သေနတ်ရတဲ့ဆီ
သူငယ်ချင်း
သေနတ်ကိုင်ထားတဲ့ခွေးရူးကို
သေနတ်နဲ့ ပစ်သတ်ရတယ်
သွားကြမယ်
သည် ညနေမှာ
အားတက်သရော သူပြောအပြီး စကားအဆုံးမှာ
သူ့လက်ညှိုးဟာ
သေနတ်ခလုပ်ကို ယောင်ယမ်းဖြုတ်ရင်း
ပြုတ်ကျသွားလေရဲ့
သူအိပ်ပျော်သွားပြီ
ဆည်းဆာအညို နေအညိုမှာပေါ့
ငှက်တွေကငို ကျနော်ကငိုလို့…။
ငါသွားမယ်
ငါသွားရမယ်
မင်းမပါပေမဲ့ ငါသွားမယ်သူငယ်ချင်း
ကျနော်ကပြောတယ်
မဟုတ်ဘူး
မင်းလဲသွားမယ် ငါလဲသွားမယ်
တို့အတူ သွားကြမယ်…။
ကြည့်လိုက်စမ်းဗျာ
ခပ်ကြမ်းကြမ်းစီးနေတဲ့ သံလွင်ရဲ့ကွေ့ထဲမှာ
သစ်ရွက်တွေစိမ်းနေတဲ့ ဥူးသုထတောင်ကုန်းထိပ်မှာ
နေရောင်ကလဲ စူးစူးရဲရဲပေါ့
ကျနော့် အေကေ လေးဆယ်ခွန်သေနတ်နားမှာ
ဟိုဘက်နဲနဲ တိုးရွေ့ချိန်လိုက်
ဟုတ်ပြီ ရပ်လိုက်
အသက်ရှူအောင့်လိုက်
ဟုတ်ပြီ ပစ်လိုက်
ကျနော်က မောင်းခလုပ်ကိုဖြုတ်ချလိုက်တယ်
ကျည်ဆံတွေ အတွဲလိုက် အတွဲလိုက်ပြေးထွက်သွားလေရဲ့….။

No comments:

Post a Comment