Wednesday, February 1, 2012

ဘောင်မပါတဲ့ မျက်မှန်တလက် သူငယ်ချင်းအတွက်လက်ဆောင်

သူငယ်ချင်း
မင်းဟာစက်ရုပ်
ခလုပ်ကို သူတို့ကိုင်ထားတယ်။
သူငယ်ချင်း
မင်းဟာ စာခြောက်ရုပ်
ကောက်ရိုးမျှင် အစုတ်တွေ
မင်းအသွေးအသားလေလား။

သူငယ်ချင်း
မင်းဟာ ကြေးစား
တန်ဖိုးများစွာ ထိုက်တဲ့
မင်းရဲ့ ဦးနှောက်ကို
အပြောချိုချိုနဲ့
သူတို့ ဖေါက်ထုတ်နိုင်ခဲ့တယ်။
ဒါမှမဟုတ်
ချုပ်နှောင်မှုကင်း
မင်းဦးနှောက်အတွင်းမှာ
မှားယွင်းခိုင်မာသော သစ္စာရှိမှု
ပြုစု ထုဆစ်
သူတို့ ထည့်ပစ်နိုင်ခဲ့တယ်။
မင်းခန္ဓာကိုယ် စက်ရုပ်ကို
ရသ (၆) ပါးဆိုတဲ့ အထဲက
တပါးမှ မပါရှာတဲ့
စောင်းရွဲ့ဘက်တံဆိပ်တွေ တပ်ပြီး
စစ်ယူနီဖေါင်းကြီးတွေ
ဝတ်ဆင်ပေးလိုက်တော့
မင်းခေါင်းမော့နေတာ
အံ့ဩစရာပါပဲ။
မင်းခန္ဓာကိုယ် ကောက်ရိုးမျှင်ထဲ
ကျည်ဆံတခဲ ၀င်သွားလို့
သူတို့ မျက်ရည်မစို့ပါဘူး
အတ္တရူးတို့ သွားမယ့်လမ်း
အသက်လမ်းတွေ ခင်းပေးနေလိုက်တာ
မင်းရဲ့ သစ္စာဟာ
ရင်နာစရာ ဖြစ်နေပြီ။
အကိုဖြစ်သူ ဗိုလ်မှူးကြီး ခင်မောင်ဦး (လေ)
ကြည်းတပ်မှ ဗိုလ်ကြီးသန့်ဇင်၊ ဗိုလ်ကျော်စိုးဝေ နှင့်
ဗိုလ်ဇော်မျိုး အပါအ၀င်၊ ပြည်သူ့တပ်မတော်ဟုခံယူထားသော
နေ၀င်း၊ စောမောင်တပ်မှ သူငယ်ချင်းများ၊ ရဲဘော်များအားလုံးသို့…။
စားဝတ်နေရေးဟာ
ဘယ်လောက်အရေးပါကြောင်း
လူတိုင်း ကောင်းကောင်းသိပါတယ်
ရော့ ဆိုပြီးပေးတဲ့
လစာထုတ်မယ့်ရက်မှာ
များစွာသော ငွေစက္ကူတွေထက်
တန်ဖိုးတက်နေတဲ့ အရာ
မြင်အောင်ရှာပါ သူငယ်ချင်း…။
မင်္ဂလာဒုံ စစ်ဆေးရုံက
ဘုမသိဘမသိဆရာဝန်
မင်းမျက်ခွံကိုဖြဲ
အမည်းရောင်မျက်စဉ်း ခတ်လိုက်တော့
မင်းအမြင်လဲ အမှောင်အတိပေါ့လေ။
သူငယ်ချင်း
မြူနှင်းတွေ မကျတဲ့ရက်
တစ်မနက်မှာ
နေထွက်ရာ ဘက်သို့
မျက်နှာမူလို့ ကြည့်လိုက်ပါ
အရှေ့ ဆိုတာ
ဘယ်ဘက်မှာ ရှိပါသလဲ
မင်းပုခုံးထက်
ရွှေရောင်လက်နေတဲ့ ကြယ်ပွင့်တွေဟာ
ကောင်းကင်ပေါ်မှာ ရှိရဲ့လား။
စဉ်းစား….သူငယ်ချင်း။

No comments:

Post a Comment