Monday, February 20, 2012

   မြစ်လို သစ်ပင်လို မိုးလိုလူ (ခင်မာလာကြာဖြူ)


 အသက်နှင့် အမျှ အတွေးအခေါ်တွေ ပြောင်းလဲသွားတာကို အသက်ရှည်မှပဲ သိနိုင်ပေမည်။
ငယ်စဉ်က လက်ခံကျင့်သုံးခဲ့တဲ့ အကျင့်များစွာဟာ ယခုအချိန်မှာ တစ်မျိုးဖြစ်သွားတယ်။ ဒါက ပုဂ္ဂလိက အယူအဆမို့ ငယ်စဉ်မှသည် ယခုထက်တိုင် ကျောက်တိုင် ကျောက်သားပမာ အကျင့်များခိုင်မြဲနေသူများ ကိုတော့ မဆိုလိုပါ။


        စင်စစ်မူ မိမိသည် အပြောင်းအလဲမြန်သူများထဲတွင် မပါ။ ပြောင်းလဲရမှာ ကိုလဲ ကြောက်သူဖြစ်ပါတယ်။ သို့ရာတွင် ငြီးငွေ့တတ်သူ သံဝေဂ ရတတ်သူ ဖြစ်နေပြန်တော့ “အဘယ်အရာမှ ထာဝရ မရှိ” ဆိုသောဗုဒ္ဒ၏ အလိုကို ကြည်ညိုသူလည်း ဖြစ်ပြန်သည်။

          ထမင်းစားပန်းကန်၊ ကော်ဖီခွက်၊ သောက်ရေခွက်များကို ငယ်စဉ်ကကွဲမှာ အလွန်စိုး၏ ။ ကွဲလျှင်ပြန်ဝယ်ရပါမူ ပိုက်ဆံ ကုန်လိမ့် မည်ဟု ထင်စွဲလျက် ကွဲသွားတဲ့ အခါနှမျောမဆုံးတော့။

          ယခုအချိန်မှာ ဒီပန်းကန်နှင့် စားလာတာ ကြာပြီ၊ ထည့်စားဖို့ မပြောနဲ့ မြင်ပင် မမြင်ချင်တော့။ ထိုအခါ မမြင်တဲ့နေရာမှာထားပြီး အသစ် အသစ် သောပန်းကန်များကို ဝယ်ကာသုံးပါသည်။ ကော်ဖီခွက်ကိုလည်း သည်အတိုင်းပဲ လုပ်ပါသည်။ သည်အခါမှာတော့ ယခင်လို အစုံလိုက်မဝယ်တော့၊ ကိုယ့်ဖာသာ စားဖို့ တစ်ချပ် နှစ်ချပ် လက်ဖက်ရည်ပန်းကန် တစ်စုံ နှစ်စုံ ပုံဆန်းသောပန်းကန်များတစ်မျိုး
စီဝယ်ကာ ကိုယ်တစ်ယောက်တည်း ထည့်၍ စားတော့သည်။

          ထို့အတူပင်တခါက ရေးခဲ့ သလို “ပေးကမ်း၍ ကုန်သွားသည်မရှိ” ဆိုသောဒသ၁န ကိုယခုအခါ အလွန်နှစ်သက်စွာ ကျင့်သုံးနေပြန်၏။ ထူးဆန်းစွာပဲ ဆီတပုလင်းလှူလျှင် ဆီတပုံး ပြန်ဝင်လာတာကိုတွေ့တော့ အံ့သြမဆုံးတော့။ ဘာအနှောင်အဖွဲ့မှ မပါတဲ့ပေးကမ်းခြင်းများဟာ အလွန်နှစ်လိုဖွယ်ကောင်းလှပါ၏။

          မိမိအိမ်ရှေ့မှာလမ်းခင်းနေပါသည်။ အလုပ်သမားများ ကတ္တရာစေးကြို၊ ကျောက်ခဲသယ်၊ နေပူထဲ အဆောင်းမပါ ဗလာနဲ့ လုပ်နေတာတွေ့တော့ အိမ်ထဲနေပြီး ကတ္တရာစေးနံ့ ညှော်လှချည့်ဟု ဒေါမနသ၁ ပွားသမျှ စိတ်မကောင်းဖြစ်ရပြန်သည်။ သူတို့ကို ဘာလေးလုပ်ပေးလျှင်ကောင်းမလဲ တွေးရတာလည်း အမောပါပဲ။

          တညနေ သား ကားထုတ်တာစောင့်ရင်း သူတို့ မိမိတို့ အိမ်ရှေ့မှာကျောက်ခဲ စီနေတာတွေ့တော့       
          “သမီးတို့ ဘယ်နှစ်ယောက်လဲ” ဟု မေးမိလျက်သားဖြစ်သွားသည်။
          “နှစ်ဆယ့်ငါးယောက်” ဟု ပြန်ပြောသံ ကြားအပြီးမှာတော့ လက်က ပိုက်ဆံအိပ်ကို ကိုင်မိတော့သည်။
          နှစ်သောင်းငါးထောင်ရှိလောက်တယ် ထင်တာကြောင့်
          “ရော့ နင်တို့ တစ်ယောက် တစ်ထောင်ယူ၊ ဝေပေးလိုက်နော်” ဟုပြောပြီး ပိုက်ဆံရေကာပေးလိုက်တာ သူတို့မျက်နှာမှာ အပြုံးမြင်ရတာထက်၊ ငါလုပ်ပေးချင်တာ နိုင်သလောက် လုပ်ပေးလိုက်တယ် ဆိုတဲ့ စိတ်ကလေးက မိမိရင်ထဲ ပို၍ အပြုံးပန်းတွေ ဝေသွားပါတယ်။

          ယခင်ကဆို နှမြောမှာပဲ၊ ဒီနှစ်သောင်းငါးထောင် ငါအဝတ်ဝယ်ဝတ်ရင် ရတယ်။ ဈေးဖိုး တစ်ပါတ်စာ ရတယ်ဆိုပြီး ပေးဖြစ်မယ် မထင်ဘူး။ ခုတော့ ပိုက်ဆံက ဆေးခန်းထိုင်တော့ ပြန်ရတယ်။ သမီးတွေ ကလည်းကန်တော့တာ ဘာမှသိပ်မသုံးဖြစ်ဘူး။ သီတင်းကျွတ် သူများလာကန်တော့ထားတဲ့ နှစ်ထည်ကလည်းဝတ်ဖြစ်မှာမဟုတ်တော့ ရောင်းခိုင်းထားတယ်။ အဲဒါရောင်းဖြစ်ရင် သုးံသောင်းလောက်ရမှာ၊ ငါဘာမှ မစိုက်ရဘူးဆိုပြီး ပေးချင်တာပေးဖို့ အကြောင်းပြချက်တွေဟာ အစီ အရီ ပေါ်လာတယ်။ ပေးပြီးပျော်လာတယ်။

          ငယ်စဉ်က ငါဟာ ကံဆိုးလိုက်တာဟု ထင်ခဲ့ သမျှ၊ တတိယ အရွယ်မှာ ပေးကမ်းခြင်း၊ စွန်လွှတ်ခြင်း ကို ကျင့်သုံးနိုင်တာ ကံမဆိုးဘူးပဲ။ ဒီ အရွယ်ကြီးကျမှာလိုချင်နေတာ တွယ်ညိနေတာတွေ များရင်တော့ ကံဆိုးတာပဲ ဆိုပြီး မိမိကိုယ် မိမိ ကျေနပ်နေပြန်တယ်။ မိမိကိုယ် မိမိ တသက်လုံးမကျေနပ်ခဲ့တာ။ ခုတော့ဒီလိုမဟုတ်တော့ဘူး။ မိမိကိုယ်ကို ကျေနပ်ခြင်းဟာ ငြိမ်းချမ်းခြင်း တစ်မျိုးပဲမို့လား။

          ငွေကြေးကို ဘာလို့ ပေးဖို့ မတွန့်တိုတော့တာလဲ ဆိုတာ ပြန်စဉ်းစားမိတယ်။

          ဆယ်တန်းမအောင်ခင်က အမေတို့နဲ့နေစဉ်မှာ “ငွေ” ဟာအရေးကြီးဆုံးဟု ထင်သည်။ ထင်မည့် သာထင်သည် “ငွေ” ကိုင်ဖူးတာလည်းမဟုတ်။ ဘာကြောင့် ထင်သွားလဲ ဆိုတော့ တစ်နေ့တစ်နေ့ အမေဟာ ငွေကို ရေတွက်ပြီးပေးလိုက် ယူလိုက် လုပ်နေတော့ ငွေဟာမရှိမဖြစ်လိုအပ်သောအရာဟု ထင်မြင်သွားတာဖြစ်မည်။ ငါးတန်း ခြောက်တန်း လောက်ပဲ ရှိဦးမည်၊ အစိုးရက “ရာတန်” တွေ ပြန်လဲခိုင်းတော့ အမေ နဲ့ အဖေ အလုပ်ကိုရှုပ်နေတာ တွေ့ရသည်။ မိမိ အစ်ကို၏ မိတ်ဆွေ တက္ကသိုလ် ဆရာတစ်ယောက် အိမ်မှာ လာနေတာ၊ သူ့ ကိုလဲ ငွေလဲခိုင်းပြီး အဖေက ပတ္တမြားလက်စွပ်တစ်ကွင်း လက်ဆောင်ပြန်ပေးတာ ကိုမှတ်မိသည်။ အဲသည်တုန်းက “လဲ” သလောက်ပြန်ရသေးတာမို့ လုံးဝ “မည်း” သွားတာ မဟုတ်။ ပိုက်ဆံဟာ စက္ကူပဲ ဆိုတဲ့ အသိမရသေး။

          မိမိ အလုပ်လုပ်တော့ တစ်လ ဘယ်လောက်ရယ်မဟုတ်၊ မိမိလက်ထဲ ရောက်လာသမျှ သစ်သော ပိုက်ဆံတွေကို ပုံးတစ်ပုံးထဲ ထည့်ထားမိသည်။ သောင်းချီပြီးရှိတာတော့ မဟုတ်၊ ဘယ်လောက်မှန်းလဲ မရေကြည့်ဖြစ်။ လုံးဝ “မည်း” သွားတော့ ပုံးပါလွှတ်ပစ်လိုက်ရော။ သည်တစ်ခါတော့ လုံးဝ တရားမဝင်ကြေငြာလိုက်တာမို့ ပြန်လဲလို့လဲ မရတော့ဘူးလေ။ အဲဒီ အချိန်ကစ၍ ပိုက်ဆံအသစ်ကို မစုတော့ပေ။

          “ပိုက်ဆံဟာ ချစ်ဖို့မကောင်းပါလား ဆိုတာ နည်းနည်းတော့ သိလာချိန်ပေါ့”

          ဒါပေမယ့် ပိုက်ဆံကို စုမြဲ ရေမြဲ သိမ်းမြဲပင်။ အရေားအကြောင်းအတွက်ပေါ့။ အဲဒီတုန်းက အိမ်ပိုင်လည်း မရှိတော့ အိမ်အတွက်လည်း စုတာလည်းပါသည်။

          ၁၉၉၇ မှာ သားကြီးကားတိုက်တော့ ကုန်လိုက်ရတာ စုထားဆောင်းထားတာရှိလို့ တော်သေးတာပေါ့။ မဟုတ်ရင် အကြွေးတင်မှာပါ။

          ဒီအခါမှာ ငါစုဆောင်းထားတဲ့ ပိုက်ဆံ အရေးအကြောင်းကျတော့ အသုံးကျတယ်၊ ငါဆက်စုမယ်ဆိုတဲ့ စိတ်သိပ်မရှိတော့။ အသုံးကျလို့လဲ ချစ်စရာကောင်းတယ် မထင်။ လိုချင်စိတ်ပိုလာသည်မဟုတ်။ သံဝေဂ ဘာရသလဲ ဆိုတော့

          “ဘယ်လောက်စုစု ကုန်ချိန်တန်တော့ ကုန်တာပဲ” ဆိုတဲ့ အသိတစ်ခု ရလိုက်တယ်။
ဒါပေမယ့် ကလေးတွေ ရှေ့ဆင့်နောက်ဆင့် တက္ကသိုလ်တက်ချိန် ဘာမှ မစုနိုင်တော့တာ၊ တစ်လ တစ်လ အလျင်မီအောင် ပို့နေရသည်။ ဆေးကျောင်းနှစ်ယောက်တက်တယ်။ ကားပေးထားရတယ်။ ထမင်းချက်တဲ့ အစ်မကို ပို့ထားရတယ်။ စရိတ်က ကုန်သင့်တာထက် ပိုကုန်တယ်။ ပိုက်ဆံဆိုတာ လက်ထဲမှာ ပူအောင်ပင် မနေတော့။ အဲဒီမှာ ဘာသံဝေဂ ရပြန်သလဲဆိုတော့

          “ကုန်တာကောင်းတယ်၊ ကုန်တော့ အေးရော၊ ရှိပူရသေး” ဆိုပြီး ပိုက်ဆံကို ဥပက္ခာရှုလိုက်ပြန်ရော။

          သားနှစ်ယောက် ကျောင်းပြီးပေမယ့် အကြောင်းကြောင်းကြောင့် အလုပ် မလုပ်နိုင်သူများ ဖြစ်နေတယ်။ ဒါပေမယ့် ငွေ မပို့ရတော့ မိမိရှာတဲ့ ငွေဟာ ပိုလာပြန်ရော။ ပိုက်ဆံ ကိုလက်ပူအောင် ကိုင်ရတဲ့ အချိန်မှာ အိမ်ကလဲ ရပြီ၊ ကလေးတွေ တွက်လည်း ကုန်စရာ မရှိတော့တဲ့ အချိန်မှာ မိမိဟာ ငွေကို စိတ်ကုန်ချိန်ဖြစ်လာတယ်။

          အဲဒီမှာ ငွေကို ပြန်သုံးပစ်ဖို့ စိတ်ကူးစတာပါပဲ။ တတိယအရွယ်ရောက်ပြီ။
          စိန်လည်း မလိုချင်တော့။
          အိမ်လည်း ရှိပြီ။
          သားနှစ်ယောက် တင့်တင့် တယ်တယ် နေနိုင်အောင်လည်း စီစဉ်ပြီးပြီ။

          ဒါဆိုရတဲ့ ပိုက်ဆံထဲက သုံးပြီး ပိုတာတွေ ဘာလုပ်မလဲ၊ အိမ်ပြင်တယ်၊ ကားပြင်တယ်၊ ကလေးတွေ သုံးဖို့ ပေးတယ်။ တစ်ခါတရံ မိမိလိုအပ်တာ အနည်းအကျဉ်းဝယ်တယ်။ အဲဒီ အချိန်မှာ လောက နီတိ ရဲ့ စာတစ်ပုဒ်ကို ဖတ်မိချိန် ပိုငွေကို ဘာလုပ်ရမလဲ ဆိုတာ သိသွားပါတယ်။

          Rivers never drink their (own) water;
          Trees never eat their (own) fruit;
          Rain never eat the crops;
          The wealth of virtues is for the benefit of others.

          “မြစ်တို့သည် မိမိရေကို မိမိပြန်၍ မသောက်။
          သစ်ပင်တို့သည် မိမိ အသီးကို မိမိ ပြန်၍မစား။
          မိုးတို့သည် မိမိ အသီးကို မိမိ ပြန်၍မစား။
          သူတော်ကောင်းတို့ ဥစ္စာသည် သူတစ်ပါးအကျိုးအတွက်သာတည်း။”

ဖတ်မိလျှင်ဖတ်မိချင်းပင် သဘောမှာနှစ်သိမ့် လို့သွားတော့သည်။
          မိမိရေ ကို မိမိ မသောက်သော “ မြစ် ” ဖြစ်လို၏။
          မိမိအသီးကို မိမိပြန်မစားသော “သစ်ပင် ” ဖြစ်လို၏။
          မိမိ သွန်းလောင်းသော ရေဖြင့် ရှင်သန်ခဲ့ရသော ကောက်ပဲသီးနှံတိုကို
          တစ်ခါတရံမျှမစားသော “ မိုး ” ဖြစ်လို၏။
          မိမိဥစ္စာသည် သူတစ်ပါးအကျိုးအတွက် သုးံသောသူ ဖြစ်လို၏။
          ဖြစ်လိုပါ၏။

          ထမင်းရည်ချောင်းစီး အလှူ အတန်းကြီး ပေးသူ မဖြစ်မူလည်း မိမိ တနိုင် သူတပါးကို ပေးသူဖြစ်လျှင်လည်း ကောင်းသည်ပင်။
          ဤသည်မှစ၍ ဆိုက္ကားစီးလျှင် တောင်းတာထက် ပိုပေး၏။ ဟင်းရွက်ဝယ်လျှင် ပိုငွေ ပြန်မတောင်းတော့။ အိမ်မှာ အလုပ်လာလုပ်သူများကို ပေးသင့်တာထက် ပိုပေး၏။

          အိမ်က လူကြီးသူမ များကတော့ ဒီလိုလက်ဖွာနေ၊ ဘာမှ စုမိမှာမဟုတ်ဘူး ဟုပြော၏။

          သည်အကြောင်းကြောင့် တစ်ခါမှ တွေဝေသွားသည်မရှိ။ ယုံကြည်ချက်ပြင်းထန်တော့ ပြတ်သားသည်။ မိမိသည်ပင် တစ်သက်ပတ်လုံး သည်လိုတွေး သည်လိုထင်ပြီး တစ်ပြားကို နှစ်ပြားခွာခဲ့ဖူးပါသည်။ ခွာလို့လည်း မရဘဲ ရှိဥစ္စာကို ကျစ်ကျစ်ပါအောင်စု၊ မစားရက် မသုံးရက် မလှူရက် မတန်းရက် သမျှ ဥစ္စာစောင့် သဖွယ် ဖြစ်ခဲ့ဖူးသည်။ အဲဒီဝဋ် ဘယ်မှာကျွတ်သလဲ ဆိုတော့

          အူအတက်ပေါက်တာ အလွန်နာပါသည်။ နာတယ်၊ နာတယ် အော်နေရာက ဘယ်လို ဆေးရုံ ရောက်သွားမှန်းမသိ။ ဟိုကျတော့ နှာခေါင်းပိုက်ထည့်၊ ဒရစ် သွင်း၊ လက်ဝတ်လက်စားချွတ်၊ ဘာလုပ်လုပ် ဘာမှ စိတ်မဝင်စားတော့၊ နာတယ် နာတယ် ဟူ၍သာ မှတ်နေလိုက်တာ။ ခွဲခန်းဝင်တော့လည်း ခါးဆစ်ထဲမှာ ဆေးထိုးပြီးခွဲတာမို့ အားလုံးသိနေ၊ ဒုက္ခ ဆိုတာ အပြောမဟုတ် လက်တွေ့သိရချိန်မှာ သံဝေဂတွေ ပွားမဆုံးတော့။

          ယခင် အိမ်မှ ထွက်မယ်၊ ခရီးသွားမယ် ဆို ရှိသမျှပစ္စည်းတွေ သိမ်း၊ သော့ခတ်၊ သော့အပ်တန်အပ် မှာတန်မှာ လုပ်နေပေမယ့် စိတ်က အိမ်နဲ့ ပစ္စည်းဥစ္စာ မှာ စွဲကျန်နေခဲ့တာ၊ ခရီးသွားရင်းသေသွားခဲ့သော် အဲဒီ အိမ်မှာပြန်နေပြီး ကျွတ်တော့ မည်မထင်။

          ခုဆေးရုံမှာ ဘာမှမတွေးနိုင်။ နာတာပဲ သိတော့ နာရုံမျှနဲ့ အားလုံးကို မေ့သွားနိုင်တယ်။ သေရင်အားလုံးထားခဲ့ရမှာ။ ယခုလိုမှာချိန် သိမ်းချိန်ပင်မရှိ။ အယူလွဲလို့ ပြိတ္တာပင် ဖြစ်နိုင်ပါသေးလားဟု တွေးပြီးတုန်လှုပ်ချင်းမက တုန်လှုပ်မိတော့သည်။ ဆေးရုံက ဆင်ချိန်မတော့ အဲဒီပစ်ထားခဲ့တဲ့ ပစ္စည်းတွေ ဖွင့်၍မစစ်တော့။ ပစ်ထားလိုက်မြဲ ပစ်ထားလိုက်တော့သည်။ အဲဒီမှာ တစ်ခါပြတ်တာပါပဲ။

          ဥစ္စာရဲ့ကျွန်၊ ငွေရဲ့ကျွန် အဖြစ်မှ လွတ်သွားအောင်လုပ်တဲ့ “ဒုက္ခ” ဆိုတာကို မမုန်းတော့။ ဘာမှ တွယ်ငြိစရာ မရှိတော့တဲ့အခါ စွန့်လွှတ်ဖို့ သိပ်အားထုတ်စရာ မလိုတော့။

          ထိုအခါ မြစ်ကဲ့သို့ သစ်ပင်ကဲ့သို့ မိုးကဲ့သို့ သူတော်ကောင်းကဲ့သို့ ကြိုးစားကျင့်ကြံလိုစိတ်များ တဖွားဖွားပေါ်ပေါက်ခဲ့ရတော့သည်။

          ငယ်စဉ်က ယူလို၊ သိမ်းပိုက်လို၊ စုဆောင်းလိုသော အကျင့်မှသည် အသက်ကြီးလာတော့ စွန့်လွှတ်လိုစိတ်ဆီသို့ တက်လှမ်းဖို့ ကြိုးစားနေပါတော့သည်။

          ပြောင်းလဲသွားသော အတွေးအခေါ်တစ်ခုရှိသေးသည်။

          ကောင်းမှု အကျိုးးသည် သုခ
          မကောင်းမှု အကျိုးသည် ဒုက္ခ
ဟု တစ်သက်လုံး ယုံကြည်ထားခဲ့ပါသည်။

          “ မကောင်းမှု ” ၏ အကျိုးသည် အချိန် အတိုင်းအတာ တစ်ခုအတွင်း “ ဒုက္ခ ” မဖြစ်သွားသည်ကိုလည်းကောင်း၊
          “ ကောင်းမှု ” ၏အကျိုးသည် အချိန်အတိုင်းအတာ တစ်ခု အတွင်း “ သုခ ” မဖြစ်ရသည်ကိုလည်းကောင်း တွေ့ဖူးကြုံဖူး ကြပေမည်။

          ထိုအခါ ဆရာပါရဂူ ဘာသာပြန်သော “ သူလိုဘုရင် ”  စာအုပ်ကိုဖတ်စဉ် စာတပိုဒ်ကို တွေ့ပါသည်။

          “ ဒုက္ခရောက်တာ မကောင်းမှု အကုသိုလ်ရဲ့ အကျိုးအာနိသင် သက်သက်သာ ဖြစ်တယ် ” လို့ ဘယ်သူပြောလဲ။
          “ ကုသိုလ်ကောင်းမှုနှင့် တရားမျှတမှုရဲ့ အကျိုးအာနိသင်ဟာလည်း ဆင်းရဲဒုက္ခ ဖြစ်နိုင်တာပဲ ”
          “သူတော်ကောင်း သူမြတ်လောင်း အမြောက် အများဟာ တစ်သက်လုံး ဒုက္ခကြီးစွာနဲ့ပဲ နေထိုင်သွားကြတယ် မဟုတ်လား ”
          “ အမှန်တော့ တရားမှုရဲ့ အကျိုးအာနိသင်ဟာ ချမ်းသာသုခ မဟုတ်ဘူး၊ တရားမှုရဲ့ အကျိုးအာနိသင်ဟာ တရားမှုသာလျှင်ဖြစ်တယ် ”
          “ ကောင်းမှုရဲ့ဆုလာဘ် ဟာ ကောင်းမှု ဖြစ်တယ် ”

          ဟူသော စာများကို ဖတ်မိသည် ခဏ မြစ်ကဲ့သို့ သစ်ပင်ကဲ့သို့ မိုးကဲ့သို့ သူတော်ကောင်းကဲ့သို့ ကျင့်လို့ သုခတွေသာ တစ်ထွေးကြီး ရလိမ့်မယ်လည်း မမျှော်လင့် စကောင်း ဟုသိလာသည်။
          “ ကောင်းမှု ” မြတ်နိုးသူအဖြစ်နှင့်ပဲ “ ကောင်းမှု ” ကို ပြုသင့်သည်။ တစ်ခြားဘာမှ မလို ဟူ၍ဆင်ခြင်မိသည့် ခဏမြစ်လို သစ်ပင်လို မိုးလို ကျင့်ဖို့ ကြိုးစားပါဦးမည်။

အတွေးအမြင် (၂၀၂)၊ ဇန်နဝါရီ၊ ၂၀၀၉

(ဆရာမောင်ဝံသ ၏ အမှာစာဖြင့် ဒေါင်းစာပေ မှ ထုတ်ဝေသော မြစ်လို သစ်ပင်လို မိုးလိုလူ ဆောင်းပါ အပါအဝင် ၄၇ ပုဒ်သော ဆောင်းပါးတို့ ပါဝင်သည့် မြစ်လို သစ်ပင်လို မိုးလိုလူ စာအုပ်မှ ကူးယူဖြန့်ဝေခြင်းဖြစ်ပါသည်။
ကျမ စေတနာထားရပါသော နီးသော ဝေးသော မိတ်ဆွေများဖတ်စေလိုသောဆန္ဒ ဖြင့် မျှဝေလိုက်ရခြင်းအားနားလည်မှုပေးနိုင်ကြလိမ့်မည်ဟုယုံကြည်ပါသည်။)

No comments:

Post a Comment