Saturday, February 11, 2012

           ပြ ည်တော်ပြန်များ နိုင်ငံသားပြန်လည်ခံယူခွင့်ရှိ ဟု အစိုးရကပြော
                                                                                  

ပြည်တော်ပြန်များ နိုင်ငံသားပြန်လည်ခံယူခွင့်ရှိ
ဟု အစိုးရကပြော
၂၀၁၂ နှစ်ဆန်းမတိုင်မီမှာ ပြည်ပက မြန်မာ့အရေးလှုပ်ရှားသူများ၊ ပညာရှင်ဆိုသူများက ပြည်တွင်းသို့ မိမိတို့ အစီအစဉ်အသီးသီးနဲ့ ၀င်ရောက်ခဲ့ကြပါတယ်။ ၎င်းနောက် ၂၀၁၂ နှစ်ဆန်းမှာတော့ ပြည်ပအခြေစိုက် မြန်မာ့မီဒီယာလုပ်ငန်းရှင်များ၊ မြန်မာ့အရေးလှုပ်ရှားသူ ခေါင်းဆောင်ဆိုသူများ ကလည်း အသီးသီး ပြန်လည် ၀င်ရောက်လာကြတာကို တွေ့ရပါတယ်။ ယခုလို ပြည်တော်ပြန်သူ အများအပြားက မြန်မာပြည်တွင်းမှာ မိမိတို့ အရေးကိစ္စများ ပြန်လည် အခြေချခြင်း၊ လုပ်ကိုင်ခြင်းတို့ ပြုလုပ်လာကြချိန်မှာ 
လက်ရှိအစိုးရကလည်း ပြည်တော်ပြန်များ ပြန်လည်အခြေချနေထိုင်ခွင့်ကို စီစဉ်ပေးမည်ဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


ပြည်ပကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားခွင့်ရှိကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မီဒီယာတွေ့ဆုံပွဲက သိရပါတယ်။ ပြည်ပက ပြန်ဝင်လာတဲ့မြန်မာတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားတဲ့အခါမှာ ဟိုဘက်နိုင်ငံသား ခံယူပြီးသား ဖြစ်နေရင်တော့ စွန့်လွှတ်ပြီးမှ လျှောက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူဖို့အတွက် ပြည်ပရှိ မြန်မာသံရုံးတွေမှာ လျှောက်ရမှာဖြစ်တယ်။ ပြည်ပရောက်မြန်မာတွေအနေနဲ့ တရားဝင်နိုင်ငံသား ပြန်လည်ခံယူခွင့်ရှိတယ်ဆိုတာကို အသိပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တွေ့ဆုံပွဲမှာ ပြောပါတယ်။ နိုင်ငံသားခံယူခွင့် လျှောက်တဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်ပြီး မြန်မာသံရုံးက လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ သဘောထားမှတ်ချက် တောင်းမှာဖြစ်ပါတယ်။
နိုင်ငံသားခံယူခွင့် လျှောက်သူဟာ မြန်မာနိုင်ငံမှာ နေသွားတာမှန်ကန်ပြီး မြန်မာနိုင်ငံသားဖြစ်နေတယ်ဆိုရင် ပြန်လက်ခံပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသား မိဘနှစ်ပါးကမွေးတဲ့ နိုင်ငံသားတွေက မွေးရာပါနိုင်ငံသားတွေဖြစ်လို့ နိုင်ငံသား စိစစ်ရေးကတ် ရမှာဖြစ်တယ်။ ဥပဒေအရဖြစ်တဲ့ နိုင်ငံသားတွေက ဧည့်နိုင်ငံသားနဲ့ပြုနိုင်ငံသားကတ်တွေ ရမှာဖြစ်တယ်။
ပြည်တွင်းမှာ အခွန်ဆောင်နေတဲ့ နိုင်ငံခြားသားတွေကိုတော့ အက်ဖ်အာရ်စီနဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကြောင်း မပြည့်စုံသေးသူတွေကို ယာယီနိုင်ငံသား ကတ်တွေ ထုတ်ပေးနေပါတယ်။ နိုင်ငံသားခံယူခွင့်အတွက် ဗဟိုအဖွဲ့တွေဆီ လျှောက်ထားနိုင်ပြီး အထောက်အထား ပြည့်စုံ၊ ဥပဒေနဲ့ညီရင် နိုင်ငံသား ခံယူခွင့်ပြုတယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါတယ်။
မြန်မာပြည်တွင်းကို ပြန်လည်ဝင်ရောက်ကြတဲ့ ပြန်တော်ပြန် ပုဂ္ဂိုလ်အသီးသီးဟာ လက်ရှိအစိုးရရဲ့ မြို့တော် နေပြည်တော်သို့ သွားရောက်တွေ့ဆုံမှုတွေ တင်ပြဆွေးနွေးမှုတွေ ပြုလုပ်ကြတာကို တွေ့နေရပါတယ်။ ၎င်းပုဂ္ဂိုလ်တို့ ပြည်တော်မ၀င်ခင်မှာကတည်းက ၎င်းတို့အနေနဲ့ လက်ရှိ့မြန်မာပြည်အရေးအတွက် မည်သို့သော အကျိုးရှိသည့် လုပ်ငန်းများ အစီအစဉ်များ ရှိကြောင်း ကြိုတင် တင်ပြကြရတယ်လို့ ဆိုပါတယ်။ အဲသည် တင်ပြချက် ညှိနှိုင်းချက်များပေါ်အခြေခံပြီးတော့ ပြည်တော်ပြန်သူတို့ရဲ့ လှုပ်ရှားမှု အတိုင်းအတာကို တွေ့ကြရတယ်လို့ နေပြည်တော်ဝန်ထမ်းတဦးက အလွတ်သဘော ပြောကြားပါတယ်။

No comments:

Post a Comment