Saturday, February 11, 2012

ထမင်းဖြူအတွက် ဆုတောင်း
 
တံငါတစ်သက် လယ်တစ်ကွက်တဲ့လားဗျို
သူတို့ခမျာ ဒါတွေသိလည်း
မိုးရွာမရှောင်နေပူထဲ
ခင်ဗျားတို့စားဖို့ ပျိုးတွေဆက်ကြဲနေကြရှာတုန်း
ထွန်ယက်နေကြရှာတုန်းလေ

စပါးကိုအသွင်ဖျက်လိုက်တယ် ဆန်
ဆန်ကိုအသွင်ဖျက်လိုက်တယ် ထမင်း
ထမင်းတွေအသွင်ပျက်သွားတော့ ကျုပ်တို့အလုပ်လုပ်နေကြ အသက်ရှုနေကြတဲ့ ဇီဝစွမ်းအားတွေပဲ
ဟုတ်တယ်
ဘယ်သောအခါမှ အသွင်ပျက်မသွားတာကတော့
တောင်သူလယ်သမားဦးကြီးများရဲ့ ကျေဇူးတရားတွေ
ဇီဝစွမ်းအားကို ထမင်းကရတယ်
ထမင်းကို ဆန်ကရတယ်
ဆန်ကို ဆိုင်ကရတယ်
ဆိုင်တွေက ကုန်သွယ်မှရတယ်
ကုန်သည်က ကုန်သွယ်ရတယ်
“တခါတရံ ဆန်တွေဈေးကြီးကြီးသွားရတာဟာ ဦးကြီးတို့လက်ချက်လုံလုံးမဟုတ်ရပါဘူးဗျာ” တဲ့
ကဲကဲ
တစ်ပြည်နှစ်ပြည် လက်လီလက်ကားကစလို့ အိတ်စပို့လုပ်သူများအထိ
အိုဘယ့်ကုန်သည်များ စပါးဆန်ဝယ်ကြသိုလှောင်ကြသည် အမျိုးကွဲဘယ်လောက်ရှိသနည်းလို့ တချက်တေးထားလိုက်
ဟုတ်ပါရဲ့ သူတို့ဟာ တကယ်တော့ သနားစရာအပြစ်ကင်းစင်ကြသူများပါ
သူတို့တတွေ ကျမ်းမာချမ်းသာနေကြပါရဲ့လား
သူတို့တတွေ ဘေးရန်ကင်းကွာ ပျော်ရွှင်နေကြပါသလား
သူတို့ဟာ လူသူမသိ တိတ်ဆိတ်ငြိမ်သက်လှပါ၏
ထမင်းစားအသက်ရှင်နေတုန်း စဉ်းစားကြည့်လိုက်တယ်
စပါးကနေ ဗိုက်ထဲကအာဟာရအထိ အသွင်တွေ ဘယ်လိုပြောင်းခဲ့ပျက်ခဲ့လည်း
တောင်သူလယ်သမားဦးကြီးများရဲ့ ကျေးဇူးတရားဟာ ပျက်ပြယ်မသွားတော့ပါလားဗျာ...
အညာဒေသ မြစ်ဝကျွန်းပေါ် မြေလတ်နဲ့တောင်ပေါ်မရွေး
ကောက်ပဲသီးနှံ ဆန်ရေစပါးစိုက်သူများ
ကျမ်းမာချမ်းသာလို့ ဘေးဘယာတွေကွာဝေး အေးချမ်းစွာထွန်ယက်စိုက်ပျိုးနိုင်ကြပါစေ
လူနေမှုအဆင့် မြင့်သည်ထက်မမြင့်နိုင်ခဲ့တောင်
လူ့အောက်ကျခံ လူ့ညှင်းဆဲဒါဏ်များ ပလွှားနိုင်ကြပါစေ
အရုဏ်မတက်ခင်ကလယ်တောထွက်
အများအတွက်စိုက်ပျိုးချင်ကြရှာသူတွေ
အဆိပ်ပြင်းတဲ့ ပိုး ထိပြီးမသေကြပါစေနဲ့
ဥတုမကောင်းလို့ သီးနှံပျက်တဲ့အခါ
နောက်တစ်ခါစိုက်ဖို့ ငွေတွေချေး
အတိုးပေးစား ခေတ်သစ်ချစ်တီးများရဲ့ ညှာတာခြင်းများလည်းခံရပါစေ
စံနစ်တွေမကောင်းလို့ အာဏာရ
ခေတ်တွေမကောင်းလို့ ပါဝါပြ
ဥပဒေကိုငွေနဲ့ပြုနေသော ဓနရှင်လူ့ငနွားတွေရဲ့
လယ်သိမ်း မြေသိမ်း လူကိုထိမ်းတဲ့ ခပ်သိမ်းသောအဓမ္မအမှုတွေလည်း
သူတော်တွေအမြန်သိကာ ထိမ်းညှိနိုင်ကြပါစေ
လူဆင်းရဲ လူလတ် လူချမ်းသာ
လူ့အလွှာပေါင်းစုံရဲ့ကျေးဇူးရှင် လယ်ယာလုပ်ကိုင်စားကြသူတွေ
လူဟာလူအဖြစ် လူပီသနိုင်သောခေတ်တစ်ခုကို
လူ့အခွင့်အရေးတစ်ခုအနေနဲ့ ရရှိသွားနိုင်ကြပါစေ
ကျနော်တို့ ပြည်သူတွေအနေနဲ့ တောင်သူလယ်သမားဦးကြီးတွေကို
အချိန်တိုင်းမဟုတ်တောင်မှ
ထမင်းမစားမီတစ်ခါ
ထမင်းစားနေတုန်းတစ်ခါ
ထမင်းစားပြီးအားအင်ပြည့်ဖြိုးနေတုန်းတစ်ခါလောက်တော့
ပုံမှန်လေး မေတ္တာပို့သနေလျှက်ပါဗျိုး...

No comments:

Post a Comment