Thursday, February 9, 2012


အိပ်မက်သာ ဖြစ်လိုက်ပါ

ပြောစရာ စကားတွေ မရှိတာတော့ မဟုတ်ခဲ့ဘူး
ရင်ထဲ အပြည့်ပဲ ပြောချင်နေခဲ့တယ် ..။

ဆန္ဒတွေ မရှိနေခဲ့တာ မဟုတ်ဘူး
အင်အားတွေ မဲ့နေခဲ့တယ် ..။

မျှော်လင့်ချက်တွေ မထားတတ်တော့တာမဟုတ်ဘူး
ယုံကြည်ချက်တွေ ပျောက်ရှနေခဲ့တယ် ..။

ပြောချင်တာတွေများပေမယ့် စကားတွေ ပျောက်ဆုံးဆဲ
ဆန္ဒတွေ များပေမယ့် ခွန်အားတွေ ပျောက်ဆုံးဆဲ
လမ်းတွင်တွင်လျှောက်နေလဲ ပန်းတိုင်တွေ ပျောက်ဆုံးဆဲ

ပျောက်ဆုံးသွားတော့မယ့် အရာတွေရယ်
သင်္ခါရတရား ဘယ်လိုနှလုံးသွင်းပေမယ့်
ရင်ထဲတော့ နှမြောတသဆဲ ..။

ဒါ ငါတို့ရဲ့ ........
ဒါ ငါတို့ရဲ့ ........
ဒါ ငါတို့ရဲ့ ........

ငယ်တည်းက ရင်းနှီးခဲ့တယ် ..
တခါတုန်းကပေါ့ ..
ဟိုးအရင်တုန်းကလေ ..
ဖိုးဖိုးတို့ ဖွားဖွားတို့ ခေတ်တုန်းကဆို ..

အတိတ်တွေ အကြောင်း ဘယ်လောက် ကြားဖူးလဲ
ပစ္စုပ္ပါန်က အတိတ်နေရာ ရောက်သွား
ကိုယ်တွေက ဖိုးဖိုး ဖွားဖွားနေရာ ..။

မြေးတို့ရဲ့ .....
ဒီအဆောက်အဦးနေရာဟာလေ ဟို အရင်က .....
ဒီသောင်ပြင်ကြီးဟာလေ ဟို အရင်က .....
ဒီမြေပုံ နေရာကြီးဟာလေ ဟို အရင်က .....

အိပ်မက်က လန့်အနိုး
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..

ဒီလိုလေးပဲ အော်ဟစ်နေရုံ
ကြိုတွေးပူနေရုံ
လောင်မြိုက်နေနေရုံ

ဖြစ်နိုင်မယ်ဆိုရင်လေ
နောက်တချိန် ပုံပြင်ဖြစ်သွားမယ့်
ပစ္စုပ္ပါန် စစ်စစ်ကြီးတွေကို
မတွယ်တာ မချစ်ခင် မေ့ပြစ်လိုက်ချင်ပါရဲ့ ..

No comments:

Post a Comment