ချစ်သူသခင်
ဘယ်လိုလဲ ချစ်သူ။ ငါနဲ့ ထာဝရလက်တွဲဖို့ မင်း ဆုံးဖြတ်မထားရင် ဒီနေရာမှာတင် ငါ့ကို ထားခဲ့လိုက်ပါ။ မင်းမနှစ်သက်လို့  ငါ့ကိုစွန့်ပစ်မယ်ဆိုရင်လဲမတားရက်တော့ပါဘူး။ မင်းလဲမင်းစိတ်နဲ့ မင်းကိုယ်.. ရွေးချယ်ပိုင်ခွင့်တွေရှိပါတယ်။ လူဆိုတာ စက်ရုပ်မှမဟုတ်တာ ခလုပ်လေးကို နှိပ်လို့ ငါဖြစ်ချင်တာတွေကို မင်းကိုဖြစ်ခိုင်းလို့ ရမလား။ ငါဖြစ်ချင်တာတွေကို ဖြစ်ခွင့်ရမယ်ဆိုရင် မင်းနဲ့ ထာဝရလက်တွဲခွင့်ကိုပဲ ရချင်တယ်။ ငါတို့ ၂ယောက်ရဲ့ကြားက ရေစက်ဆိုတဲ့ အရာလေး မကုန်ခမ်းတဲ့ အချိန်ထိတော့ ငါတို့ အဆင်ပြေနေမှာပါပဲ။
မင်းကို ချစ်သူတွေစဖြစ်တဲ့နေ့ ကတည်းက ဘယ်တော့များ ငါ့ကို ထားခဲ့မလဲလို့ ကြောက်တဲ့ စိတ်တွေနဲ့ လူမသိသူမသိ တစ်ယောက်ထဲ ယောက်ယက်ခတ်နေခဲ့ရတာ မင်းမသိပါဘူး ချစ်သူ။ နေ့ လေး တစ်နေ့  ကုန်ဆုံးတာနဲ့  ငါ့ရင်ထဲက မင်းကိုချစ်တဲ့ အချစ်တွေ ပိုလို့ ပိုလို့ တိုးလာတာပဲရှိခဲ့တယ်။ မင်းဘက်ကရော…။ ငါ့အတွက်ကတော့ မင်းကိုချစ်ရတာ ထီထိုးရသလိုပါပဲ။ ဒီလိုပြောလို့  မင်းကိုဆော်ကားတယ်လို့  မထင်စေချင်ဘူး။ ထိုးထားတဲ့ ထီလက်မှတ်တစ်စောင် ပေါက်ဖို့ ဆိုတာ ၉၀% မသေချာဘူးလေ။ မင်းနားလည်မှာပါ။ တန်ဖိုးတွက်စစ်လို့ မရဘဲ အရင်းအနှီးကြီးကြီး ပေးဆပ်ရတဲ့အရာဟာ အချစ်လို့ ပြောရင် မင်းလက်ခံမလား ချစ်သူ။ ငါတကယ်ချစ်တတ်သွားတာပါ။
မင်းနဲ့ ငါက အိပ်မက်ဆန်ဆန် ဆုံဆည်းခဲ့ကြပေမဲ့ အိပ်မက်မဆန်စွာဘဲ ချစ်မိသွားတယ်။ မနက်ခင်း အိပ်ယာနိုးတဲ့ အချိန်မှာလဲ မင်းကိုပဲ သတိရမိတယ်။ ညတိုင်းမက်တဲ့ အိပ်မက်တွေကိုပဲ မင်းပဲ အပိုင်သိမ်းယူခဲ့တယ်။ ငါဘယ်လောက်တောင် မင်းကိုရူးခဲ့ရတယ်ဆိုရင် မင်းမျက်နှာလေးကို အရိပ်လိုကြည့်ပြီး ကဗျာတစ်ပုဒ်လို ဖတ်ခွင့် ရချင်မိခဲ့တယ်။ သူများတွေလို အမြင်နဲ့ စွဲလန်းခဲ့တာလဲ မဟုတ်ပါဘူး။ အကြားနဲ့  စွဲလန်းခဲ့တာလဲ မဟုတ်ပါဘူး။ အပြုံးလေးကို မြတ်နိုးလို့ စွဲလန်းခဲ့မိတာလဲ မဟုတ်ခဲ့ပါဘူး။ ငါ့အဖြစ်ကို မင်းသိရင် လှောင်ရယ်နေမလား။ မင်းနဲ့ online ပေါ်မှာတွေ့ တဲ့ အချိန်လေးတွေကို ပြန်စဉ်းစားမိယုံလေးနဲ့  သွေးပျက်မတတ် ချစ်ခဲ့ရတာပါ။ ငါ့ခန္ဓာကိုယ်ထဲက သွေးဆဲလ်တွေအားလုံး မင်းကိုပဲ အချိန်ပြည့် တောင့်တနေတတ်ကြတယ်။ တကယ်ပါပဲ ငါသိပ်ချစ်တတ်သွားခဲ့တာပါ။
မင်းနဲ့ ငါနဲ့ ဘုရားက မျက်နှာသာပေးလို့ အွန်လိုင်းမှာ တွေ့ ခွင့်ရခဲ့ကြတယ်နော်။ ငါ့အတွက်ကတော့ ဘာနဲ့မှ အစားထိုးလို့  မရတဲ့ နေ့ ရက်အချိန်တွေပါပဲ။ မင်းရဲ့ နွေးထွေးတဲ့ မျက်ဝန်း.. နူးညံ့တဲ့ နှုတ်ခမ်း.. သိပ်ချစ်ရတဲ့ ချစ်သူလေးရဲ့ မျက်နှာ အာရုံမှာစွဲထင်လို့ တစ်သက်တာအတွက် နှလုံးသားမှာ တံဆိပ်နှိပ်ခတ်လိုက်သလို အချစ်မူးလို့  အရူးကြီး ရူးခဲ့ရတယ်။ မင်းနဲ့ တွေ့ ဆုံပြီးလို့ ခွဲခွာရမဲ့ အချိန်တွေမှာဆို နာရီလက်တံတွေကလည်း အလိုလိုနေရင်း မြန်လာသလိုလို.. ငါ့ဘေးနားက မင်းကို မညှာမတာ ဆွဲထုတ်ယူသွားသလို နှလုံးသားက တစ်စစီကြေမွခဲ့ဖူးတယ်။ ဒါ့ကြောင့် ခွဲရမဲ့ အချိန်တိုင်း ဟောဒီ ကမ္ဘာကြီးပေါ်မှာ အလွမ်းမဲ့နေထိုင်နည်းလေးကို ပေးသနားခဲ့ဖို့ တောင်းဆိုချင်ခဲ့တယ်။ မယုံနိုင်အောင် မင်းကို သိပ်ချစ်ခဲ့တယ်။
ငါ့ဘ၀အတွက် မင်းက တစ်ခါတစ်ရံ ကောင်းကင်ကြီးဖြစ်ချင်လဲ ဖြစ်ခဲ့တယ်။ တခါတလေ ကန္တာရထဲက နွမ်းနယ်နေသူအတွက် ချိုမြနေတဲ့ အပြုံးလေးနဲ့ အားဆေးတစ်ခွက်တိုက်ကျွေးခဲ့သူလဲ ဖြစ်ခဲ့တယ်။ အဲဒီအချိန်က မတော်တဆ ငါ ဘ၀တစ်ပါးကို ပြောင်းသွားခဲ့ရင်တောင် အရိုးပြာကျတဲ့အထိ ရင်ထဲမှာ မင်းရှိနေခဲ့မှာ။ အချိန်တန်လို့  မင်းနေရာကို မင်းပြန်သွားတဲ့အခါကျတော့လည်း ငါ့အသည်းနှလုံးပေါ် အက်ဆစ်မိုးရွာချခဲ့သလိုပါပဲ။ ထာဝရခွဲခွာရခြင်း မဟုတ်ခဲ့ပေမဲ့ ရင်ထဲမှာ အမြဲတမ်းဆို့ နင့်ပြီး ငိုချင်မိခဲ့တယ်။ တကယ်တော့ မြတ်နိုးတွယ်တာ လွမ်းရသမျှ ဒီဘ၀မှာ ချစ်ရတဲ့သူ အရှုံးပါပဲလား။ စာရေးစရာကြီး ရှိတ်စပီးယားပြောခဲ့တယ် “ဒုက္ခနဲ့ တစ်ခါ ကြုံ တိုင်း ချစ်သူလက်ကို တစ်ခါကိုင်ပါရစေတဲ့”..။ ငါ့အတွက်ကတော့ မင်းလက်ကလေးကို မကိုင်ရရင်နေပါ။ မင်းစီက အားပေးနှစ်သိမ့်မှုလေးတစ်ခုရရင်ကို သေပျော်ပါပြီချစ်သူ။ ငါအဲလောက်ထိ မင်းကို ချစ်ခဲ့တာပါ။
အချစ်ကြောင့် လောင်ကျွမ်းတယ်ဆိုတဲ့ စကားကို မင်းကြားဖူးမှာပါ။ ငါအဲဒီစကားလေးကို ခု ခဏလောက် ငှားသုံးပါရစေလား။ ငါ့ဘ၀လဲ ဘာထူးခဲ့လို့ လဲ။ အချစ်ကြောင့်တော့ တောက်ပခဲ့ပါရဲ့ လောင်ကျွမ်းရင်းနဲ့ ပဲပေါ့။ အမြဲလတ်ဆတ်နေတဲ့ အချစ်တွေ.. အမြဲ တပ်မက်နေတဲ့ အနမ်းတွေ.. အမြဲတဆတ်ဆတ်နာကျင်နေရတဲ့ အလွမ်းတွေနဲ့ တမြေ့မြေ့ ရူးသွပ်ခဲ့ရတာပါ။ ထမင်းမေ့ဟင်းမေ့နဲ့ ပဲ အစာစားချိန်များဆို အလွမ်းတွေကိုပဲ စားပြီး တစ်ယောက်ထဲ ခြောက်သွေ့ စွာနဲ့ မင်းကို အချိန်မှန်လွမ်းခဲ့ဘူးတယ်။ အဲဒီအချိန်မှာ မင်းရော ဘာတွေလုပ်နေခဲ့လဲ။ မင်းသူငယ်ချင်းတွေကြားမှာပျော်နေခဲ့လား။ ဒါမှမဟုတ် သတိရသလိုမရသလိုနဲ့  မင်းပြောခဲ့ဘူးတဲ့ စကားကို ကို မှတ်မိခဲ့ရဲ့လား။ တစ်ယောက်ထဲ အတွေးတွေနဲ့ အချစ်မူး မူးခဲ့ရတာပါ။
အချစ်ဆိုတာ နီးစပ်ရင်လဲ ချစ်နိုင်တယ်။ မြင်မြင်ချင်းလဲ ချစ်နိုင်တယ်။ မျက်ရည်ဆိုတာ ၀မ်းနည်းလို့ လဲ ကျနိုင်တယ်။ ကြည်နူးလို့ လဲ ကျနိုင်တယ်။ ဒါပေမဲ အလွမ်းဆိုတာ ချစ်လို့ ပါပဲ။ ကျန်ခဲ့ရလို့ ပဲ လွမ်းလွမ်း။ ခွဲခွာ ထားရစ်ခဲ့ရလို့ ပဲ လွမ်းလွမ်း။ လွမ်းတယ်ဆိုမှတော့ ဘယ်အလွမ်းမှ ဖြေသာနေစရာမရှိပါဘူးကွာ။ အနေဝေးပေမဲ့ အခြေနေပေးမယ်ဆိုရင် မင်းစီကို အပြေးလာချင်ခဲ့တာပေါ့ ။တစ်ခါတစ်လေတော့လဲ ငှက်တွေလို အတောင်ပေါက် လေယာဉ်ပျံကြီး ဂုတ်ခွစီးပြီး မင်းရှိတဲ့ အရပ်ကို အလင်းရဲ့လျှင်မြန်ခြင်းထက် စိတ်ရဲ့ အမြန်နှုန်းနဲ့ လာခဲ့ချင်မိတယ်။ ကံအကြောင်းမလှတော့လဲ အလွမ်းတွေနဲ့ လူလုပ်နေခဲ့ရတယ်။ ဘ၀ဆိုတာ ဆန္ဒမှ မဟုတ်တာ။ အဲဒီတော့ ဆန္ဒကို အသာထားပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရင်းနဲ့ ပဲ အသက်ဆက်ခဲ့ရတာပါ။ နောင်တစ်ချိန်မှာ မင်းနဲ့ ငါပြန်တွေ့ ရမယ်ဆိုရင် အခုအချိန်မှာ ဘယ်လောက်ပဲဝေးဝေး ငါတစ်ယောက်သာ မင်းအတွက်ဖြစ်ပြီး မင်းတစ်ယောက်သာ ငါ့အတွက်ဖြစ်ပါရစေလို့ ညညဘုရားမှာ ဆုတောင်းခဲ့ဘူးတယ်။ နွမ်းသူအဖြစ်က ကင်းဖို့ မြတ်စွာဘုရားကို ပန်းတွေ လှူခဲ့ဘူးတယ်။ မင်းတစ်ယောက်ထဲကိုပဲ စွဲလန်းစွာချစ်ခဲ့တာပါ။
ရက်များစွာ တဖွဲဖွဲကြွေသွားခဲ့ပေမဲ့ အလွမ်းမီးတွေကတော့ အရှိန်လျော့မသွားဘဲ တောက်လောင်နေခဲ့တာပါပဲ။ ငါ့အချစ်တွေက ပိုလို့  ခိုင်မာလာခဲ့တယ်။ အချိန်ကာလရဲ့တိုက်စားမှုကို ခံရလို့ ကွယ်ပျောက်သွားတဲ့ အရာတွေထဲမှာ မင်းကို ချစ်တဲ့ ငါ့အချစ်တွေကတော့ မပါသွားခဲ့ပါဘူး။ မင်းနဲ့ တူတူပြောခွင့်ရခဲ့တုန်းက အချိန်တွေကို ဖြစ်နိုင်ရင် Copy Paste လုပ်ထားချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာခဲ့ဘူးတယ်။ မင်းနဲ့ ငါရဲ့ အဖြစ်တွေက ဇာတ်လမ်းတစ်ပုဒ်ဆိုရင် ငါလိုချင်တဲ့ အပိုင်းလေးတွေကို ဖြတ်ပြီး သိမ်းထားခဲ့မိမှာပါ။ မင်းကို တစ်ခုလောက်မေးပါရစေ။ အခြေအနေနဲ့ အချိန်ဆိုတာ အချစ်ကိုများ လုံးပါးပါးစေသလား။ အကြောင်းပြချက်မလိုတဲ့ အချစ်ဆိုတာ အကြောင်းပြချက်မလိုပဲ တိတ်တဆိတ်ပြီးဆုံးသွားတတ်သလား။ ဘာကြောင့်ဆိုရင် မင်းနဲ့ ငါ ချစ်ခဲ့တာ အကြောင်းပြချက်မရှိဘဲ ချစ်ခဲ့ကြလို့ ပါ။
တကယ်လို့ မင်းငါ့အပေါ်မှာ ထားတဲ့အချစ်တွေ ပြောင်းလဲသွားခဲ့ရင် ဘာကိုမှ စဉ်းစားမနေပါနဲ့ ။ ။ မစွန့်  လွှတ်ရက်ပေမဲ့ ငါ့အတွက် ပိုင်ဆိုင်ဖို့ ကလည်း ဝေးနေတာကိုး။ မင်းဖြစ်ချင်တာကို မင်းရွေးချယ်လိုက်ပါ။ ငါတစ်ကိုယ်ကောင်းမဆန်ရက်ပါဘူး။ ငါဖြစ်ချင်တာကို ဖြစ်ခွင့်ရရင်တောင် မင်း ငါ့အတွက်ကြောင့် ပူဆွေးနေရမှာကို မကြည့်ရက်လို့ ပါ။ ဒါက ငါ့ရဲ့ပျော့ညံ့ချက်တစ်ခုဆိုရင် မင်းကို ချစ်လို့ ပျော့ညံ့တယ်လို့ ငါ့ကိုယ်ငါ သတ်မှတ်တယ်။ မင်းကို ငါအပစ်လဲ တင်မှာမဟုတ်ပါဘူး။ ငါတို့ ၂ယောက် ခွဲခွာကြရမယ်ဆိုရင် မင်းနဲ့ ငါ အပြန်လှန်ပို့ ထားတဲ့ စာတွေလဲ ကျန်မှာမဟုတ်ဘူး။ မင်းကို မှန်းဆတမ်းတခဲ့ဘူးတဲ့ ငါ့ရင်ခွင်ထဲက အလွမ်းတွေပဲ ကျန်ခဲ့မှာပါ။
မင်းအတွက် ငါ နောက်ဆုံးပြောချင်တဲ့ စကားလေးတစ်ခွန်းရှိတယ်။ ငါ့ကိုထားခဲ့ပြီး အခြားတစ်ယောက်နဲ့  ချစ်သွားမယ်ဆိုရင် ငါမင်းကို ချစ်တဲ့ အချစ်မျိုးနဲ့ အဲဒီတစ်ယောက်ကို ချစ်လိုက်ပါနော်။





No comments:
Post a Comment