Thursday, February 23, 2012

  ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေး အနာဂတ်


နည်းပညာ ကြွယ်ဝသည့် တိုင်းပြည်သည် ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက် ခေတ်မီ အဆင့်အတန်း မြင့်မှု ထိပ်တန်း ဖြစ်သည်။  သယံဇာတ မရှိသော်လည်း၊  သယံဇာတ မကြွယ်ဝသော်လည်း၊ နည်းပညာကြောင့် ယနေ့ ကမ္ဘာတွင် ထိပ်တန်း ရောက်နေသော နိုင်ငံများမှာ အစ္စရေး၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယစသည့် နိုင်ငံများဖြစ်ပြီး ယင်းနိုင်ငံများကို စံနမူနာ ယူကြရသည်။
စင်စစ် နည်းပညာ ဆိုသည်မှာ လူသား အရင်းအမြစ်ဆိုင်ရာ အရည်အချင်းနှင့် အရည်အသွေးပင် ဖြစ်သည်။ သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံ အသီးသီးသည် မိမိတို့ နိုင်ငံ၏ ပညာရေးကို ဦးစားပေး မြှင့်တင် ဆောင်ရွက်လျက် ရှိကြသည်။ ပညာကြွယ်ဝမှု မရှိသည့် တိုင်းပြည်သည် မကြီးပွား၊ မတိုးတက်၊ မချမ်းသာနိုင်။ ယခုတလောတွင် NLD ၏ ပညာရေး ကွန်ရက် လှုပ်ရှားမှုနှင့် ပညာရေး ရန်ပုံငွေရှာပွဲ သတင်းများသည် လူအများ 


စိတ်ဝင်စားစရာ သတင်းဖြစ်ခဲ့သည်။ ပညာအရေးကြီးမှုနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က သူ၏ အမြင်နှင့် သဘောထားကို ပြောကြားရာတွင် “ဒီဂီတပွဲတော်ကနေ ထောက်ပံ့တဲ့ ပညာရေးကို အားပေးတယ် ဆိုတာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ကို အားပေးတာပါ။ အဲဒါကြောင့် ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ကိုလာပြီး အားပေး ချီးမြှောက်ကြတဲ့ လူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့ အားလုံး တက်ညီလက်ညီနဲ့ ကြိုးစားကြမယ်ဆိုရင် ကျွန်မတို့ နိုင်ငံဟာ အင်မတန်မှ လှပသာယာတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားနိုင်ပါတယ်။ ဒါကလည်း  ကျွန်မတို့ အားလုံး ဝိုင်းလုပ်မှ ရမှာပါ” ဟု ပြောကြားသည်။
ယင်းပြောကြားချက်သည် ၃၀-၁၂-၂၀၁၁ ရက်က MCC ခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသား လူမျိုးများ ပညာရေး ရန်ပုံငွေ ဂီတပွဲနှင့် ဈေးရောင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားရာတွင် “ဒီပညာရေး ရန်ပုံငွေပွဲကိုလည်း ကျွန်မတို့က ပြည်နယ်တွေမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေ အတွက် ပြည်ထောင်စု စိတ်ဓာတ်နဲ့ လုပ်ထားတာပါ။ ကျွန်မတို့ နိုင်ငံဟာ တိုင်းရင်းသားတွေ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်လို့ အားလုံးတန်းတူညီတူ တိုးတက်နိုင်မှ ကျွန်မတို့နိုင်ငံဟာ အေးချမ်း သာယာလာမှာပါ” ဟု ပြောကြားသည်။ မကြာမီက ရန်ကုန်မြို့၊ ပြည်လမ်းရှိ ယုဒဿန် ရိပ်သာတွင် အခမဲ့ ပညာဒါနကျောင်းများ စုစည်းထားသည့် အမေ့အိမ် ပညာရေး ကွန်ရက်က ရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် “ပညာရေးမှာ ကျွန်မတို့ပိုပြီး လုပ်ဖို့လိုပါတယ်။ ကျွန်မတို့ဟာ နံပါတ်တစ်ကတော့ လူအားလိုပါတယ်။  နံပါတ်နှစ်ကတော့ ငွေအားလိုပါတယ်။ အဲ့တော့ လုပ်အားမပေးနိုင်လို့ ရှိရင် ငွေနဲ့ပံ့ပိုးကြပါလို့ ကျွန်မမေတ္တာရပ်ခံလိုပါတယ်။...ကျ
ွန်မတို့ နိုင်ငံသားအားလုံးက ပညာရေးကို စိတ်ဝင်စားပြီးတော့ ထောက်ခံအားပေးမှ နိုင်ငံတိုးတက်မှာပါ။ ကျွန်မတို့ အချင်းချင်း သဘောမတူညီတာတွေ ရှိနေပေမယ့် ပညာရေးနဲ့ ပတ်သက်လို့ကတော့ အားလုံး တစ်သဘောတည်း ရှိမယ်လို့ ထင်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ပညာဖွံ့ဖြိုးချင်တယ်။ ကျွန်မတို့လူငယ်တွေဟာ ကမ္ဘာ့အဆင့်အတန်း မီအောင်လို့ ပညာတွေ ရစေချင်တယ် ” ဟု ပြောကြားသည်။
 ထို့နောက် ပညာရှာမှုနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် “ပညာအရာက ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ့် အရည်အချင်းတွေကို ပြုစုပျိုးထောင်ပေးတာ။ ဒါတကယ့်ပညာ၊ အဲဒီထဲမှာ ကျောင်းပညာပါတယ်။  ကျောင်းပညာကို ဖယ်ထားလို့ မရဘူး။ အရေးကြီးတယ်။...အန်တီတို့ နိုင်ငံမှာ ကျောင်းကပေးတဲ့ပညာက နိမ့်တယ်။ ဒါက အမှန်အတိုင်း ရိုးရိုးပြောတာ။ မလုံလောက်ဘူး။ ဒါကြောင့် လူငယ်တွေက စောစောက ပြောတဲ့ ဆင်းရဲတဲ့ မိသားစုအတိုင်း ကိုယ့်ကိုယ်ကိုယ် ဖြည့်ဆည်းဖို့ ပိုရုန်းကန်ရမယ်။  ခုခေတ် လူငယ်တွေက အန်တီတို့ ပညာရေးစနစ်ကို ပိုပြီးတော့ ခိုင်မာအောင် မလုပ်နိုင်သေးသမျှ လူငယ်တွေက ကျောင်းပြင်ပမှာ ပညာရှာရမယ်။ နည်းအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် အရည်အချင်း ပြည့်အောင် လုပ်ရမယ်” ဟုပြောကြားသည်။ (ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း အင်တာဗျူး စာအုပ်၊ ကိုကို- စက်မှုတက္ကသိုလ်) မြန်မာနိုင်ငံ ပညာရေးနှင့် စပ်လျဉ်း၍ အတိတ်ကို ပြန်လေ့လာကြည့်လျှင် အာရှဒေသတွင်း၌ ထိပ်တန်း ရောက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာက လေးစားခဲ့ရသည်။ စင်ကာပူနိုင်ငံသည် ၁၉၆၅ ခုနှစ် လွတ်လပ်ရေး ရရှိသောအခါ မြန်မာနိုင်ငံ၏ ပညာရေးစနစ် အကောင်အထည် ဖော်နေပုံနှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်တို့ကို လာရောက် လေ့လာ အတုယူခဲ့ကြောင်း သိရသည်။ တိုင်းပြည်ကို ချမ်းသာစေချင်လျှင် ပညာရေးကို ဂရုစိုက်ပါ။ (IF you want your country to get rich, emphasize on education)  ဆိုသည့် ဆောင်ပုဒ်ကို စင်ကာပူသည် လက်ကိုင်ထားပြီး ကြိုးစားခဲ့ခြင်းကြောင့် ကမ္ဘာ့ထိပ်တန်း စံနမူနာပြ နိုင်ငံတစ်ခု ဖြစ်လာခြင်း ဖြစ်သည်။
 ယခုအစိုးရသစ် လက်ထက်တွင် လွှတ်တော်တွင်း၌ ပညာရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးသံ၊ အဆိုပြုသံ၊ ပြန်လည်ဖြေကြားသံများ ကျယ်လောင်ခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်ကြီးများက ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ပြောကြားလျက် ရှိကြခြင်းမှာ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ အသုံးစရိတ်သည် နိုင်ငံအသုံးစရိတ် စုစုပေါင်း၏ ၄ ဒသမ ၄၂ ရာခိုင်နှုန်း ဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက စက်တင်ဘာလ အတွင်း ကျင်းပခဲ့သော အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအမေးကို ဖြေကြားခဲ့သည်။ ယနေ့မြန်မာနိုင်ငံ ပညာရေးလောကကို လေ့လာကြည့်သောအခါ-မြန်မာနိုင်ငံရှိ အခြေခံ ပညာကျောင်းများတွင် ပညာသင်ယူနေသော ကလေးငယ်များတွင် မူလတန်းပညာ မပြီးဆုံးသော ကျောင်းသားနှုန်း မြင့်မားလျက် ရှိကြောင်း၊ ကျောင်းသားမိဘ စားဝတ်နေရေးနှင့် စီးပွားရေး အခြေအနေကြောင့် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃ ရက်က ကျင်းပခဲ့သော ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ် အခမ်းအနားတွင် ပြောကြားခဲ့သည်။ မိဘမဲ့ကလေးများနှင့် ငွေကြေးချို့တဲ့သော ကလေးငယ်များ အတွက် အစိုးရသင်ရိုး ညွှန်းတမ်းဖြင့် သင်ကြားသော ဘုန်းတော်ကြီး ကျောင်းသင် ပညာရေးများ တိုးပွားလျက်ရှိရာ ကျောင်းပေါင်း ၂၅၀၀ ကျော် ရှိလာကြောင်း သိရသည်။ နိုင်ငံသားများသာ ကျောင်းတည်ထောင်ခွင့် ရှိသော ကိုယ်ပိုင် ကျောင်းမှတ်ပုံတင် ဥပဒေကို ဒီဇင်ဘာ ၂ ရက်တွင် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းခဲ့သည်။
 မူလတန်း၊ အလယ်တန်း သို့မဟုတ် အထက်တန်းကျောင်းများ ဖွင့်ခွင့် အကျုံးဝင်ကြောင်း သိရသည်။  မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက တက္ကသိုလ်ကို ဒီဇင်ဘာလ ၃၁ ရက်က ရန်ကုန်မြို့အထက်ပန်းဆိုးတန်းလမ်း MMB Tower တွင် ဖွင့်လှစ်ခဲ့သည်။ အဆင့်မြင့် ပညာရေးအတွက် ပြုပြင်ပြောင်းလဲမှု အနေဖြင့်  ပြည်တွင်းရှိ တက္ကသိုလ်များ၏ ပညာသင်နှစ်ကို တစ်နှစ်ထပ်မံ တိုးမြှင့်ရန် စီစဉ်နေကြောင်း အဆင့်မြင့် ပညာဦးစီးဌာနက ဒီဇင်ဘာလတွင် ပြောကြားခဲ့သည်။ ယခုနှစ် နည်းပညာ တက္ကသိုလ်များမှ ကျောင်းသားများသည် စာမေးပွဲ အောင်ချက် သိသိသာသာ လျော့ကျခဲ့ကြောင်း မီဒီယာ သတင်းများအရ သိရသည်။ ယခုအခါ မြန်မာနိုင်ငံ၏ ပညာရေးလောကတွင် အစိုးရ ပညာရေးအပိုင်း၊ ပြည်တွင်း ပုဂ္ဂလိက  ပညာရေး ဝန်ဆောင်မှုအပိုင်း၊ ပြည်ပပုဂ္ဂလိက ပညာရေး ဝန်ဆောင်မှု အပိုင်း၊ ပြည်တွင်း NGO များ၏ အခမဲ့ စေတနာ ပညာရေး ဝန်ဆောင်မှု အပိုင်းတို့ ရှိသည်ကို တွေ့ရပြီး အားပြိုင်လျက် ရှိနေကြောင်း သိရသည်။ ပညာရေးလောကကို စောင့်ကြည့်လေ့လာ အကဲခတ်သူများက မြန်မာ့ပညာရေးလောက နိုင်ငံတကာနှင့် ရင်ဘောင်တန်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြံပေးသွားကြမည် ဖြစ်ကြောင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများမှ တစ်ဆင့် ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။
 ပညာရေး အရေးကြီးမှုနှင့် အစိုးရသစ်၏ သဘောထားတို့နှင့် စပ်လျဉ်း၍ ၁၉ ကြိမ်မြောက် အာဆိယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး တက်ရောက်စဉ် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က သတင်းထောက်များ၏ အမေးကို ဖြေကြားရာတွင် “အထူးသဖြင့် နယ်စပ်တွေမှာဆိုရင် ကျောင်းတွေ ဖွင့်ပေးဖို့ အများကြီးလိုတယ်။ စာတွေ သင်ပေးဖို့ အများကြီး လိုတယ်။ အဲဒီတော့  ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးဖို့ အတွက်ကတော့ အချက် သုံးချက် လိုတယ်။ ပထမ အချက်ကတော့ နိုင်ငံတော် လုံလုံခြုံခြုံနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ရှိဖို့လိုတယ်။ ဒုတိယ အချက်ကတော့ ဒုတိယ အချက်ကတော့ စီးပွားရေး အရေးကြီးပါတယ်။ စီးပွားရေး တိုးတက်လာဖို့ စီးပွားရေး တောင့်တင်းဖို့ လိုပါတယ်။ တတိယ အချက်ကတော့ လူ့စွမ်းအား အရင်းအမြစ်တွေ။ လူတွေဟာ ပညာတွေ တတ်ကြတယ် ဆိုလို့ရှိရင် ဘာပဲဖြစ်ဖြစ် သူစဉ်းစားတယ်။ တွေးခေါ်နိုင်တယ်။ မှားတာမှန်တာကို သူခွဲခြားပြီးတော့ သိနိုင်ပြုနိုင်တယ်။ အဲ့တော့ ဒါပြည်သူရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ ကျွန်တော်တို့ မူတည်တယ်။... လူတွေရဲ့အဆင့်အတန်းပေါ့။ ပညာရေး အဆင့်အတန်း၊ ဒီဟာလည်း ကျွန်တော်တို့ အများကြီး လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လဲ ကျွန်တော်တို့ လူမျိုးတွေရဲ့ ပညာအဆင့်အတန်း မြင့်မားလာအောင်၊ စာတွေ ပေတွေ တတ်လာအောင်၊ မှားတာ မှန်တာတွေ ခွဲခြားပြီးတော့ စဉ်းစား သုံးသပ်တတ်အောင် ဒါတွေက ပညာရေးအပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒါတွေလည်း ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်ဖို့ပြုဖို့ လိုပါတယ်” ဟု ပြောကြားသည်။ ပညာနှင့် စပ်လျဉ်း၍ ကျွန်တော် အတွေးဆက်၍ ဆန့်ကြည့်မိသည်။ ၂၁ ရာစုသည် ပညာအရာ ပိုမိုထင်ရှားလာမည့် ခေတ်ဟု ဆိုကြသည်။
 ၂၀၂၀ ၏ နောက်ပိုင်းကို လွန်ကဲသာခေတ်ဟု တင်စားထားကြသည်။  လူ့အဖွဲ့အစည်းသည် ပညာခေတ်ကို အခြေပြု၍ ပုံစံတစ်မျိုးဖြင့် ပေါ်ထွက်လာမည်ဟု ပညာရှင်များက ဆိုကြသည်။ သို့ဖြစ်၍ ပညာရေး ဈေးကွက် (Knowledge Market) သည် ဘီလျံပေါင်း များစွာတန်ပြီး ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီး များထဲမှ တစ်ခုဖြစ်လာမည်ဟု ဆိုသည်။ ကမ္ဘာပြုမှုဟူသော Globalization သည် ၂၀၂၀ ရောက်သောအခါ ကမ္ဘာ့နိုင်ငံ အားလုံး၏ ၉၅ ရာခိုင်နှုန်းကို လွှမ်းမိုးသွားမည်၊ အပြောင်းအလဲကို လုံးဝမလိုလားသော အာဏာရှင်နိုင်ငံ ငါးရာခိုင်နှုန်းမျှသာ အလွန်ဆင်းရဲစွာ ကျန်ရစ်ခဲ့မည်ဟု ဆိုသည်။ ပညာတတ်ကြသူများ၊ ပညာရှိကြသူများသည် မိမိတို့ မျိုးဆက် တစ်စုတည်း၌သာ တတ်ကြရှိကြရုံဖြင့် လုံလောက်မှု မရှိ၊ တိုးတက် သိထားကြသော ပညာကို ထပ်မံ ထုတ်လုပ်ဖြန့်ဖြူးခြင်း  (Knowledge Production) လည်း လိုအပ်ပါသေးသည်။ ပညာကို ကောင်းစွာ မဖြန့်ဖြူးနိုင်သော နိုင်ငံ ၊ ပညာကို ကောင်းစွာ မရယူနိုင်သော နိုင်ငံများသည် ပညာချို့တဲ့မှု အမြင့်ဆုံး  (Highly Knowledge Defficient) ဖြစ်သည်ဟု သတ်မှတ်ကြသည်။ ဥပမာပေးရလျှင် တတိယနိုင်ငံများ၊ အာဖရိကနိုင်ငံ အချို့ဖြစ်သည်။ ဒီမိုကရေစီသည် ပညာရေးကို မောင်းနှင်အားပေးသည် (Democracy drives Knowledge)  ဆိုသည့် စကားရှိသည်။ ဒီမိုကရေစီ အားကောင်းသော နိုင်ငံများသည် ပညာကို အားပေးကြသည်။ ထို့အတူပင် ပညာကလည်း ဒီမိုကရေစီကို မောင်းနှင် အားပေးသည် (Knowledge drives Democracy) ဟုလည်း ဆိုကြသည်။ ပညာတစ်စုံတစ်ရာ အင်အား ကောင်းသော နိုင်ငံများသည် ဒီမိုကရေစီကို ပို၍ အားပေးကြသည်။၂၁ ရာစုသည် ပညာအခြေခံ လူ့အဖွဲ့အစည်း  (Knowledge Society) ပညာအခြေခံ စီးပွားရေး  (Knowledge Economy) တို့ပို၍ အားကောင်းလာမည်ဟု သုံးသပ်ထားရာ ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း ၂၁ ရာစု ပညာခေတ် ရေစီးကြောင်းတွင် နောက်ကျ မကျန်ဘဲ အတူလိုက်ပါနိုင်ရန် အားလုံး လက်တွဲ ပူးပေါင်းကြိုးပမ်းရန် လိုအပ်ပေသည်။

No comments:

Post a Comment