Saturday, February 25, 2012

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ မကြာခင် မှတ်ပုံပြန်တင်တော့မည်
၁၉၉၀ ရွေးကောက်ပွဲမှာ  အနိုင်ရရှိခဲ့တဲ့   ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (အက်စ်အန်အယ်လ်ဒီ ) ပါတီဟာ မကြာခင် သီတင်းပတ်အတွင်းမှာ  ပါတီမှတ်ပုံတင် ပြန်လည် လျှာက်ထားတော့မယ်လို့ ပါတီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “ကျနော်တို့ ပါတီတည်ထောင်လိုသူများကတော့ ၁၅ ယောက် အဆင်သင့်ရှိနေပါပြီ။ ကျနော်တို့ ရှေ့လထဲမှာ အပြီးတင်မှာပါ။ တကယ်လို့  ဒီကြားထဲမှာ တစုံတရာ အခက်အခဲ မရှိရင်တော့ ပထမပတ်ထဲမှာတင်ဖြစ်ဖို့ ရှိပါတယ်။ မှတ်ပုံတင်တယ်ဆိုတာကတော့ တခြားကျနော်တို့ မှာ​ ​ရွေးစရာလမ်းလည်း​မရှိဘူးလေ။ နိုင်ငံရေးလုပ်မယ်ဆိုရင် တရားဝင်မှတ်ပုံ တင်ထားတဲ့ အဖွဲ့အစည်းကသာလျှင် လုပ်ပိုင်ခွင့်ရှိတဲ့ အနေအထားမျိုးကို ရောက်နေတဲ့အခါကျတော့ ကျနော်တို့က မှတ်ပုံတင်ကို တင်ရမယ့် အနေအထားမျိုးမို့ လုပ်တာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အချိန်မမှီတော့တဲ့အတွက်  ရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက်တစ် အင်အားစုတွေအားလုံးကို ကူညီအားပေး ၀န်းရံသွားမယ်လို့လည်း အက်စ်အန်အယ်လ်ဒီ  ပါတီက ပြောပါတယ်။
ခွန် ထွန်း ဦး
 
ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ အက်စ်အန်အယ်လ်ဒီ ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယ အများဆုံး ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။  ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပါတီခေါင်းဆောင်တွေ အကျဉ်းကျခံထားရပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ အတူ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။
နှစ်ရှည်ထောင်ဒဏ်တွေကျခံနေရတဲ့  ပါတီခေါင်းဆောင်တွေ ပြီးခဲ့တဲ့လကမှ ပြန်လွတ်လာပြီး မဟာမိတ် အန်အယ်လ်ဒီပါတီကလည်း ပါတီမှတ်ပုံပြန်တင်ကာ​ ​ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ပြင်နေချိန်မှာ အက်စ်အန်အယ်လ်ဒီ ပါတီကလည်း ပါတီမှတ်ပုံတင် ပြန်လျှောက်ထားဖို့ အခြေအနေ ဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့  အက်စ်အန်အယ်လ်ဒီ  အပါအ၀င်  ရှမ်းနိုင်ငံရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က ဦးခွန်ထွန်းဦး နေအိမ်မှာ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ အက်စ်အန်အယ်လ်ဒီ  ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ခေါင်းဆောင်တွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဖြစ်တဲ့  ဗိုလ်ချုပ်ဆေထင်၊ ဗိုလ်ချုပ်ကိုင်ဖနဲ့ ဥရောပမြန်မာရုံးက ညွှန်ကြားရေးမှူး  ဦးဟန်ညောင်ဝေ စသူတို့ ပါဝင် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲမှာ  ရှမ်းနိုင်ငံရေးပါတီတွေရဲ့ ရှေ့ဆက် လက်တွဲ လုပ်ဆောင်သွားရမယ့် အနေအထား၊  ငြိမ်းချမ်းရေး ယူထားကြတဲ့  ရှမ်းပြည်တပ်မတော်မြောက်ပိုင်း​ (အက်စ်အက်စ်ပီပီ)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အာစီအက်စ်အက်စ်နဲ့ အသွင်ပြောင်းထားတဲ့ ရှမ်းပြည်သူ့စစ်အဖွဲ့တွေ အားလုံး တစုတစည်းတည်း ဘယ်လို တူညီတဲ့ရည်မှန်းချက်တခု ထားပြီး အလုပ် ဆက်လုပ်မလဲ​ ဆိုတဲ့ကိစ္စတွေ ဆွေးနွေးကြတယ်လို့ ဦးစိုင်းလိတ်က ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment