Thursday, March 15, 2012

မြန်မာ၊ ဘင်္ဂလား ရေပိုင်နက် အငြင်းပွားမှု စီရင်ချက်အပြီးချ

  မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ရေပိုင်နက် အငြင်းပွားမှုကို ပင်လယ်ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံး ITLOS က ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်၍ ပင်လယ်ပြင်ရေပိုင်နက်ကို အပြီးပြတ် သတ်မှတ်
ပေးလိုက်ပြီဟု ITLOS မှ သတင်းထုတ်ပြန်သည်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် ITLOS ရေပိုင်နက် သတ်မှတ်မှုအရ ရခိုင်ပြည်နယ် မောင်တောမြို့ အနီးရှိ
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို ပိုင်းခြားထားသော နယ်စပ်မြစ်ဖြစ်သည့် နတ်မြစ်စီးဝင်ရာ ဘင်္ဂလား ပင်လယ်အော် ရှိ အခြေခံမျဉ်းမှ အနောက်တောင်ဘက် ရေမိုင် ၂ဝဝ အထိ ဘင်္ဂလားဒေ့ရှ်က သီးသန့် စီးပွားရေးဇုန် အဖြစ် ပိုင်ဆိုင် မည် ဖြစ်သည်။

ITLOS သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပင်လယ်ပြင်ရေပိုင်နက် အကျယ်အဝန်း ၆၆,၄၈၆ မိုင် ပိုင်ဆိုင်သင့်ကြောင်း တင်ပြ
တောင်းဆိုခဲ့ပြီး ITLOS မှ ၆၈,၉၇၂ မိုင် ပိုင်ဆိုင်ခွင့်ရရှိမည်ဟု ဆုံးဖြတ်ချက်ချခဲ့ခြင်းကြောင့် “မိမိတို့ ရည်မှန်းချက်
အောင်မြင်သည်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် bdnews24 အွန်လိုင်း သတင်းဌာနသို့ ပြောကြားသည်ကို အဆိုပါသတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖေါ်ပြသည်။

ITLOS ၏ ကမ်းရိုးတန်းအလျား သတ်မှတ်ပေးမှုတွင် ဘင်္ဂလားဒေ့နိုင်ငံအတွက် ရခိုင်ပြည်နယ် မောင်တောမြို့အနီး အခြေခံမျဉ်းမှ ဧရာဝတီတိုင်း မော်တင်စွန်းအထိ ၃၆၄ မိုင်အထိ သတ်မှတ်ပေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်မူ အဆိုပါ အခြေခံမျဉ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Mandabaria ကျွန်းအထိ ၂၅၆ မိုင် ပိုင်ဆိုင်သည်ဟု သတ်မှတ်ပေးခဲ့သည်။



 
ITLOS
ITLOS သို့ တက်ရောက် လျှောက်လဲခဲ့ကြသည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့ (Photo:: itlos)

ITLOS သတ်မှတ်ပေးသည့် ရေပိုင်နက် (Photo:: itlos) မြန်မာ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတမ်း ပိုင်ဆိုင်မှုပြ မြေပုံ (Photo:: itlos) မြန်မာနှင့် ဘင်္ဂလာဒေ့ရှ်တို့ အငြင်းပွားကြသည့် ရေပိုင်နက် အကျယ်အဝန်း (Photo:: itlos)

ဘင်္ဂလာဒေ့ရှ်နှင့် မြန်မာတို့ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေသည့် စိန့်မာတင်ကျွန်းမှာမူ ITLOS သတ်မှတ်ပေးသည့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ၆၈,၉၇၂ မိုင်တွင်း ပါဝင်သွားခြင်းကြောင့် အဆိုပါကျွန်းကိုပါ မြန်မာတို့ လက်လွှတ်လိုက် ရပြီ ဖြစ်သည်။

ဟမ်းဘတ်မြို့တွင် ကြားနာစစ်ဆေးသည့် ရေပိုင်နက် အငြင်းပွားမှုကို မြန်မာဘက်မှ ပြည်ထောင်စု ရှေ့နေချုပ်
ဒေါက်တာထွန်းရှင် အပါအဝင် ရှေ့နေများဖြစ်သည့် Prof. Alain PELLET, Sir Michael Wood, Prof. Mathias FORTEAU, Mr. Daniel Muller နှင့် Mr. Coalter Lathrop, Professor Mathias Forteau, ကိုယ်စားလှယ်များ
ဖြစ်သည့် ဦးကျော်စန်း၊ ဒေါ်လှမျိုးနွယ်တို့ တက်ရောက် လျှောက်လဲခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး Dipu Moni အပါအဝင် ကိုယ်စားလှယ် ၁၀ ကျော်တို့ တက်ရောက်
လျောက်လဲခဲ့ကြသည်။

ITLOS ၏ တရားသူကြီး ၂၂ ဦးပါဝင် ဆုံးဖြတ်ခဲ့သည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု အမှုအမှတ်မှာ ၁၆ ဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေပိုင်နက် အငြင်းပွားမှုမှာ မြန်မာအစိုးရ၏ သဘာဝဓာတ်ငွေ့ ရှာဖွေခွင့် ရရှိထားသည့်
ဒေဝူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းမှ ရခိုင်ကမ်းလွန်ဒေသ လုပ်ကွက် AD 7 တွင် ရေနံအစမ်းတွင်း တူးဖော်ရေး လုပ်ငန်းများ ၂ဝဝ၈ ခုနှစ်အတွင်း စတင်လုပ်ဆောင်ရာမှ နိုင်ငံကြား တင်းမာမှု စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

လုပ်ကွက် AD 7သို့ ရေနံတွင်းတူးစင်ကို ဆွဲယူလာသည့် ဆွဲသင်္ဘောတစင်းကို စောင့်ရှောက် လိုက်ပါလာသော
မြန်မာရေတပ် သင်္ဘောကို ဘင်္ဂလားဒေ့ရှ် အစိုးရ ရေတပ်သင်္ဘော BNS Nirvoy မှ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရှိခဲ့ရာမှ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဒါကာရှိ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ကန့်ကွက်လွှာပေးခဲ့သည်။ ထိုကန့်ကွက်မှုအပြီး နှစ်နိုင်ငံတပ်ဖွဲ့များကို နယ်စပ် တလျှောက် တပ်လှန့် တပ်စွဲထားမှုများလည်း ပြုလုပ်ခဲ့သည်။

ထိုစဉ်က အဆိုပါ တင်းမာမှုနှင့် ပတ်သက်၍ “ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိ သဖြင့် ပယ်ချခဲ့ကြောင်း ထို့အပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD 7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန်ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ
မြန်မာ့အလင်းမှ တဆင့် မြန်မာအစိုးရက တုန့်ပြန်ခဲ့ဖူးသည်။
ချင်းမိုင် (မဇ္ဈိမ) ။        ။

No comments:

Post a Comment