Thursday, March 15, 2012

အမေအိုနှင့်တူလာသော ဂေါဝိန်ဆိပ်မှ အပြန်
အောင်ကျော်ချမ်အေး မန္တလေးသို့ အမေ့မွေးနေ့အမီ(၂၇.၂.၂၀၁၂)နေ့အရောက် ကျွန်မပြန်ခဲ့ရသည်။
 
မင်းစိုးရာဇာခေတ် မဟုတ်တော့ သော်လည်း မင်းကတော်ကြီးဟု ယနေ့တိုင် အခေါ်ခံနေရသည့် ကျွန်မအမေမှာ ခေသူမဟုတ်ပါ၊ လာဘ်မစား သော မင်းကြီး၏ကတော် ဘ၀နှင့် ဆိုရှယ်လစ်ခေတ်မှာ ကျွန်မတို့တတွေကို ပညာတွေ သင်ပေးနိုင်ခဲ့သူဖြစ်ပါ၏။ အမေသည် သားသမီးများ၏ လိုအပ်ချက်ကို ဖန်တီးပေးပုံဟာ မေတ္တာကို အညီအမျှ ခွဲဝေပေးနေဆဲ ဖြစ်သည်။
 
 အမေရှိလျှင် ငွေရှိသည်။အရွယ်ရလာသောအခါ ကျွန်မတို့ အားလုံး၏ တိုးတိုးဖော်ဖြစ်လာခဲ့ရပြန်သည်နှင့် မြေးမြစ်များ ခြံရံ လျှက် အုတ်ကျစ်ကျော်အေး မန္တလေးမှာ အမေ နေခဲ့သည်မှာ ၈၈နှစ် ရှိခဲ့လေပြီ။
 
အမေနှင့် အတူ သူမ၏ ဖွားဖက်တော်များ မရှိကြတော့သော်လည်း အမေချစ်သော နေရာတစ်ခုတော့ အမေကျန်နေပါသေးသည်။ ဧရာဝတီမြစ်မှ ရေကြောင်းသွားလာ ရွက်နုဝါတို့ နားခိုရာ ဂေါဝိတ်ဆိပ်ပင် ဖြစ်ပါသည်။ သည်တစ်ခေါက် ပြန်ရောက်တော့ အမေချစ်သော မြစ်ဆိပ်သို့ သွားကြည့်လိုက်မိသည်။
 
ကမ်းပေါ်မှဒီတစ်ကြိမ်ပြန်လည်ရပ်မိသောအခါ လေညှင်းတို့ ဆောင်ယူခဲ့သော ရေနံပြင်းပြင်းကို ခံစားရပါသည်။ တစ်ချိန်တစ်ခါက သည်နေရာမှာ သီပေါရာဇာနှင့် မိဖုရားစု တို့ပါတော်မူခဲ့ဖူးပါသည်။ ထိုစဉ်က နိုင်ငံခြားသဘောင်္များ ၀င်နိုင်ထွက်နိုင်သည့် နေရာ။
 
ခုနေခါမှာ ရေဘောင်ဘင်စီးပါတဲ့ မြစ်ကြီးဧရာဝတီ၏ တည်ငြိမ်မှုတို့လျော့နည်းလာစပြုနေပြီ အိုမင်းသော မြစ်တို့၏ သူငယ်ပြန်ခြင်း Rejuvenation ကို သတိရမိလာပါ၏။
 
ဧရာဝတီ သူငယ်ပြန်ချင်နေပြီလားမသိ။သူငယ်ပြန်လာအောင်လုပ်ပေးမည့် သူလည်း မရှိသေးပါ။
 
ဂေါဝိန်ဆိပ်မှ နေ၍ ငေးကြည့်လျှင် အလွမ်းတို့ ပြေးဝင်လာကြပြန်သည်။ အဖေတို့ တစ်ရွာလုံး စစ်ပြေးခဲ့သည့် မင်းကွန်းဘက်သို့ မြှော်ကြည့်လိုက်မိသောအခါ အဖေ့ကို သတိရလာပြန်သည်။ အဖေပြောပြောနေခဲ့သော စစ်ပြေးတုန်းအကြောင်းတွေ၊ ကသာမြို့မှ တရားသူကြီးဘ၀မှာ မယ်ဘယက် ခေါ် မမညိုနှင့် မဲဇာတောင်ခြေမှ ကွန်မြူနစ် သန့်စင်ရေး မှာ အဖေ၏ တာဝန်ကျေခဲ့ရသည့် အခန်းကဏ္ဍများ။ မဲဇာမြစ်ရေ စီးထွေထွေတည့် ဟူသော အဖေ၏ သီချင်းသံများကို ရင်ထဲမှာ ကြားယောင် လာသည်။ မျက်ရည်လည်လာခဲ့ပြီ ဧရာဝတီ
 
တူတော်မောင် ကိုပူကြူးက အမေ၏ ကားနှင့်ကျွန်မကို သံလျှက်မှော်အနောက်၊ ချောဆိပ်သို့ ခေါ်လာခဲ့ပြန် ပါသည်။
 
သည်နေရာမှာလည်း ဧရာဝတီမြစ်က စီးဆင်းနေဆဲ ဖြစ်သည်ကို မြင်ရပါ၏။ ရေက တစ်ပေသာသာ ပိုနည်းနည်း၊ လိုတောင်လိုဦးမည်။ လွန်ခဲ့သည့် ၄နှစ်ကမှ ရေက ၄-၅ပေ ရှိသေးသည်ကို အောက်ပါ အထောက်အထားအရ သိရှိခဲ့ရပါသည်။
 
၂၀၀၈ခုနှစ်က ဖြစ်ပါ၏ သဘောင်္ပျက်ဆယ်ယူရေးအဖွဲ့က စတင်တွေ့ရှိကာ ဥာဏ်တော်အမြင့် (၄၃)လက္မရှိသည့် စကျင်ရုပ်ပွားတော်တစ်ဆူကို စတင်ဆယ်ယူရာမှ ရုပ်ပွားတော် ငါးဆူစလုံး လိုရာပြည့်စုံ ရန်မျိုးလုံ ပေါ်တော်မူစေတီတော်သို့ ရောက်လာခဲ့ရသည်။ သံလျှက်မှော်မှ မိဘပြည်သူတို့၏ သဒ္ဒါတရားကြောင့် ဘုရားကြီး(၅)ဆူကို ရေလုပ်သား ၆၀၊ မော်တော် ၃စီးဖြင့် အောင်မြင်စွာ ဆယ်ယူ ခဲ့ကြရသည် ဆိုပါ၏။ ညနေ ၆နာရီ ၁၅ မိနစ်တွင် ကရိန်းနှင့် မ၍ ပင့်ဆောင်ကာ ည၇နာရီ ၁၈မိနစ်တွင် လိုရာပြည့်စုံ ရန်မျိုးလုံးဘုရား ရင်ပြင်တော်ပေါ်ကိန်းဝပ် စပ္ပါယ်ခဲ့ရသည်ဟု သိရသည်။
 
ပထမ ဆယ်ယူုခဲ့သော ဘရားများမှာ  ဥာဏ် တော် (၄၃)လက္မရှိ၍ ဒုတိယ ဆယ်ယူခဲ့သော ဘုရားမှာ ဥာဏ်တော်(၂)ပေသာရှိ၍ စကျင်ကျောက်နှင့် ထုထားပြီးမြစ်လယ်မှရယူခဲ့သည်ဟု သိရသည်။ တတိယဆယ်ယူခဲ့ရသောဘုရားမှာ ဥာဏ်တော်(၉)ပေရှိ၍ စတုတ္တဆယ်ယူခဲ့သော ဘုရားမှာ(၂ ပေ ၄ လက္မ)ရှိကာ ပဉ္စမဆယ်ယူရရှိခဲ့သော ဘုရားမှာ ဥာဏ်တော်(၄)ပေရှိသည်။ ပေါ်တော်မှု ရုပ်ပွားတော်ကြီးများကို ရန်မျိုးလုံ ဘုရားကုန်းတော်မှာပင်  ထာဝရကိန်းဝပ်ရန် ပူဇော်ထားသည်ကို ကြည်ညိုခဲ့ရပါ၏။ ချော်ဆိပ်ရပ်မှ သက်ကြီးရွယ်အို တစ်ဦးဖြစ်သော အဘဦးအေးက ပြောပြခဲ့သည်မှာ ၄င်း အသက် ၁၀နှစ် သားအရွယ်တွင် ချော်ဆိပ်ဘုရားတောင်ဘက် ကိုက် ၃၀၀ အကွာမှာ ဘုရားများတင်ဆောင်လာသည့် ဖောင်တော်နစ်မြုပ်ခဲ့ကြောင်း သို့ဖြစ်ပါ၍  အာလောင်း ရွာသားများက  အုန်းဆံကြိုးများဖြင့် ပြန်လည် ဆယ်ယူသော်လည်း မအောင်မြင်ခဲ့ရပါကြောင်း၊ စကျင်ဘုရား ကြီးများ၏ မူလပိုင်ရှင်မှာ  စကျင်ရွာသားဖြစ်၍ မန္တလေးသို့ ထုဆစ်ပြီး လာပို့ရာမှ မြုပ်ခဲ့ရကြောင်း ဆိပ်ကမ်းပင် ဘုရားများကို ထုဆစ်ရာ ရေက ရေခါးလည်မြုပ်သည့်နေရာမှပင် မတ်တပ်ရပ်လျှက် ထုဆစ်နေရ ကြောင်းကို မရမ်းခြံ ဆိပ်ကမ်းတွင်  မြင်ခဲ့ရဖူးသည်ဟု ဆိုပါ၏။ ဤသည်အထောက်အထားများနှင့် အဘအို၏ စကားသံကို  ကြားယောင်လျက် မြစ်ဆိပ်မှ ပြန်လည် ထွက်ခွာခဲ့ရပြန်သည်။
 
တူတောင်မောင် ကိုပူကြူးက ပေးသည့် အင်ဖော်မေးရှင်းများကို မှတ်သားလျှက် ဂေါဝိန်ဆိပ်သို့လည်ပြန် မြှော်ငေးကြည့်ခဲ့မိရာမှာ မော်တော်လေးများ ရပ်နား နေကြသည်ကို လည်း မြင်နေရသည်။ ဧရာဝတီမှာ စုန်ချီဆန်ချီခရီးသည်များ မန္တလေးမှ အထက်ထီချိုင့်၊ ကသာ၊ ဗန်းမော်ကို သူတို့ သွားချင်သွားလိမ့်မည်။ သွား၍ရလျှင် သွားပါလိမ့်မည်။ သို့ပေသိ ယနေ့မှာ ရေက တစ်ပေသာသာ သည်တော့ကာရပ်ထား၍ ကောင်းတုန်း။
 
လှေသမားဘ၀က ရေမှာ မူတည်သည်။ ရေမရှိလျှင် လှေသမားတို့ ဘ၀ပျက်ပေဦးတော့မည်။ ရေမရှိလျှင် ပျက်ရမည်က ကျွန်မတို့ တွေ၏ အောက်ခြေလူတန်းစားများ၊ ဧရာဝတီနှင်ရင်းနှီးလုပ်ကိုင်စားသောက်ရသည့် ဘ၀များပင်။
 
ကျွန်မငယ်ငယ်က အဖေနှင့် မြစ်ဆိပ်သို့ လာခဲ့ဖူးပါသည်။ ခဏခဏ ကိုရောက်ပါ၏။ ဂေါဝိန်ဆိပ်က မြင်းလှည်း ကို တစ်မတ်ပေးလိုက်လျှင် ဈေးချိုကို ရောက်ခဲ့ရ၏။ မြစ်ဆိပ်မှာ ဖောင်ကပ်ထားသည်ကို တော့ တွေ့ရဆဲ။
 
 ကျောက်မြောင်း၊ ရွှေဘိုကပဲ မျောချလာသလား။ ကျောက်ပန်းတောင်းနှင့် မြင်းခြံကိုပဲ ဆန်လေမလား။ ဆိုက်စုံနံပတ်စုံ အရွယ်မတူပေသိ အသွေးအရောင် တူသော ကလေးတစ်အုပ် ရေကစားနေကြသည်။ တစ်ယောက် နှင့် တစ်ယောက် ပြစ်ပေါက်ကာ ဆော့နေကြသည်။ သဲတူးနေသော လူရွယ်က တစ်အုပ်စု။ ဒီရေပြင်မှာ သဲခင်းထားသောကြောင့် လိုလျှင် လိုသလို သဲတူး၍ ရောင်းချခွင့်ရသည် ရေကလေးက တစ်ပေသာသာ၊ တခါတရံ နောက်၍ လူသူမရောက်သေးလျှင် ကြည်နေပါသေးသည်။ ကိုယ်တုံးလုံးလေးများနှင့်  ကျမ်းမာ၍ အသားညိုမဲနေသော ကလေးများ သည်မှာ ရေကစားနေကြသလို၊ တပို တပါးလည်းသည် နေရာမှာ သွားကြသည်။ မြစ်ရေကိုလည်းသောက်ကြသည်။ သို့ပေသည့် တစ်နေ့သော အခါမှာ သည်ကလေးအုပ်စုထဲမှ တစ်ယောက်ယောက်မှာ လွှတ်တော်ကိုယ်စား လှယ်ကြီးများ ဖြစ်မလာဖူးဟု မည်သူမျှ မပြောနိုင်ပါ။
 
 
နှေးကွေးသော ရေစီးကို လက်ခံနေရသည့် ဂေါဝိန်ဆိပ်သည် အမေနှင့် သွား၍ တူနေပြန် သေးတော့ဟု ကျွန်မထင်မိလာ၏။ သဲတူးသူကိုလည်း သဲကူ၍ ထုတ်ပေးရှာသည်။ တပို တပါးသွား၍ တင်ကျန်ရစ်သော အညစ်အကြေးကိုလည်း စိုးစိမှ မရွံ့မရှာ လက်ခံရရှာသည်။ ဂေါဝိန်မှ အပြန်မှာ အမေတစ်ဦး၏ မျက်နှာထားနှင့် ပြုံး၍ နှုတ်ဆက်ကာ ကျန်ခဲ့ရှာသည်။
 
ရေအနက် ၄ပေ ၅ပေ ရှိစဉ်က ဂေါဝိန်၏ မျက်နှာနှင့်ယခုလက်ကျန်ရေ ၁ ပေသာသာမှာရှိနေသည့် ဂေါဝိန်၏မျက်နှာမှာလည်း နေအထားအတူတူပင်၊ စာနာမှုအပြည့်နှင့် မြစ်ဆိပ်တစ်ဆိပ်၏ တာဝန်များကို သစ္စာရှိရှိဆက်လက် ထမ်းရွက် နေဆဲပင် ဖြစ်ပါသည်။ စိတ်ကြီးလည်း မ၀င်ခဲ့သလို အားငယ်စိတ်လည်း ဂေါဝိန်မှာ ရှိပုံမရရှာပါချေ။  အမေ တစ်ဦး၏ မျက်နှာနှင့် အမေတစ်ဦးလိုပင်  ဒုက္ခ များကို ကရုဏာနှင့်ဖြေသိမ့်ပေးတတ်သည့် ဂေါဝိန်ပင်။
 
ဖိစီးမှုများ ကြားမှာ ဘ၀င်မကျနေသူများကို ပြုံး၍နှစ်သိမ့်ပေးဆဲဖြစ်ပါ၏။ အုတ်ကျစ်ကျော်အေးမန္တလေးကိုလည်း ပွေ့ပိုက်ထားဆဲ ဖြစ်သည်။ အောင်ကျော်ချမ်းအေး မန္တလေးနှင့် အင်းကြင်းကြာအုံ ရတနာပုံ၏ အထင်ကရ ဂေါဝိန်မြစ်ဆိပ်ကမ်းပါးက ကျွန်မ ပြန်လာခဲ့ရသော်လည်း…။
ဆရာဇော်ဂျီ၏
                ရွှေမင်းဝံခြေရင်းက
 မြစ်မင်းယဉ်ဧရာ
ဝိုင်းခွေလို့သာ.......
မင်းဝံကပြာ၊ ဧရာကဖွေး
လှေလောင်းညို၊ ရေဂယက်မှာ
လင်းရွက်နှင့်လေး
ဂေါဝိန်ကိုပဲ့ခိုင်းလို့
နံကိုင်းမြတ်စေတီယံ
ဖူးတော့မည့်ဟန်.........
နှင့်ဧရာဝတီက မခို့တရို့နှင့် ဆက်လက်စီးဆင်းနေလေပြီ။
''အမေနှင့် ဧရာဝတီ"ကို နှုတ်ဆက်ခဲ့မိပါတော့သည်။ သို့ပါသော်လည်း နောင်နှစ်ခါသည်အချိန်မှာ အောင်ကျော်ချမ်းအေး မန္တလေးမှာ' အမေ' ရှိနေခွင့် ရပါစေ။ ဂေါဝိန်ဆိပ်မှာလည်း ရေအနက် (၁) ပေ အထက် အတော်လေးပိုပါစေဟု .ကျွန်မ ဆုတောင်းနေရပါဦးမည်။         
ဒေါက်တာ စိန်စိန်သိန်း(မြစ်မခ)

No comments:

Post a Comment