Friday, March 2, 2012

           ကျောင်းတွင်း ဒီမိုကရေစီ

စကားပလ္လင်

             စာသင်ကျောင်းများတွင် ဒီမိုကရေစီနည်းအရ မည်သို့ ကျင့်သုံးလိုက်နာလျက်ရှိသည့် လက်တွေ့ ဒီမိုကရေစီ နည်းနာနိသျများကို မည်ကဲ့သို့ သင်ကြားပို့ချပေးနိုင်သည်ကို စုံစမ်းစစ်ဆေးရန် အင်္ဂလန်ပြည်တွင် ဖွဲ့စည်းတည်ထောင်ထားသော (ပြည်သူ့နီတိပညာ ပြန့်ပွါးရေးအသင်း)က ကော်မတီ တစ်ရပ်ဖွဲ့စည်းလျက် တာဝန်ပေးခဲ့၏။ ထိုကော်မတီတွင် ပညာရေးနှင့်ဆိုင်ရာပုဂ္ဂိုလ် (၁၂)ဦး ပါဝင်၍ ကျောင်းဆရာကြီးများ၊ ပညာဝန်များ၊ တက္ကသိုလ်ကျောင်းအုပ်ကြီးများ ပါဝင်သည်။ ထိုကော်မတီသည် အင်္ဂလန်ပည်ရှိ စာသင်ကျောင်းပေါင်း အမြောက်အမြားကို သွားရောက်ကြည့်ရှုလေ့လာပြီးလျှင် စကားလုံးပေါင်း ၅၅၀၀၀ခန့် ပါဝင်သော အစီရင်ခံစာ တစောင်ကို ၁၉၄၇ခုနှစ်အတွင်းက (ပြည်သူ့နီတိ ပညာပြန့်ပွားရေးအသင်း)သို့ တင်ပြခဲ့လေသည်။ ထိုအစီရင်ခံစာတွင် စာသင်ကျောင်းများ၌ ဒီမိုကရေစီ အုတ်မြစ်ချရေးနှင့် ပတ်သက်၍ အဖိုးတန်သောအချက်အလက်များနှင့် ထိရောက်သော အကြံပေးချက် များ အများအပြားပါဝင်သဖြင့် အစီရင်ခံစာထွက်ပေါ်လာသည်နှင့် တပြိုင်နက် အင်္ဂလန်ပြည်၌သာမက ကမ္ဘာအရပ်ရပ်ရှိ ပညာရေးလောကတွင် အတော်အတန် ဂယက်ရိုက်သွားသည်ကို တွေ့ရလေသည်။


            ဒီမိုကရေစီဝါဒကို လက်ကိုက်ပြုလျက် ဒီမိုကရေစီနိုင်ငံထူထောင်ရန် အားသွန်ကြိုးပမ်းလျက်ရှိ သော ကျွနှ်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတွင်
လည်း စာသင်ကျောင်းများကစ၍ ဒီမိုကရေစီစံနစ်ကို လက်တွေ့ကျင့်သုံးနိုင်ရန်များစွာ လိုလားအပ်သဖြင့် အထက်ပါအစီရင်ခံစာကို အကျဉ်းချုံးပြီးလျှင် ဆီလျော်အောင် မြန်မာပြန်ဆို ထုတ်ဝေအပ်ပါသည်။ ဤစာအုပ်ငယ်သည် ကျောင်းသူ ကျောင်းသား များအား ဒီမိုကရေစီ သဘောတရားများကို လက်တွေ့ကျင့်သုံးနိုင်ရန် အထောက်အပံ့ဖြစ်ပါစေ သတည်း။ ဒီမိုကရေစီဟူသော နာမပညတ်၏ အဓိပ္ပါယ်ကို ကောင်းစွာသိမြင်နိုင်ကြပါစေသတည်


၁၉၅၂-ခု၊ မေလ ၁၀- ရက်။                                                                                                         မောင်သန့်
ရန်ကုန်မြို့။                                                                                                             အကျိုးဆောင်အုပ်ချုပ်မှုအတွင်းရေးမှူး
မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း

နိဒါန်း

        အင်္ဂလန်ပြည်ရှိ ပြည်သူ့နီတိပညာ ပြန့်ပွါးရေးအသင်းကို ၁၉၂၅-ခုတွင် စတင်ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ထိုအသင်းကို မဖွဲ့စည်းမီ ရှေးပဝေဏီကပင် ပြည်သူ့နီတိပညာကို အနည်းနှင့်အများဆိုသလို ရေးခဲ့ ပြောခဲ့ကြသည်။ ပြည်သူ့နီတိပညာဆိုသည်မှာလည်း ပြည်သူပြည်သားကောင်းတယောက် ဖြစ်လာစေရန် ရည်ရွယ်၍ သင်ကြားပို့ချသော ပညာရပ်ပင်ဖြစ်၏။ တနည်းဆိုသော် ပြည်သူ့လမ်းညွှန် ပညာ ဖြစ်ပေသည်။
          ရှေးအခါက နိုင်ငံအများ၌ပင် ပညာရေးစံနစ်သည် ပြည်သူပြည်သားကောင်းများ ဖြစ်လာရန် ရည်ရွယ်သော စနစ်ပင်ဖြစ်ပါသည်။ ဥပမာ ဟစ်တလာ၏လက်အောက်ဂျာမနီပြည်တွင် စာသင် ကျောင်းများး၌ (ပြည်သူပြည်သားကောင်းများ) ဖြစ်လာရန် ရည်ရွယ်၍ သင်ကြားပို့ချပေးသည်မှာ မှန်ပါ သည်။ ကလေးသူငယ်များသည် မိမိတို့တိုင်းပြည်ကို အလွန်အမင်း ချစ်ကြရမည်ဟုဆို၏။ နိုင်ငံတော် သည် ကလေးများ၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်၏။ ကလေးများ၏ ဥာဏ်ထက်မြက်ရေးကို လည်း နည်းအမျိုးမျိုးဖြင့် ဖန်တီး၏။ နိုင်ငံသမိုင်းကိုပင် ရည်ရွယ်ချက်ဖြင့်ပြန်လည် ရေးသားပြုစုစေ၍ သင်ကြားပို့ချကြရ၏။ သို့ရာတွင် ဟစ်တလာ၏ လက်အောက်ပညာရေးစံနစ်သည် ကျွနှုပ်တို့ နားလည် လက်ခံသော ဒီမိုကရေစီ ပညာရေးစံနစ်မဟုတ်ပေ။ မဟုတ်ရုံမျှမက အလွန်ပင် ကွာဝေးလှပေသည်။ ကိုယ့်အမျိုးကိုချစ်ရုံ၊ ကျန်းမာရုံ၊ ဥာဏ်ပညာကောင်းရုံမျှနှင့် ကလေးသူငယ်တယောက်သည် ဒီမို ကရေစီပညာကို သိနားလည်ခြင်းမရှိနိုင်ပေ။ ဒီမိုကရေစီဝါဒကို လက်တွေ့ကျင့်သုံးခြင်း မပြုနိုင်ပေ။ ဒီမို ကရေစီ ပညာသည်လည်း အစိုးရက တိုင်းသူပြည်သားများအား လက်ကမ်း၍ ပေးနိုင်သောပညာ မဟုတ်။ ဆရာက တပည့်အား သင်ကြားပို့ချ၍ လုံလောက်သော ပညာမဟုတ်။ ဆရာရော တပည့်ပါ ဒီမိုကရေစီစနစ်အတိုင်း လိုက်နာကျင့်ကြံနေထိုင်မှသာလျှင် တတ်မြောက်နိုင်သည့် ပညာရပ်ဖြစ်လေ သည်။ ထိုကဲ့သို့ ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနိုင်ရန်အတွက် ကျင့်သုံးသူများသည် အတော်အတန် လွတ်လပ်မှု ရှိရပေမည်။ ထိုသို့ ရရှိသော လွတ်လပ်မှုကိုပင် အများလွတ်လပ်မှုအတွက် အနစ်နာခံလို စိတ် ရှိရပေမည်။ ကျောင်းမှထွက်သော ကလေးငယ်များသည်  လွတ်လွတ်လပ်လပ် တွေးတောကြံဆ တတ်သောအကျင့်သည်ပင်လျှင် တိုးတက်ရေး၏ ဗီဇမျိုးစေ့ဖြစ်၏။ အထက်က ညွှန်ကြားချက်အရ ဤသို့သာ တွေးတောကြံဆရမည်။ ထိုသို့ မတွေးတောမကြံဆရဟူသော ချုပ်ချယ်မှုတို့သည် ဒီမိုကရေစီ၏ ရန်သူများ ဖြစ်ကြပေည်။ ဒီမိုကရေစီ၏ အင်္ဂါတရပ်ကား စိတ်ကူးကိုသော်၎င်း၊ အပြုအမူကိုသော်၎င်း ချုတ်ချယ် ခြင်း လုံးဝကင်းစင်ခြင်းပင်တည်း။
          (ဒီမိုကရေစီ) ဟူသော စကားသည် ရံဖန်ရံခါ အဓိပ္ပါယ်ကင်းမဲ့စွာ အသုံးပြုခြင်းကို ခံရတတ်လေသည်။ နိုင်ငံရေးနှင့် စပ်လျင်း၍ သဘောကျသော အကြောင်းအရာတရပ်ကို (ဒီမိုကရေစီ) ဖြစ်သည်ဟု ချီးကြူး ပြောဆိုလေ့ရှိကြ၍ သဘောမကျသော အကြောင်းအရာတရပ်ကို (ဖက်ဆစ်)ဖြစ်သည်ဟု ကဲ့ရဲ့ ရှုတ်ချ လေ့ရှိကြ၏။ သို့ရာတွင် ထိုသို့ပြောဆို သုံးစွဲသူတို့သည် အများအားဖြင့် ဒီမိုကရေစီ၏ အဓိပ္ပါယ်ကို သော်၎င်း၊ ဖက်ဆစ်၏ အဓိပ္ပါယ်ကိုသော်၎င်း မသိရှာကြလေ။ ဒီမိုကရေစီသည် ပါတီနိုင်ငံရေးမဟုတ် ပါတီအားလုံးနှင့် သက်ဆိုင်သော နိုင်ငံရေးပင်ဖြစ်၏။ တနည်းအားဖြင့်ဆိုသော် ဒီမိုကရေစီရှိမှသာလျှင် ပါတီများလည်း ရှိနိုင်ပေမည်။ ဒီမိုကရေစီမရှိလျှင် ပါတီအများ မရှိနိုင်ပေ။ ဒီမိုကရေစီ၏ အင်္ဂါရပ်များ မှာ လွတ်လပ်စွာ စိတ်ကူးနိုင်မှု၊ လွတ်လပ်စွာ ပြောဆိုနိုင်မှု၊ လွတ်လပ်စွာ ရေးသားနိုင်မှု၊ လွတ်လပ်စွာ စည်းရုံးနိုင်မှု အစရှိသော လူ့အခွင့်အရေးများပင်တည်း။
          ဒီမိုကရေစီ၏ အခြားအင်္ဂါတရပ်မှာ လူပုဂ္ဂိုလ်တဦးတယောက်၏ အရေးကြီးပုံကို အသိအမှတ် ပြုသည်။ အစိုးရသည် လူပုဂ္ဂိုလ်များအတွက်သာဖြစ်သည် လူပုဂ္ဂိုလ်များသည် အစိုးရအတွက်မဟုတ် ဟူသော ဥပဒေကို လက်ကိုင်ပြုသည်။ လူပုဂ္ဂိုလ်များသည် အရေးကြီးသည် ဆိုရာ၌ လူပုဂ္ဂိုလ် အသီးသီးသည် အသိဥာဏ်ပညာတွင်၎င်း၊ စိတ်နေစိတ်ထားတွင်၎င်း တူညီကြသည်ဟု မဆိုလိုပေ။ ထိုသို့ မတူညီကြသဖြင့်လည်း ဒီမိုကရေစီသည် လူတဦးနှင့်တဦး အသိဥာဏ်ပညာချင်းတူအောင် စိတ်နေစိတ်ထားချင်းတူအောင် ညှိ၍မပေး၊ ကိုယ်သန်ရာသန်ရာပညာရပ်တွင် ထူးချွန်အောင်သာ အားပေးသည်။ စိတ်ကူးအယူအဆချင်းမတူညီသည်ကို တသဘောတည်းဖြစ်အောင် ဒီမိုကရေစီက စုစည်း၍မပေး၊ စိတ်ကူးအမျိုးမျိုး၊ အယူအဆအမျိုးမျိုးမှ တိုင်းပြည်အတွက် အဖိုးအတန်ဆုံးသော အကြံဥာဏ်များ ပေါ်ပေါက်လာလိမ့်မည်ဟု ဒီမိုကရေစီသည် အားထားယုံကြည်၏။ တကျောင်းတဂါ ထာ၊ တရွာတပုဒ်ဆန်းဟူသောဝါဒသည် တနည်းအားဖြင့်ဆိုသော် ဒီမိုကရေစီဝါဒနှင့် ထပ်တူကျလျက် ရှိသည်။
          ဒီမိုကရေစီဝါဒသည် နှစ်သက်လိုလားအပ်သော အင်္ဂါရပ်များ အများအပြားရှိသော်လည်း ခြောက်ပြစ်ကင်း သဲလဲစင်ဝါဒမဟုတ်ပေ။ ချွတ်ယွင်းချက်များလည်း ရှိသေး၏။ အများသိရှိပြီးဖြစ်သော ချွတ်ယွင်းချက်မှာ နှေးကွေးခြင်းပင်ဖြစ်၏။ တိုင်းပြည်တပြည်ကို ဖက်ဆစ်နိုင်ငံဖြစ်လာအောင် ငါးနှစ် အတွင်း ဖန်တီးပေးနိုင်ပေသည်။ သို့ရာတွင် ဒီမိုကရေစီနိုင်ငံဖြစ်လာအောင်မူကား ဆယ်နှစ်နှင့်ပင် ဖန်တီး၍ မရကောင်းပေ။ တကယ့် ဒီမိုကရေစီနိုင်ငံဖြစ်လာစေရန်အတွက် ပြာသာဒ်ဆောက်သကဲ့သို့ တဆင့်ပြီးတဆင့် တထစ်ပြီး တထစ်သာလျှင် ဖန်တီးပေးနိုင်၏။ ဒီမိုကရေစီဝါဒသည် ခုရေတွင်းတူး၊ ခုရေကြည်သောက်နိုင်သော ၀ါဒမဟုတ်သည်ကို အထူးသတိပြုရမည်။
          ဒီမိုကရေစီဝါဒ အောင်မြင်စေရန်အတွက် ပဌမဆင့်မှာ တိုင်းသူပြည်သားများသည် အသိဥာဏ် ပညာ တိုး၍တိုး၍ ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲကြရမည်။ ဒီမိုကရေစီ၏ အောင်မြင်မှုသည် လူထု၏ အသိဥာဏ်ပညာ၊ လူထု၏ ကျွမ်းကျင်မှု၊ လူထု၏ စိတ်ပါဝင်စားမှု၊ လူထု၏ အများအကျိုး ဆောင်ရွက်လိုမှုများပေါ်တွင် တည်၏။ ထို့ကြောင့် ဒီမိုကရေစီဝါဒသည် ၀ါဒအားလုံးအနက် အခက်ခဲ ဆုံးသော ၀ါဒဖြစ်ပေသည်။ ဖက်ဆစ်နိုင်ငံ (၀ါ) အာဏာရှင်နိုင်ငံများတွင် လူထုအသိပညာရှိသည်၊ မရှိ သည်မှာ အရေးမကြီး၊ လူထုစိတ်ဝင်စားခြင်း မ၀င်စားခြင်းမှာ အရေးမကြီး၊ အထက်အာဏာပိုင်များက ပုံသေကားချ စီမံဆောင်ရွက်ခြင်းသာလျှင် အရေးကြီးပေသည်။ ဒီမိုကရေစီ နိုင်ငံများတွင်မူကား ထိုသို့ မဟုတ်ပေ။ လူထုသည် အရေးအကြီးဆုံး ဇာတ်လိုက်များဖြစ်ကြပေသည်။
          အာဏာရှင်နိုင်ငံများတွင် အထက် အာဏာပိုင်တို့က လက်ညှိုးညွှန်ရာကိုသာ လူထုက မညည်း မညူကျွဲနွားများပမာ လိုက်နာဆောင်ရွက်ကြရသဖြင့် အလုပ်တွင်ကျယ်သည်။ အချိန်တိုတိုနှင့် ဆောင် ရွက်၍ ပြီးစီးသည်။ ဒီမိုကရေစီနိုင်ငံများတွင်မူကား လူထု၏ဆန္ဒကို အရေးပေးသဖြင့် အချိန်ယူ၍သာ ဆောင်ရွက်ကြရသည်။ သို့ရာတွင် ဤချို့ယွင်းချက်ကား လူ့အခွင့်အရေးများအတွက် ကျွနှ်ုပ်တို့ပေးရ သော တန်ဘိုးမျှသာဖြစ်သည်။ ဒီမိုကရေစီ၏ ကြွေးကြော်သံမှာ (အချိန်ကြာလိုက ကြပါစေ၊ သို့ရာတွင် လူထုဆန္ဒအရသာဖြစ်ပါစေ) ဟူသော ကြွေးကြော်သံပင်တည်း။
          ဒီမိုကရေစီစံနစ် အောင်မြင်ရန် အလွန်ခက်ခဲလှသောကြောင့် အချို့နိုင်ငံများသည် လက်လျော့ ပြီးလျှင် အာဏာရှင်စနစ်ကို ထူထောင်ကြသည်။ သို့ရာတွင် အာဏာရှင်စံနစ်သည် တနေ့ထက် တနေ့၊ တလထက် တလ၊ တနှစ်ထက် တနှစ် လူထုကို တိုး၍သာ နဖါးကြိုးတပ်၏။ လူထုသည် ငုံ့၍သာခံကြရ သည်။ ပါးစပ်ကိုမဟ၀ံ့ကြ ။ ဒီမိုကရေစီကိုသာ ပြန်လည် လွမ်းဆွတ်တောင့်တကြသော်လည်း ဖိုးလ မင်းကို လိုချင်ပါသည်ဟု တောင့်တသော ကလေးငယ်ပမာ အချည်းနှီးသာလျှင်ဖြစ်ရ၏။ ထို့ကြောင့် ဒီမိုကရေစီကို စိတ်ပျက်၍ အာဏာရှင်စံနစ်ကို ကူးပြောင်းရန် လွယ်ကူလှသော်လည်း၊ အာဏာရှင်စံနစ်ကို  စိတ်ပျက်၍ ဒီမိုကရေစီသို့ ကူးပြောင်းရန်မှာ အလွန့်အလွန် ခဲယဉ်းသော လုပ်ငန်း ဖြစ်လေသည်။
          ထို့ကြောင့် ဒီမိုကရေစီစံနစ် အမြစ်တွယ်စေရန်အတွက် တိုင်းသူပြည်သားများသည် ကျောင်း သူ၊ ကျောင်းသား အရွယ်မှစ၍ ဒီမိုကရေစီဝါဒကို ကောင်းစွာလေ့လာ သင်ကြားကြရမည်။ သို့ရာတွင် လေ့လာသင်ကြားရုံမျှနှင့် မပြီးသေး။ ဒီမိုကရေစီစံနစ်ကို လက်တွေ့လိုက်နာဆောင်ရွက်ကြရပေမည်။ သို့မှသာလျှင် ဒီမိုကရေစီ သဘောတရားများသည် ကျောင်းသူ၊ ကျောင်းသားတို့၏ ဦးခေါင်းတွင် အမြစ်တွယ်ပေမည်။ ကျောင်းများ၌ ဒီမိုကရေစီဝါဒကို စာအုပ်ကြီးအတိုင်းလည်း သင်ကြားပို့ချ၍ မဖြစ် ပေ။ ဤကားမှန်သည်၊ ဤကားမှားသည်ဟု ကျောင်းသားသူငယ်များ၏ စိတ်ကူးကို မလေးမစားပြု၍ မသင်ကြားရာ၊ ကျောင်းသား သူငယ်များ၏ စိတ်၌ပင် ဤကားမှန်သည်၊ ဤကားမှားသည်ဟူ၍ အသိတရား ၀င်ရောက်လာရန် သင်ကြားပြသမှုသာလျှင် မှန်ကန်သော လမ်းစဉ်ဖြစ်၏။
          ကျောင်းသားသူငယ်များအား အသိဥာဏ်ပေးရာ၌ အောက်ပါအခြေခံအချက်အလက်များကို နားလည်အောင် ကြိုးစားရပေမည်။ ယခုခေတ်ကြီးတွင် နေမှုထိုင်မှုပြသာနာများသည် ရှေးကထက် ပိုမို ရှုပ်ထွေးလာသည်။ လူတဦးတယောက်ထဲ သတ်သတ်နေ၍မဖြစ်၊ တစ်ယောက်နှင့်တယောက် ဆက်သွယ်စုရုံး၍ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသလို အမှီသဟဲပြု၍ နေကြရသည်။ တနည်းအားဖြင့်ဆို သော် လူ့လောကသည် တဦးနှင့်တဦး တယောက်နှင့်တယောက် ပူးပေါင်းဆက်သွယ်၍ လုပ်ကိုင် ဆောင်ရွက်ကြရသော သမ၀ါယမ လောကတမျိုးပင်ဖြစ်၏။ လူတဦးနှင့်တဦး မသိမသာနားလည်မှုဖြင့် ချုပ်ဆိုထားသော စာချုပ်ကြီးများ ရှိကြပေသည်။ ထိုစာချုပ်အရ တဦးကတဦးကို စော်ကားခြင်းမပြုရ၊ နှောက်ယှက်ခြင်းမပြုရ၊ အချုတ်အချယ်မပြုရ။ ထိုနားလည်မှု စာချုပ်ကြီးကြောင့်သာလျှင် လူပုဂ္ဂိုလ် တဦးတယောက်သည် လူ့အသင်းကြီး၏ အသင်းသားတဦးဖြစ်လာရလေသည်။ စည်းမျဉ်း ဥပဒေများ ရေးဆွဲထားခြင်းမရှိသော်လည်း ထိုလူ့အသင်းကြီးတွင် ပါဝင်ရသည့်အတွက် လိုက်နာရသော ဥပဒေ များ ရှိ၏။ ဥပမာ လူတဦးက တဦးကို ဆဲရေးတိုင်းထွာခြင်းမပြု၊ ထိုးသတ် ရိုက်နှက်ခြင်းမပြု၊ မည်သည့် အစာကိုစား၍ မည်သည့်အ၀တ်ကိုဝတ်ပါဟု သြဇာပေးခြင်းမပြု။ ကျောင်းနေခြင်း၊ ကစားခြင်း၊ တယောက်တည်း လမ်းလျှောက်ခြင်း၊ စားမေးပွဲအောင်ခြင်း၊ ထူးချွန်၍ စကောလားရှစ်ဆုရခြင်းစသည့် အဖြစ်အပျက်များမှာ လူ့အသင်းဝင်တဦးအဖြစ်ဖြင့် ရရှိခံစားရသော အခွင့်အရေးများပင်တည်း။လူတိုင်း လူတိုင်ပင် လူ့အသင်းဝင်အဖြစ်ဖြင့် အခွင့်အရေးများရရှိသကဲ့သို့ တာဝန်ဝတ္တရားများလည်း ဆောင် ရွက်ရန် အများအပြားပင်ရှိလေသည်။ ထိုကဲ့သို့ လူ့အခွင့်အရေးများနှင့် လူ့တာဝန် ၀တ္တရားများကို ကျောင်းသားသူငယ်များ သိရှိသဘောပေါက်အောင် ပြသပေးရေးသည် ဆရာ၊ ဆရာမ များ၏ အလွန်အရေးကြီးသော လုပ်ငန်းကြီးတရပ်ဖြစ်ပေသည်။
          အထက်ပါ လူ့အခွင့်အရေးများနှင့် လူ့တာဝန်ဝတ္တရားများ (၀ါ) ပြည်သူပြည်သားများ၏ အခွင့် အရေးများနှင့် ပြည်သူပြည်သားများ၏ တာဝန်ဝတ္တရားများကို သင်ကြားပို့ချရန်အတွက် နည်းလမ်း (၂) လမ်းရှိလေသည်။ တလမ်းမှာ အခြားဘာသာရပ်များကို သင်ကြားရင်း ပြည်သူ့နီတိကို အခွင့်ရတိုင်း ထည့်သွင်းသင်ကြားခြင်းဖြစ်၍ အခြားတလမ်းမှာ ပြည်သူ့နီတိကို ဘာသာတရပ်အနေဖြင့် သင်ကြား ပို့ချခြင်းပင်ဖြစ်၏။ ပဌမနည်းလမ်းအရ နိုင်ငံသမိုင်းကိုသင်ကြားရာ၌၄င်း၊ ပြည်သူ့နီတိနှင့် ပါတ်သက် သော အချက်အလက်များကို သွယ်ဝိုက်သောနည်းဖြင့် သင်ကြားပို့ချနိုင်ပေသည်။ ဒုတိယနည်းလမ်း အရ ပြည်သူ့နီတိကို ဘာသာတရပ် အနေနှင့် တိုက်ရိုက်သင်ကြားရာတွင် ဆရာသည် အရေးကြီးဆုံး ဖြစ်လေသည်။ ထိုသို့ သင်ကြားရာတွင် ပြည်သူ့နီတိသည် ပျင်းရိငြီးငွေ့ဘွယ်ကောင်းသော ဘာသာ တရပ် အနေဖြင့် သမရိုးကျ နည်းစံနစ်အတိုင်း သင်ကြားပါမူ အကျိုးရှိမည်မဟုတ်ပေ။ သို့ရာတွင် ကျောင်းသားသူငယ်များ စိတ်ပါဝင်စားလာကြစေရန် (ထွင်)၍ သင်ကြားရန် အရေးကြီး၏။ ဥပမာ (အခွန်)နှင့် (အတုတ်)မည်သို့ ခြားနားကြောင်းကို ရှင်းလင်းပြောဆိုခြင်းထက် အခွန်တော်ကို မည်သည့်အတွက် ပေးဆောင်ကြရကြောင်းကို ဥပမာ ဥပမေယျများနှင့် ရှင်းလင်းပြောဆိုခြင်းသည် ပိုမို ထိရောက်၏။ ဥပဒေ ဘယ်နှစ်မျိုးရှိသည်ကို ကျောင်းသားသူငယ်များအား အလွတ်ကျက်မှတ်စေခြင်း ထက် ဥပဒေများကို အဘယ့်ကြောင့်ပြုလုပ်ရသည်။ ဥပဒေများ ပြုလုပ်ထားရှိသည့်အတွက် တိုင်းသူ ပြည်သားများသည် မည်ကဲ့သို့ လူမှုလွတ်လပ်ရေးရရှိသည်ကို စိတ်ဝင်စားအောင် ပြောဆိုရှင်းလင်းသင့် ၏။ အချုပ်အားဖြင့်ဆိုသော် ပြည်သူ့နီတိကို သင်ကြားရခြင်းကြောင့် ကျောင်းသားသူငယ်များစိတ်တွင် တိုး၍ ရှိသိလိုသောစိတ်၊ အများနှင့်ဆက်ဆံလိုသောစိတ်၊ တိုင်းပြည်လူထုအတွက် ဆောင်ရွက်လို     သောစိတ်များ ပေါ်ပေါက်လာရန် ဖန်တီးပေးရပေမည်။ လူ့အသင်းကြီးတွင် မိမိတို့လည်း အသင်းသား များ ဖြစ်ကြ၍ အသင်း၏ကောင်းရာကောင်းကြောင်းအတွက် ဆောင်ရွက်လိုစိတ်များ တဖွါးဖွါးပေါ် ပေါက်စေရမည်။
          ဆရာ၊ ဆရာမများ အထူးသတိပြုသင့်သော အချက်တချက်မှာ ကျောင်းသည် စာသင်ရာဌာန မျှသာ မဖြစ်သင့်ပေ။ ကျောင်းသည် အသင်းတခု၊ အစည်းအရုံးတခု၊ လူ့လောက ကလေးတခု ဖြစ်စေ ရမည်။ ထို လူ့လောကလေးအတွင်း၌ ပါဝင်သူတို့သည် အတူတကွ နေထိုင်ကြ၍၊ အတူတကွ သင် ကြားကြ၍၊ အတူတကွ ကစားကြ၍၊ အတူတကွ အပေးအယူပြုကြ၍၊ အတူတကွ အုပ်ချုပ်စီမံနိုင်ကြ သောဘ၀ကို တတ်နိုင်သမျှ ဖန်တီးပေးရပေမည်။ ထိုလူ့လောက ကလေးမှအလေ့အကျင့်များသည် တကယ့်လူ့လောကကြီးတွင် အထောက်အပံ့ဖြစ်စေရမည်။ တတ်နိုင်လျှင် ဆရာကမပြောဘဲနှင့် တာဝန်များ ၀တ္တရားများ နားလည်လာကြရန် ဖန်တီးပေးရမည်။ လွတ်လပ်စွာ ပြောဆိုခြင်း၊ လွတ်လပ် စွာ ရေးသားခြင်းစသော လူ့အခွင့်အရေးများသည် အကွပ်အထိန်းမရှိသော ပစ္စလက်ခတ် လွတ်လပ် ခြင်းမျိုး မဟုတ်ဘဲ အကွပ်အထိန်းရှိသော စံနစ်တကျ လွတ်လပ်ခြင်းဖြစ်သည်ဟု သိရှိနားလည် လာကြရမည်။ ထို့ကြောင့် ပြည်သူ့နီတိကို သင်ကြားရာတွင် စာတွေ့သင်ကြားခြင်းထက် ငါတွေ့ သင်ကြားခြင်းသည် များစွာပိုမို၍ ခရီးရောက်ပေသည်။
          အထက်တွင်ဖေါ်ပြခဲ့သော အချက်များမှာ ဒီမိုကရေစီပညာပေးရာတွင် အထောက်အပံ့ဖြစ်စေ မည့် အကြံပေးချက်များသာ ဖြစ်ပေသည်။ အရွယ်ရောက်လာ၍ ဒီမိုကရေစီလောကတွင် ၀င်ရောက် ပါဝင်ရမည့်သူသည် ကျောင်းတွင်နေထိုင်စဉ်ကပင် ဒီမိုကရေစီ အလေ့အကျင့်များကို တတ်နိုင် သလောက် ကိုယ်ထိလက်ေ၇ာက် ပါဝင်ဆောင်ရွက်ရန် အရေးကြီး၏။ ကျောင်းသားသူငယ်တို့သည် ကျောင်းတွင် ပညာသင်ကြားစဉ် ဆရာပြောသည်ကိုသာမှတ်၊ ဆရာညွှန်ကြားသည်ကိုသာ လုပ်၍ မိမိ ကိုယ်တိုင် ထိုးထွင်းလုပ်ကိုင်ရမည့် အလုပ်၊ ထိုးထွင်းကြံစည်ရမည့် စိတ်ကူးများ ခေါင်းပါးခဲ့လျှင် ထိုသူ သည် ကြီးပြင်းလာသောအခါ ဒီမိုကရေစီနိုင်ငံအတွက် အကျိုးများနိုင်မည့် လူစားမျိုးမဟုတ်နိုင်ပေ။ ထို့ကြောင့် ကျောင်း၌ရှိနေစဉ် ထိုးထွင်းအလုပ်၊ ထိုးထွင်းဥာဏ်များကို တတ်အားသမျှ အသုံးချနိုင် သော အခွင့်အရေးများ ရှိရပေမည်။ ထိုသို့ရှိရမည်ဟု ဆိုသဖြင့် ကျောင်းသားလောကသည် တကယ့် ဒီမိုကရေစီလောကသာလျှင် ဖြစ်ရမည်ဟု ကျွနှ်ုပ်တို့ မဆိုလိုပေ။ ကျောင်းသားသည် ကျောင်းသားမျှ သာ ဖြစ်၍ အရွယ်ရောက်ပြီးသော လူကြီးများ၏ အခြေခံပညာ၊ ကျယ်ဝန်းသော ဗဟုသုတများ မရှိရှာ ကြသေးချေ။ ထို့ကြောင့် လူကြီးများလိုက်နာ ကျင့်သုံးရသော ဒီမိုကရေစီအခွင့်အရေးမျိုးကို ကျောင်းသားသူငယ်များအား ကျပ်ပြည့်တင်းပြည့် ပေးအပ်ရန် မသင့်လျော်ပေ။ ကျောင်းတွင်း ဒီမိုက ရေစီသည် အသက်အရွယ် အသိဥာဏ် ဗဟုသုတများနှင့် ကိုက်ညီအောင် အခြေခံထားသော ဒီမိုကရေစီမျှသာ ဖြစ်သင့်ပေသည။ ပြည်တွင်း ဒီမိုကရေစီသည် အရွယ်ရောက်ပြီးသူတို့သာ ပါဝင် ဆင်နွှဲကြသဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဌာနများတွင် စိတ်တိုင်းကျ စီမံခန့်ခွဲနိုင်ကြ သည်။ ကျောင်းတွင်း ဒီမိုကရေစီမှာမူကား ထိုဒီမိုကရေစီစံနစ်ကို ပုံသေကူးချ၍မဖြစ်နိုင်ပေ။ ကျောင်း တွင်း ဒီမိုကရေစီ အောင်မြင်မှုအတွက် အရေးကြီးသော အချက်တရပ်ကို သတိပြုရပေမည်။ ထိုအချက်မှာ အခြားမဟုတ် အခြားမဟုတ် ကျောင်းတွင်း ဒီမိုကရေစီ ကျင့်သုံးရမည့်သူများမှာ ဆရာ များနှင့် ကျောင်းသူ၊ ကျောင်းသားများ ဖြစ်ကြ၏။ ဆရာများမှာ လူဦးရေနည်း၍ ကျောင်းသူကျောင်း သားများမှာ လူဦးရေများသော်လည်း ဆရာသည် ကျောင်းသားထက် အသိဥာဏ် ဗဟုသုတစသည့် အရည်အချင်းများ ပိုမိုပေသည်။ ထိုအချက်ကို သတိပြုလျက် အခြေအနေနှင့် သင့်လျော်အောင် ဒီမိုကရေစီကို ကိုယ်တွေ့ ကျင့်သုံးနိုင်ကြရန် အရေးကြီးလှပေသည်။


                                                                             အခန်း (၁)
                                                                ဒီမိုကရေစီ၏ နောက်ခံကား

          ဤအခန်းတွင် စာသင်ကျောင်းများ၌ ဒီမိုကရေစီကိုကျင့်သုံး ဆောက်တည်ကြရာတွင် မည်သို့သော နောက်ခံကားများ ရှိသင့်သည်ဟူသောအချက်ကို ကျွနှ်ုပ်တို့ ဆွေးနွေးပေအံ့။ ထိုသို့မဆွေးနွေးမီ ကျောင်းတွင်း ဒီမိုကရေစီဟူသော စကားအဓိပ္ပါယ်ကို ကျွနှ်ုပ်တို့ စစ်ဆေးကြရန် လိုအပ်ပေသည်။ ဒီမိုကရေစီကို ကျင့်သုံးသော ကျောင်းများတွင် သိသာသော အချက်တရပ်မှာ ကျောင်းလောကအတွင်း၌ ဆက်ဆံရေးသည် ပြေပြေ ပြစ်ပြစ်ရှိ၍ သဘောထားကြီးမှုများကို တွေ့မြင်နိုင်ပေသည်။ ဆက်ဆံရေးဆိုသည်မှာလည်း ကျောင်းသူ ကျောင်းသား အချင်းချင်းဆက်ဆံရေး၊ ဆရာနှင့်တပည့်ဆက်ဆံရေး၊ ဆရာနှင့်မိဘ ဆက်ဆံရေးများကို ဆိုလိုပေသည်။ ထိုသို့ဆက်ဆံရေး ကောင်းမွန်ချောမောခြင်းသည် ဒီမိုကရေစီ၏ အရေးကြီးသော အသွင်တရပ်ဖြစ်၏။
          စာသင်ကျောင်းများကို သုံးမျိုးသုံးစားခွဲခြား၍ရလေသည်။ ပဌမအမျိုးကို (ဖွဲ့စည်းထားသော ကျောင်း)ဟု ဆိုကြပါစို့။ ထိုကျောင်းမျိုးတွင် အလုပ်ရုံများ၊ ဆိုင်ကြီးများကဲ့သို့ ဣနြေ္ဒရရ စည်းကမ်း ကျကျ ရှေးရိုးမပျက် သင်ကြားပို့ချသောစံနစ်ကို တွေ့နိုင်ပေသည်။ ထိုကျောင်းများ၏ လုပ်ငန်းမှာ ကျောင်းသူ ကျောင်းသား ကလေးများကို လက်ခံပြီးလျှင် သတ်မှတ်ထားသော ဘာသာရပ်များကို တဆင့်ပြီးတဆင့် သင်ကြားပို့ချ စာမေးပွဲများစစ်၍ အတန်းတင်၊ အတန်းကုန်သောအခါ ကျောင်းမှ ထွက်စေ၍ စာကိုသော ဂရုစိုက်ပို့ချသော ကျောင်းမျိုးဖြစ်လေသည်။ စာကို ဂရုစိုက်၍ သင်ကြားပို့ချ ခြင်းသည် ကျောင်းတိုင်း၏ လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းတရပ် ဖြစ်ပေသည်။ သို့ရာတွင် ထိုလုပ် ငန်းသည် ကျောင်း၏လုပ်ငန်းအကုန် မဟုတ်ပေ။ နေမှု ထိုင်မှု ဆက်ဆံမှုစသော လူ့ကိစ္စများကို လစ်လျူရှုသဖြင့် ကျောင်းသားများသည် ထိုကျောင်းမျိုးကို အလုပ်ရရာ ရကြောင်း၊ အလုပ်ရုံတမျိုး သဘွယ် သဘောထားကြလေသည်။ ထိုကျောင်းမျိုးသည် သူငယ်၊ သူငယ်မများအား အလုပ်ရစေရန် ဖန်တီးပေးနိုင်မည်ဖြစ်သော်လည်း လူ့လောကတွင် မည်ကဲ့သို့နေထိုင်လုပ်ကိုင်ရမည်ဟု သင်ကြား မပေးကြချေ။ ထို့ကြောင့် ထိုစာသင်ကျောင်းမျိုးသည် ကျေနပ်ဘွယ်ရာကောင်းသော ကျောင်းများ မဖြစ်နိုင်ပေ။ ဆရာများ၏ ရည်ရွယ်ချက်မှာ ကျောင်းသူကျောင်းသားများသည် အတန်းတင်စာမေးပွဲ များ အောင်မြင်ကြ၍ အလုပ်တခုခုကို လုပ်ကိုင်နိုင်ကြစေရန်ဖြစ်လေသည်။ ထိုကျောင်းမျိုးသည် ပတ်ဝန်းကျင်လူ့လောကနှင့်ဆက်စပ်၍မရသော ကျဉ်းမြောင်းလှသည့် ကျောင်းလောကကလေးမျှ ဖြစ်၏။
          ဒုတိယအမျိုးကို (မိသားစုကျောင်း) ဟု ခေါ်ဆိုကြပါစို့။ ထိုကျောင်းများသည် အရေအတွက် အားဖြင့် အလွန်နည်းပါးလှပေသည်။ ထိုကျောင်းများ၏ရည်ရွယ်ချက်မှာ ပဌမအမျိုးအစား ကျောင်းများ ကို မနှစ်မြို့ကြ၍ ထူးခြားသော အသွင်ဖြင့် ကျောင်းသစ်ထွင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် ထားခြင်း ဖြစ်လေသည်။ အဓိက ရည်ရွယ်ချက်မှာ ထိုကျောင်းများတွင် တက်ရောက်သင်ကြားကြ သော ကျောင်းသူ၊ ကျောင်းသားများသည် စိတ်ပျော်ရွှင်စွာ မိသားတစုကဲ့သို့ ခင်မင်ရင်းနှီးစွာ နေထိုင် ဆက်ဆံနိုင်ကြရန် ဖြစ်ပေသည်။ သို့ရာတွင် ဒီမိုကရေစီလောကသို့ ၀င်ရောက်ရမည်ဖြစ်သော ကျောင်းသားများသည် စိတ်ပျော်ရွှင်စွာ မိသားတစုကဲ့သို့ ခင်မင်ရင်းနှီးစွာ နေထိုင်ဆက်ဆံနိုင်ကြရန် ဖြစ်ပေသည်။ သို့ရာတွင် ဒီမိုကရေစီလောကသို့ဝင်ရောက်ရမည်ဖြစ်သော ကျောင်းသား သူငယ်များ အား ပျော်ရွှင်မှုတခုတည်းကိုသာပေး၍ လုံလောက်သည်ဟု မဆိုနိုင်ပေ။ ပျော်ရွှင်မှုသည် တခုတည်း သတ်သတ်ရနိုင်သော ကိစ္စမဟုတ်ပေ။ ပျော်ရွှင်မှုသည် ကိစ္စတခုခုကို ပြုလုပ်ပြီးစီး၍သော်၎င်း၊ နေမှု ထိုင်မှု၊ ၀တ်မှု၊ စားမှု၊ ပြည့်စုံ၍သော်၎င်း၊ ရည်ရွယ်ချက် ပြည့်စုံ၍သော်၎င်း ရရှိသည့်စိတ်၏ အနေ အထားကို ဖေါ်ပြခြင်းမျှသာဖြစ်လေသည်။ ထို့ကြောင့် ပျော်ပျော်နေတတ်အောင် သင်ကြားပေးသည် ဆိုသည်မှာ အဓိပ္ပါယမရှိလှပေ။ အချင်းချင်းမိသားစုပမာ ရင်းနှီးအောင် သင်ကြားပေးခြင်း၊ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင်နေတတ်အောင် သင်ကြားပေးခြင်းစသည်တို့မှာ များစွာလိုလားအပ်သော်လည်း ပြည့်စုံ သော ကျောင်းတွင်းလောကမဟုတ်သေးပေ။
          တတိယအမျိုးအစားဖြစ်သော ကျောင်းများသည် အထက်ပါကျောင်းမျိုးထက် လုပ်ငန်းပိုမို ကျယ်ဝန်း၏။ ထိုကျောင်းမျိုးတွင် ကျောင်းသင်ဘာသာရပ်များကို သင်ကြားပေးခြင်၊ ကျောင်းတွင်း လောကရှီ သူငယ်၊ သူငယ်မများအား မိသားစုကဲ့သို့ ပျော်ပျော်ရွှင်ရွှင်ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံနိုင် ရန် သင်ကြားပေးခြင်းသာမက ဒီမိုကရေစီ အလေ့အထများကိုလည်း လိုက်နာကျင့်သုံးစေလေသည်။ ထိုကျောင်းမျိုးကို (ဒီမိုကရေစီကျောင်း)ဟု ခေါ်ဆိုကြပါစို့။ ထိုကျောင်းတွင်းလောက၌ ကျောင်းသူ၊ ကျောင်းသားများသည် အပေးအယူစိတ်ထားဖြင့် အများအကျိုးအတွက် မိမိက အနစ်နာခံလိုစိတ်ရှိ ခြင်း၊ ကျောင်းတွင်းလောက ပြေပြစ်စေရန် မိမိကတတ်အားသမျှ ကူညီခြင်း၊ တာဝန်အသီးသီးကို မျှတ ထမ်းဆောင်ခြင်း၊ စာမေးပွဲအောင်ရန်၊ ပျော်ရွှင်ရန်ဟူသော ရည်ရွယ်ချက်ကြီးကိုလည်း ထားရှိစေသော ကျောင်းမျိုးသာဖြစ်ပေသည်။ ဤစာအုပ်ငယ်ကို ဤကျောင်းမျိုးပေါ်ပေါက်ရေးအတွက်သာ ရည်ရွယ်၍ ရေးသားရခြင်းဖြစ်ပေသည်။ ထိုကျောင်းမျိုးပေါ်ပေါက်စေရန်မှာလည်း ကျောင်းသားကော်မတီများ၊ ကျောင်းကောင်စီများ မည်မျှပင် ဖွဲ့စည်းထားစေကာမူ တကယ့်ဒီမိုကရေစီ စိတ်ထားကို မွေးမြူခြင်းမရှိ လျှင် အောင်မြင်မည်မဟုတ်ပေ။ အထူးသဖြင့် ကျောင်းဆရာကြီးနှင့် ကျောင်းဆရာအချို့ကစိတ်ပါဝင် စားစွာ ဂရုပြု၍ ဆောင်ရွက်ပါမှသာလျှင် အောင်မြင်နိုင်ပေမည်။
          စာသင်ကျောင်းများတွင် ဒီမိုကရေစီစိတ်ထားမွေးမြူရန်အတွက် ဆက်ဆံမှုသည် အရေးကြီး၏။ ဆက်ဆံမှုအောင်မြင်စေရန်အတွက်မှာလည်း ဆရာကြီးလုပ်သူသည် အဓိကအရေးအကြီးဆုံး ဖြစ် လေသည်။ ဆရာကြီးလုပ်သူသည် မိမိကိုယ်ကို သြဇာပေးသူအဖြစ်ဖြင့်သာ မှတ်ယူလျှင် မိမိ၏ကျောင်း ၌ ဒီမိုကရေစီရှိမည်မဟုတ်ပေ။ ထိုနည်းအတူပင် ဆရာကြီးလုပ်သူသည် စေတနာလွန်ကဲ၍ မိမိ၏ သြဇာအာဏာများကို လုံးဝစွန့်လွှတ်ပြီးသကာလ ကျောင်းသားများအား ဒီမိုကရေစီအခွင့်အရေးများ အားလုံးကို ပေးအပ်လိုက်လျှင်လည်း မိမိ၏ကျောင်းသည် အကွပ်မရှိသောတောင်းပမာ ဖရိုဖရဲဖြစ်မည် မှာ သေချာပေသည်။ ကျောင်းဆရာကြီးအဖြစ်ဖြင့် မိမိတွင် သတ်မှတ်ထားသော တာဝန်များရှိနေလေ သည်။ အာဏာအချို့ကိုလွှဲအပ်ရာတွင် ကျောင်းသားများ၏ အသိဥာဏ်၊ ကျောင်းသားများ၏ စွမ်း ဆောင်နိုင်ခြင်း၊ ကျောင်းသားများ၏ ကိုယ်တွေ့ဗဟုသုတများကို ထောက်ထားနှိုင်းချိန်၍သာ လွှဲအပ်ရ ပေမည်။ သတင်းစာအယ်ဒီတာ တဦးသည် တခါကအောက်ပါအတိုင်း မှတ်ချက်ချဘူးလေသည်။ “အယ်ဒီတာကောင်းဆိုသည်မှာ မိမိ၏ပင်ကိုယ်ဥာဏ်နှင့် အကျင့်စာရိတ္တသည် မိမိ၏သတင်းစာတွင် မိမိ၏ အရိပ်ကဲ့သို့ အမြဲမပြတ်ထင်နေရပေမည်။ သို့ရာတွင် (၇)ရက်ခန့်မိမိအလုပ်မလုပ်ဘဲ နေလျှင် လည်း မိမိ၏သတင်းစာသည် မူမပျက်ဘဲ ဆက်လက်၍ မိမိ၏အရိပ်သာလျှင်ထင်နေပေဦးမည်”။ ဤ မှတ်ချက်သည် ကျောင်းဆရာကြီးကောင်းနှင့်လည်း သက်ဆိုင်ပေသည်။ ဒီမိုကရေစီကို ချစ်ခင်မြတ်နိုး သော ကျောင်းဆရာကြီးသည် တကျောင်းလုံး၏ ကိစ္စအ၀၀တွင် မိမိ၏အရိပ်ထင်နေရန် အရေးကြီး၏။ သို့ရာတွင် ကျောင်းလောကအတွင်းရှိ ပုဂ္ဂိုလ်တိုင်းကလည်း တာဝန်အသီးသီးကို ထမ်းဆောင်ကြရ သဖြင့် ကျောင်းဆရာကြီးသည် အခိုက်အတန့်အားဖြင့် မရှိသည့်တိုင်အောင် ကျောင်း၏(မူ)သည် ပျက်သွားခြင်းမရှိနိုင်ပေ။
          ကျောင်းတွင်းဒီမိုကရေစီ အောင်မြင်စေရန်အတွက် ကျောင်းဆရာကြီးနှင့် လက်ထောက်ဆရာ၊ ဆရာမများ၏ဆက်ဆံရေးသည် ပြေပြစ်ချောမောရန် အရေးကြီး၏။ ရင်းနှီးစွာ ဆွေးနွေးတိုင်ပင်ခြင်း၊ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တဦးကိုတဦး လေးစားခြင်း စသည်တို့သည် များစွာအထောက်အပံ့ ဖြစ်စေနိုင်ပေသည်။ ထမ်းဆောင်ရမည့်တာဝန်များကိုလည်း အသီးသီးမျှတ၍ ထမ်းဆောင်ကြရသဖြင့် လူတိုင်းလူတိုင်းပင် တာဝန်သိတတ်ောစိတ်ကို ပိုမိုမွေးမြူကြလေသည်။ စုပေါင်း ဆွေးနွေးရာ၌လည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဆွေးနွေးနိုင်ကြသဖြင့် ခရီးရောက်နိုင်၏။ အကယ်၍ ဆရာကြီးလုပ်သူ သည် အာဏာရှင်ဆန်ဆန် ပြုကျင့်ပါက လက်ထောက်ဆရာ၊ ဆရာမများသည် မိမိတို့ပြောလိုသော အချက်များကို ဖွင့်ဟ၍ ပြောရဲမည်မဟုတ်ရာ ကျောင်း၏တိုးတက်ရာ တိုးတက်ကြောင်းသည် များစွာ ထိခိုက်စရာရှိလေသည်။ ထို့ကြောင့် ကျောင်းဆရာ၊ ဆရာမ အားလုံးသည် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိကြရန် အရေးကြီးပေသည်။
          ကျောင်းဆရာကြီးနှင့် ကျောင်းသားများ၏ ဆက်ဆံရေးသည်သာ၍ပင် အရေးကြီးပေသည်။ အချို့နံမည်ကျော်ကျောင်းကြီးများတွင် ဆရာကြီးလုပ်သူနှင့် တပည့်များသည် ရံဖန်ရံခါတွေ့ဆုံ၍ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးတတ်ကြသည်။ ဤအလေ့အထမျိုးသည် ဒီမိုကရေစီအလေ့ အထကို ပြုစုပျိုးထောင်ခြင်းပင်ဖြစ်၍ များစွာလိုလားအပ်ပေသည်။ ဆရာကြီးသည် အာဏာရှင်ဆန် လျှင်မူကား တပည့်များသည် ကြောက်ရွံ့သောစိတ်ဖြင့် မိမိတို့ပြောလိုသောဆန္ဒကို ဖုံးဖိ၍ထားမည် သာတည်း။ တပည့်များက ဆရာ့အား ချစ်ကြောက်ရိုသေရမည်ဟူသော ဥပဒေသည် ဆရာများက အတင်းအကျပ် ဖန်တီးပေးရမည့် ဥပဒေသမဖြစ်စေရ။ တပည့်များ၏စိတ်တွင် အလိုအလျောက် ပေါ်ပေါက်လာရမည့် ဥပဒေသသာလျှင် ဖြစ်စေသင့်သည်။ တပည့်ကျောင်းသားများက ဆရာသမား များအား အလိုအလျောက်ချစ်ခင်ခြင်း၊ အလိုအလျောက် ကြောက်ရွံ့ရိုသေခြင်းရှိပါမူ ဤကျောင်းမျိုး သည် ဒီမိုကရေစီပညာ ဖြန့်ဖြူးရန် အကောင်းဆုံးသော ကျောင်းဖြစ်လာပေမည်။ အထက်က ချစ်ခိုင်း၍ ချစ်ရခြင်း၊ ကြောက်ခိုင်း၍ ကြောက်ရခြင်း၊ ရိုသေခိုင်း၍ ရိုသေရခြင်းဟူသော အဖြစ်အပျက်များမှာ ဒီမိုကရေစီနှင့် အလွန်ဝေးကွာသော အင်္ဂါရပ်များ ဖြစ်ကြပေသည်။
          အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆရာကြီးနှင့် ဆရာများ ရင်းနှီးစွာဆက်ဆံခြင်း၊ ဆရာကြီးနှင့် တပည့်များရင်းနှီးစွာ ဆက်ဆံခြင်းရှိခဲ့သော် ဆရာများနှင့် တပည့်များ ရင်းနှီးစွာဆက်ဆံမှုလည်း ရှိမည် မှာ မလွဲပေ။ ထိုကဲ့သို့ ကျောင်းတွင်းဆက်ဆံမှုများသည် ပြေပြစ်ရင်းနှီးပါမူကား ဒီမိုကရေစီမျိုးစေ့ချရန် အလွန်ကောင်းသော မြေသြဇာရှိပြီဟု ဆိုနိုင်ပေသည်။



                                                                             အခန်း (၂)
                                                          ကျောင်းတွင်းကိုယ်ပိုင်အုပ်ချုပ်ရေး
                                                                 နည်းလမ်းများနှင့်နယ်နိမိတ်

             ဤအခန်းတွင် ကျောင်းလောကအတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများသည် မည်ကဲ့သို့ ကျောင်းတွင်းဒီမိုကရေစီကိုကျင့်သုံးဆောက်တည်နိုင်သည်ဟူသော အချက်ကို ဖေါ်ပြပေမည်။ ကျောင်းတွင်း ဒီမိုကရေစီကိုကျင့်သုံးဆောက်တည်နိုင်သည်ဟူသော အချက်ကို ဖေါ်ပြပေမည်။ ကျောင်းတွင်း ဒီမိုကရေစီဆိုရာ၌ တနည်းအားဖြင့် ကျောင်းတွင်းကိုယ်ပိုင် အုပ်ချုပ်ရေးပင်ဖြစ်ပေသည်။ ကျောင်းတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုရာ၌လည်း နိုင်ငံတနိုင်ငံအတွင်း၌ ရရှိသော ကိုယ်ပိုင်အုပ်ချုပ် ရေးနင့် မတူမူကွဲပြား၏။ အကျဉ်းအားဖြင့် ဖေါ်ပြရလျှင် ကျောင်းတွင်းကိုယ်ပိုင် အုပ်ချုပ်ရေးသည် မည်သည့်နည်းနှင့်မျှ လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးမဖြစ်နိုင်ပေ။ ကျောင်းများတွင် ဖွဲ့စည်းထားသည့် ကျောင်းကောင်စီများ (၀ါ) ကျောင်းလွှတ်တော်များသည် အောက်ပါအချက်များကို ဂရုပြု၍သာလျှင် စခန်းသွားရပေမည်။

(၁) ကျောင်းကိစ္စဟူသမျှတွင် နောက်ဆုံးအာဏာပိုင်သူမှာ ကျောင်းဆရာကြီးသာလျှင်ဖြစ်ရမည်။

No comments:

Post a Comment