Friday, March 2, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပထမဆုံးအကြိမ်သမ္မတပြောကြား
မတ် ၁၊ ၂၀၁၂ (YPI)


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ယနေ့ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၎င်းမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတက တိုင်းရင်းသားများနှင့်ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနှင့်ပတ်သတ်ပြီး “ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆန္ဒနဲ့သဘောတူပြင်ဆင်ပြီး မိမိတို့ရဲ့လိုလားချက်တွေ ရရှိအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မည်ဟု ကြွေးကြော်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင်း အများဆန္ဒကိုရယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ကြိုးပမ်းမည်ဟု ၎င်း၏ မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားလျှက်ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းက သမ္မတ၏ ယခုကဲ့သို့သဘောထားကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးမှာ လွန်စွာခက်ခဲမည်မဟုတ်တော့ဟု သူမ၏အမြင်ကိုပြောသည်။

ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးထွေးမြင့်ကမူ အများဆန္ဒဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ပြောကြားခြင်းအား ကြိုဆိုသော်လည်း ယခုလွှတ်တော်အနေဖြင့် ပြည်သူအများကို ကိုယ်စားပြုသည့် လွှတ်တော်ဟု ပြောရန်မဖြစ်နိုင်ကြောင်းပြောသည်။

၎င်းက “ အခုလွှတ်တော်ထဲမှာက ယူနီဖောင်းသာကွာတာ၊ စစ်သားနဲ့စစ်သားလူထွက်တွေပဲများနေတယ်။ အဲဒီ လွှတ်တော်ထဲက အများစုရဲ့ဆန္ဒက ပြည်သူအများစုရဲ့ဆန္ဒကို တကယ်ကိုယ်စားပြုနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ” ဟု ပြောသည်။

လက်ရှိပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်အများဆုံးရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဦးဌေးဦးကမူ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ရန်မလိုအပ်ကြောင်းပြောခဲ့သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ယခင်စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေတွင် စစ်တပ်ကို လုပ်ပိုင်ခွင့်အလွန်အကျွံပေးထားသည့် အားနည်းချက်များစွာရှိကြောင်း ဝေဖန်မှုများရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ တွင် “ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်” ဟု ပါရှိပြီး ဥပဒေပြင်ဆင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် ၅၈ ရာခိုင်နှုန်း၊ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ပြီး အခြားပါတီများမှ ကိုယ်စားလှယ် ၁၇ ရာခိုင်နှုန်းပါဝင်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျင်းပမည့် မဲဆန္ဒနယ်စုစုပေါင်းမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ရှစ်ရာခိုင်နှုန်းနီးပါးရှိသည်။

No comments:

Post a Comment